မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Saturday 23 February 2013

ဦးအောင်သန်း ( မန္တလေး ) အသိပေးခဲ့သော မြန်မာ့သမိုင်းကိုအထူးစိတ်ဝင်စားသူ အနောက်သား လူဖြူ ကျမ်းပြုအကျော်အမော်များ

ဒါက်တာထင်အောင်ရေးသားသော Burmese History before 1287 ; A defence of the Chronicles ကို ဦးအောင်သန်းမန္တလေး မှ ပုဂံမပျက်မီက မြန်မာ့သမိုင်း
- မြန်မာရာဇဝင်များဖက်မှချေပချက်ဟူသောဘာသာပြန်စာအုပ်မှ ဦးအောင်သန်းမန္တလေး၏ ဖြည့်စွက်မှတ်စုများထဲမှ ကောက်နှုတ်ချက်ဖြစ်ပါသည်။ မူရင်းစာရေးသူ အာဘော်မပျောက်စေပဲ ဖတ်၍အဆင်ပြေအောင် ပြုပြင်ထားသည်မှတပါး စာရေးသူ သုံးသပ်ချက်ပါဝင်ခြင်းမရှိပါ။ ဗဟုသုတ အတွက်သာဝေမျှပါသည်။ မြန်မာနိုင်ငံ သမိုင်းကို အနောက်တိုင်းသမိုင်းပညာရှင်တို့သည် ၊ ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင်ပို၍ စိတ်ဝင်စားလာကြသည်။မြန်မာနိုင်ငံသမိုင်းကို ၁၉၀၀ ခုနှစ်လောက်ကပင် လေ့လာလိုက်စားရေးသားသူများရှိသလို နှောင်းပိုင်းခေတ် ( စစ်ပြီးခေတ်) မှလေ့လာလိုက်စားသူများလည်း အများအပြားပင်ရှိသည်။ မြန်မာနိုင်ငံသမိုင်းကို ရေးရာ၌အချို့က ယဉ်ကျေးမှုသမိုင်း ၊ အချို့က အုပ်ချုပ်ရေးသမိုင်း ၊ အချို့က စီးပွားရေးသမိုင်း စသည်ဖြင့် အထူးပြုစိတ်ဝင်စားရာ ၊ ကျွမ်းကျင်ရာ ကဏ္ဍအလိုက် လေ့လာရေးသား ခဲ့ကြပေသည်။ အချက်အလက်တို့ကို အထောက်အထားများဖြင့် မှန်မှန်ကန်ကန် တင်ပြသူလည်းရှိသလို ၊ အထောက်အထားမဲ့ ပုံဖျက် ( သမိုင်းဖျက် )တင်ပြသူများလည်း ရှိပါသည်။ မြန်မာနိုင်ငံအကြောင်းရေးသားခဲ့သော ရှေ့ခေတ် နှောင်းခေတ်သမိုင်းဆရာများ များစွာရှိပါသည်။ ထိုအထဲမှ အစောဆုံး အဖြစ်ခရစ် သက္ကရာဇ် ၁၈၃၀ တွင် မဟာရာဇဝင်တော်ကြီး ဒုတိယတွဲ စာမျက်နှာ (၄၇၁၊၄၈၁) တို့တွင် ဘကြီးတော်မင်းလက်ထက် ပထမဦးဆုံးသော အင်္ဂလိပ်သံအရာရှိ အဖြစ်ရောက်ရှိလာသော ( Major Henry Burney) ဖြစ်သည်။၎င်းသည် အင်္ဂလိပ်- မြန်မာ စစ်ပွဲအပြီး ချုပ်ဆိုသော ရန္တပို စာချုပ်ပါ တစ်ပြည်နှင့် တစ်ပြည်လဲ လှယ်ရန်ဟူသော သဘောတူညီချက်အရ မြန်မာ့နေပြည်တော်သို့ ရောက်ရှိလာခြင်းလည်းဖြစ်သည်။ Mr.Burney သည် သမိုင်းသုတေသီ တစ်ဦးဖြစ်သည် အားလျော်စွာ မြန်မာနိုင်ငံ၌ တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း မြန်မာ့သမိုင်းရေးရာ မှတ်တမ်းများကို လေ့လာမှတ်တမ်းတင်ခဲ့သည်။ နှောင်းခေတ် ( ကိုလိုနီခေတ်) သမိုင်းဆရာများကို ဖော်ပြရလျှင် -D.G.E.Hall -G.H.Luce -J.S Furnivall -J.F. Candy -Morris Collins -G.E . Harvey -Deasai -Miss Dorothy Woodman -J.L. Christian -Donnison -J.R.Andrus - H . Tinker -Halen Trager and Frank Trager - Reginald le May စသည်တို့ဖြစ်ပါသည်။ ထိုနာမည်ကျော် သမိုင်းစာရေးဆရာများ အနက်မှ မြန်မာနိုင်ငံမှ အထူးလူသိများထင်ရှားသော ကမ္ဘာကျော် စာရေးဆရာကြီးများကတော့ -D.G.E.Hall -G.H.Luce -G.E . Harvey တို့ဖြစ်ပါသည်။ ပထမပုဂ္ဂိုလ်ဖြစ်သောD.G.E.Hall မှာရန်ကုန်တက္ကသိုလ်၌ သမိုင်းပါမောက္ခ အဖြစ်ကာလအတော်ကြာ အမှုထမ်းခဲ့ဖူးပါသည်။ Mr. Hall ရေးခဲ့သောစာအုပ်များမှာ - Burma ; Europe and Burma ; Early English Intercourse with Burma ,- 1587-1743 ; Michel Symes, Journal of his Second Embassy to Ava in 1802 ; Historians of South - East Asia ;A History of South - East Asia ; တို့ဖြစ်ပါသည်။ G.E.Harvey သည် အိန္ဒိယပဋိဥာဉ်ခံ ဝန်ထမ်း ( I C S ) တစ်ဦးအဖြစ် မြန်မာနိုင်ငံကို ၁၉၁၂ တွင် တာဝန်ထမ်းဆောင်ရန်ရောက်လာခဲ့ပြီး ၁၉၂၀ တွင် ကျန်းမာရေးကြောင့် အင်္ဂလန်သို့ပြန်သွားကာအောက်စ်ဖို တက္ကသိုလ်၌ တက်ရောက်ရင်း မြန်မာနိုင်ငံသမိုင်းစာအုပ်ကိုရေး သားပြီးစာပေဝိဇ္ဇာဘွဲ့ ( B. Litt )ကိုရရှိခဲ့သည်။ မြန်မာနိုင်ငံသို့ ၁၉၂၃ တွင်ပြန်လည် ရောက်ရှိလာပြီး ၁၉၄၂ အထိ မြန်မာ့သမိုင်းနှင့် မြန်မာ့တရားရေးကို ပို့ချသူ ကထိကအဖြစ် အမှုထမ်းခဲ့သည်။ Mr.Harvey ရေးသားခဲ့သော စာအုပ်များမှာ History of Burma ; Outline of Burmese History ; British rule in Burma 1924-1942 တို့ဖြစ်ပါသည်။ အဓိကအားဖြင့် Mr. Harvey ရေးသားခဲ့သော မြန်မာ့သမိုင်း စာအုပ်ကို ကိုလိုနီခေတ်က မြန်မာ့ကျောင်းသားများအတွက် ကျောင်းသုံးစာအုပ်အဖြစ်ပြဌာန်းခဲ့ခြင်းဖြစ်ပါသည်။ G.H.Luce သည်ကိုလိုနီခေတ် ၁၉၃၁ မှ ၁၉၅၇ ခုနှစ်အတွင်း မြန်မာ့သမိုင်း ကိုသုတေသနပြုရေးသားခဲ့သူဖြစ်ပါသည်။နိုင်ငံတကာ တက္ကသိုလ်များ သမိုင်း လောက၌လည်း Mr . Luce ၏ မြန်မာ့သမိုင်း အယူအဆအသစ်သည် ထိုအချိန်ကာလ၌ များစွာပြန့်ပွားနေရာရခဲ့သည်။ကမ္ဘာကျော်သမိုင်း ပညာရှင် ရန်ကုန်တက္ကသိုလ်သမိုင်းပါမောက္ခ ဖြစ်သောကြောင့် Mr . Luce ၏ မြန်မာ့သမိုင်းသစ်သည် မြန်မာ့သမိုင်းသင်ရိုးညွန်းတမ်းထဲသို့ နေရာယူနိုင်သည်မှာ မဆန်းပေ။ Old Burma Early Bagan ဆိုတဲ့စာမျက်နှာ နှစ်ထောင်ကျော်ရှိ သုတေသနစာအုပ်ကြီးအပြင် ၊ မှန်နန်းရာဇဝင်၊ပုဂံရွှေဂူကြီးကျောက်စာ၊ကဗျာစရိယ ဝိဝံသ ခေါ်မြန်မာစာဆိုတို့အကြောင်း၊ တကောင်းရာဇဝင်၊ ၁၆ ရာစုမှ ၁၉ ရာစုအထိမြန်မာနှင့် ယိုးဒယားစစ်ပွဲများအကြောင်း စသည်တို့ကို အင်္ဂလိပ်ဘာသာသို့ပြန်ဆိုခဲ့၍ မြန်မာ့အိမ်နီးချင်းမှတ်တမ်းများ ၊မြန်မာ တလိုင်းရာဇဝင်လေ့လာနှိုင်းယှဉ်ချက် ၊ပျူတို့အမည် ၊ပုဂံကျေးဇူး ၊မြန်မာတို့ဆုတောင်းခန်း ၊ခေတ်ဟောင်းပျူတို့အကြောင်း ၊ခေတ်ဦးမြန်မာ့စီးပွားရေး ၊ပုဂံခေတ်မွန်များ ၊မြန်မာဘာသာလေ့လာချက် (ရွှေဇံအောင်သို့ပေးစာ ) ပုဂံစေတီပုထိုးများအကြောင်း ၊မြန်မာနိုင်ငံအရည်းနှင့်မြောက်ပိုင်းဗုဒ္ဓဘာသာဆိုတဲ့ ပါမောက္ခ ဒူရွိုင်ဆယ်ရဲ့ဆောင်းပါးဝေဖန်ချက် ၊ပုဂံလူငယ်များအကြောင်းစသည်ဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်သော စာအုပ်များ ၊သုတေသန စာတမ်းပေါင်းမြောက်များစွာကို ရေးသားခဲ့သူဖြစ်သည်။ထိုသမိုင်းပညာရှင်ကြီးများရေးသားခဲ့သော စာအုပ်၊စာတမ်းများသည် အင်္ဂလိပ်ဘာသာနှင့် အင်္ဂလန်ပြည်တွင် ထုတ်ဝေခဲ့သောကြောင့် ကမ္ဘာ့သမိုင်းလောကတွင်ကား အလွန်အသုံးဝင်သော အကိုးအကားပြုစရာ ယုံကြည်အပ်ရာ အထိပေါက်ရောက်ပျံ့နှံ့ခဲ့လေသည်။ နောက်ပိုင်းသော အနောက်တိုင်း သမိုင်းရေးဆရာများသည် ၎င်းတို့ မှတ်တမ်းများကိုပင် အဓိကအကိုးအကားပြုခဲ့ကြလေသည်။အနောက်တိုင်း သမိုင်းဆရာကြီးများ သည်မြန်မာ့နိုင်ငံ ကိုချစ်မြတ်နိုးစိတ် အရင်းခံကာ အပင်ပမ်းခံ၍ ကိုယ်ရောစိတ်ပါနှစ်မြှုပ်ပြီး မြန်မာ့စာပေသမိုင်းကို အသွင်သစ်ရေးထိုး သွားသည်ဆိုတာကလည်း ငြင်းမရသည့် အချက်ပင်ဖြစ်သည်။ ဗြိတိသျှအစိုးရသည် လက်အောက်ခံ ကိုလိုနီနိုင်ငံ များတွင် ၎င်းတို့အပေါ် ဒေသခံများ၏ သစ္စာရှိမှု ထောက်ခံမှုနှင့် အထင်ကြီးမှု ကိုရယူလိုသည်။ ထို့ကြောင့် ၁၉၁၆ တွင် ကိုလိုနီနိုင်ငံတိုင်းတွင် အင်ပါယာ သစ္စာတော်ခံစိတ်ဓါတ်ပြန့်ပွား အောင်ဆောင်ရွက်ဖို့ နည်းလမ်းများ ရှာဖွေရန် ( Imperial Idea Comittee ) တနည်း မြန်မာလို အင်ပါယာသစ္စာတော်ခံအတွေးအခေါ် ကော်မတီ ဟုအဓိပ္ပါယ်ရှိသော ကော်မတီတရပ်ဖွဲ့စည်းခဲ့သည်။ထိုကော်မတီ လုပ်ငန်းအောင်မြင်ရန်အတွက် ပညာရေးကဏ္ဍသည်အထူး အရေးပါ ပေရာဗြိတိသျှသမိုင်းနှင့် မြန်မာ့သမိုင်းတို့ကို ပြုစုသင်ကြားပြီး သစ္စာတော်ခံ အတွေးအခေါ် ဝင်ရောက်သွားစေ ရန် ကြိုးပမ်းခဲ့လေသည်။ဤနေရာတွင် သမိုင်းဘာသာရပ်သည် လူမျိုးတစ်မျိုး၏ စိတ်ဓါတ်နှင့်အတွေးအခေါ်ကိုပုံသွင်းရာ၌ အထူးထိရောက်သောလက်နက်ပင်ဖြစ်ပေသည်။စိတ်ဓါတ်နှင့် အတွေးအခေါ် ကမောက်ကမဖြစ်ကာ နိမ့်ကျသွားအောင် ပုံသွင်း နိုင်သည်။ရင့်ကျက်မြင့်မားအောင်လည်း အထောက်အကူပြုနိုင် စွမ်းရှိသည်။ ဗြိတိသျှအာဏာပိုင်တို့သည် ဤလက်နက်ကို ၁၉၁၄ ခုနှစ်လောက်က စတင်၍ထိရောက်စွာ အသုံးပြုခဲ့သည်။ ကျောင်းသင်ရိုးညွှန်းတမ်းများရေးဆွဲရာတွင် မြန်မာ့ဇာတိသွေး ဇာတိမာန်ပပျောက်ရေးဘက်သို့ ဦးတည်လျက်ရေးသားစေခဲ့သည်။ ဤမျှစီမံကိန်းချ၍ ဆောင်ရွက်မှုကို ပေါ့ပေါ့တန်တန် မတွေးသင့်မယူသင့်ပေ ။ ကိုလိုနီခေတ်၌ ပညာတတ် မြောက်ခဲ့သူလူကြီးပိုင်းများ ၊ အဖျား မနားမီရုံပညာသင်ကြားခဲ့သော လူလတ်ပိုင်းများမှာ ဗြိတိသျှတို့ အာဘော်ကောင်းကောင်းမိနေသူလူအများစုဖြစ်နေသည်။မြန်မာနိုင်ငံ၏ သမိုင်းဆိုင်ရာ အယူအဆများကိုလည်း ကမောက်ကမမွှေနှောက်ထားမှုများကြောင့်လည်း ယနေ့ထက်တိုင်တိုင်းရင်းသားသမိုင်းပညာရှင် သမိုင်းပညာရှင် အချင်းချင်း ၊ သမိုင်းသုတေသီ အချင်းချင်း မျက်နှာချင်းဆိုင်၍မရသောအဖြစ်မျိုး ပေါ်ပေါက်နေခြင်းပင်ဖြစ်သည်။ ထို့ပြင်အတူနေ တိုင်းရင်းသား များအချင်းချင်းကြား၌ မပြောပလောက်သော မပြေလည်မှုလေးများ ရှိခဲ့ဖူးသည်ကို ရှာကြံ၍ပုံကြီးချဲ့ကာ သွေးခွဲပစ်ခြင်း တို့မှာ နယ်ချဲ့အလိုတော်ရိ ( ပညာရှင် ) အမည်ခံ သမိုင်းဆရာများ၏ ပညာသားပါသော လုပ်ရပ်ပင်ဖြစ်ကြောင်း သမိုင်းပညာရှင်ပေါက်စမှသည် သမိုင်းဆိုလျှင်ငါဘုရင် ဆိုသောသူများအထိပါမှတ်သားသင့်ပါကြောင်း ဆရာကြီး ဦးအောင်သန်း မန္တလေး မှ အသိပေးတိုက်တွန်းထားပါသည်။ ဓါတ်ပုံမှတ်ချက်။ ။ ဒေါက်တာထင်အောင်ရေးသားသော Burmese History before 1287 ; A defence of the Chronicles ကို ဦးအောင်သန်းမန္တလေး မှ ပုဂံမပျက်မီက မြန်မာ့သမိုင်း - မြန်မာရာဇဝင်များဖက်မှချေပချက် ဟူသောစာအုပ်၏ မျက်နှာဖုံးပုံဖြစ်ပါသည်။ ပန်းချီဆရာကြီးဦးပေါ်ဦးသက်မှ စာအုပ်ဖုံးဒီဇိုင်းဆွဲပေးထားပြီး အဖြူရောင်အောက်ခံတွင် ခဲရောင်ဖြင့် ကနုတ်ပန်းချီရေးဆွဲဟန်နှင့် ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော် ကိုသရုပ်ဖော်ထားပါသည်။ မည်သူ့အလိုဆန္ဒလဲ တော့မသိရပါ။ ရှေ့ဖုံးတွင်အပေါ်ပိုင်းမှလွဲ၍လေးပုံသုံးပုံ ကိုအပြည့်ဆွဲထားပြီး နောက်ဖုံးကိုတော့ ဘေးဘက်တွင်တဝက်ခန့်ကို ဒေါင်လိုက်မာတိကာရေးရန် ချန်ထားပြီး အနိမ့် အမြင့် ရေလှိုင်းသဏ္ဍာန်သရုပ်ဖော်ဟန်မှာ ထူးခြားလှပါသည်။ စာရေးသူအထင် ဤစာအုပ်ပါအကြောင်းအရာ တစ်ခုခုကို ကိုယ်စားပြုထားသည်ဧကန်ဖြစ်ပါမည်။ ဘုရားဟောခဲ့သည်မှာ အမှန်ဖြစ်ပါသည်။ ကျမ်းဂန်များတွင်လည်း မှတ်တမ်းတင်ထားပါသည်။ သို့သော်အထောက်အထားမည်သို့ရှာရမည်လည်း ။ ကာလ ဟူသည်ပြဿနာဖြစ်နေပါသည်။ကာလအပိုင်းအခြားနောက်သူများဆွယ်ရာလိုက်မည်လော၊ မိမိတို့သမိုင်း မိမိတို့ရှာဖွေမည်လော၊ အမှန်တရားဆိုတာက မြေပေါ်တွင်ရှိသည်၊ တိုက်ဆိုင်ဖော်ထုတ်ဖို့ဆိုတာက မိမိတို့တာဝန်ဖြစ်သည်ဟု ပြောထားသလားထင်မိပါသည်။ ၁၉၇၃ခုနှစ်တွင် ဦးချစ်မြိုင်၏ ကဝိရတနာပုံနှိပ်တိုက်မှ ပုံနှိပ်၍ ဒေါ်သိန်း ( သူရဿတီ ) စာပေတိုက်မှ ထုတ်ဝေထားပါသည်။ အုပ်ရေ-၃၀၀၀ ဘလောက် - ဘသစ်အင်ဆန်း အဖုံးရိုက်- သဇင် တန်ဖိုး - ၅ ကျပ် ဟူ၍ ထိုခေတ်မှ စာအုပ် ထုတ်ဝေရေးလောက အကြောင်းလည်းသိရှိရပါသည်။ စာရေးသူ၏ အမဝမ်းကွဲမှ ပန်းဆိုးတန်းစာအုပ် အဟောင်းတန်းတွင် နေပူပူထဲ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် အပင်ပမ်းခံရှာနေရာမှ မထင်ပဲရလာသော စာအုပ်ဖြစ်၍ အဖိုးမည်မျှပေးရသည်ဖြစ်စေ မည်မျှဟောင်းနွမ်းနေသည်ဖြစ်စေ ၊ရှားပါး၍ တန်ဖိုးရှိအကြောင်းအရာများ ပါဝင်နေသောကြောင့် စာရေးသူအင်မတန် တန်ဖိုးထားရပါသည်။ သျှင် လေညင်း (၂၁၊၂၊၂၀၁၃)

AddThis