မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Saturday 23 February 2013

ရွှေနန်းဆီသို့(၁)

( ဂ ) ရာဇဝင်တိုက်ပွဲ G . H . Luse ၏ တိဘက်- မြန်မာ ( ချိယန် ၊ မန် ) တို့ ဆင်းလာသည့်လမ်းကြောင်း အပေါ် မြန်မာ့သမိုင်း သုတေသီတို့၏ သုံးသပ်မှုများ ။ တရုတ်ပြည်၏ အနောက်ဖက်မှ စီးဆင်းနေသော မြစ်ဝါမြစ် ဖျားပိုင်းတွင် တောင်ဖက်မှစီးဝင်သော ထောင် မြစ်လက်တက်၏ မြစ်ဝှမ်း တွင် ရှေးကျောက် ခေတ်သစ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော ရှေးလူသားတို့၏ ရုပ်ကြွင်း များနှင့် ယဉ် ကျေးမှု အထောက်အထား များစွာကို သုတေသန သမိုင်းပညာရှင်တို့ တူးဖော်တွေ့ရှိခဲ့ကြသည်။ ဘီစီ ၂၀၀၀(ဝါ) လွန်ခဲ့သော နှစ်ပေါင်း လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ ကျော်ထိသက်တမ်း ရှိနေပြီ ဖြစ်သည်။ ပညာရှင်တို့၏ ကောက်ချက် အရ ဘီစီ ၃၀၀၀ ခန့်ကပင် ယင်း ထောင်မြစ်ဝှမ်း ၌ ရှေးဦး တရုတ်လူတို့နှင့်မတူပဲ သီးခြား ယဉ်ကျေး မှု အစဉ်အလာ ရှိသော လူမျိုးစု ဖြစ်ကြောင်း ကိုလည်းလေ့လာသိရှိ အတည်ပြုခဲ့ကြသည်။တရုတ်တို့ သည် မြစ်ဝါ မြစ်ကွေ့ကြီးသို့ အရှေ့ ဖက်အောက်ထောင့်တွင် စီး ဝင်သော ဝေမြစ်ဝှမ်း မှ အနောက်ဖက်သို့ တဖြည်းဖြည်း နယ်မြေ ချဲ့ လာကြ သောအခါ ထောင်မြစ်ဝှမ်း ရှိ ချိယန် လူမျိုးစု ကို ထိပါးလာကြချေ၏။
တရုတ်တို့၏ ရှေးဟောင်း ရာဇဝင်မှတ်တမ်းတွင် ချိယန်- မာန်တို့အား ခရစ်တော်မပေါ်မီနှစ် ဘီစီ ၁၃၂၄- ၁၂၆၅ အတွင်း၌ အကြီးအကျယ်သွားရောက်နှိမ်နင်း ရကြောင်း ဖော်ပြပါရှိသည် ။ဤသို့ ဖြင့် ချိယန်၊ မန် တို့မှာ ဘီစီ ၃၀၀ ထိတိုင်အောင် တရုတ် တို့မှနှိပ်စက်၍ အနောက်ဖက် သို့ တဖြေးဖြေး ရွှေ့ပြောင်းလာကြပြီး အချို့ ချိယန်တို့မှာ တောင်ဖက်သို့ ပြောင်းရွှေ့ရာမှ တိဘက် ကုန်းမြင့်သို့ လည်းကောင်း အနောက်ဖက်သို့ ပြောင်းရွှေ့ရာမှမြန်မာ နိုင်ငံ မြောက်ဖက် အစွန်လောက်သို့ ရောက်သောအခါ ယခု မြန်မာ နှင့် တိဘက် နယ်နိမိတ် စပ်ကြားလောက်မှ အနောက်ဖက် ကိုလမ်းခွဲကာ ဗြဟ္မာပုတ္တမြစ်၏ မြစ်လက်တက်ဖြစ်သော လူဟစ်မြစ်ကြောင်း ထိုမှ သံလွင်မြစ်ကြောင်းအတိုင်းသို့ လိုက်ခဲ့ ကြသည်ဆို၏။မြန်မာတို့သည် ယူနန်နယ် တောင်ပိုင်းမှ ဤလမ်းအတိုင်းဆင်းလာကြကာ ရှမ်းပြည်မြောက်ပိုင်း ထိုမှတဆင့် ရှမ်းပြည်တောင်ပိုင်းသို့ ဖြတ်လာကြကာ ရွာငံသို့ရောက်သော် နတ်တောင်ထိပ်ဖျားမှမြင်းများနှင့် ဆင်းသက်လာပြီးလျှင် ကျောက်ဆည်လွင်ပြင်ကို တိုက်ခိုက်သိမ်းပိုက်၍ စိုက်ပျိုးနေထိုင်ပြီး လူဦးရေ ပိုလျှံသောအခါ တစ်နိုင်ငံလုံးသို့ ယပ်တောင်သဖွယ် ဖြန့်ကျက် နေထိုင်သူများဟု ဖော်ပြထားသည်ကို လေ့လာမိပါသည်။ထို့ပြင် ဖြစ်နိုင်ချေအရှိဆုံး လမ်းကြောင်းဖြစ်သော ဧရာဝတီမြစ်ကြီး၏ မြစ်ဖျားနှင့် မြစ်လက်တက်များဖြစ်သောမေခ မြစ် ၊ တပိန်မြစ်နှင့် ၊ ရွှေလီမြစ် ကြောင်းများအလိုက် မြန်မာနိုင်ငံအတွင်းသို့ ဧရာဝတီမြစ်ကြောင်းများအတိုင်း မြန်မာတို့မလိုက်ခဲ့ကြခြင်းမှာ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ဆုံရာ ဒေသတဝိုက်တွင် ရှိသော တကောင်းတွင် တန်ခိုးကြီးလျက်ရှိသော ကဒူး တို့ကိုမယှဉ် သာ၍ဖြစ်သည် ဟု တွက်ချက်ပြထားပါသည်။ထို့ပြင် နန်စောတို့ လိုက်လံတိုက်ခိုက်၍ ၎င်းအတည်ပြုထားသော လမ်းကြောင်းအတိုင်း နတ်တောင်ထိပ်မှ မြင်းများနှင့် အပြင်းဆင်းလာကြပြီးလျှင် ထိုတောင်ခြေတဝိုက်တရှိ ကျောက်ဆည် ဒေသသို့ ဝင်ရောက်စီးနင်း၏ဟုလည်း ဆိုထားပြန်ပါသည်။နန်စောတို့ မှာကား ရာသီဥတု ပူပြင်း၍ လိုက်လံမတိုက်ခိုက်သာဟု ဆိုထားပြန်သည်။ ပထမ - မြန်မာတို့သည် မိမိတို့၏ ဇာတိချက်ကြွေ ဒေသမှ အနှစ် တစ်ထောင့်သုံးရာ ခန့်ကစတင်ထွက်ခွာလာသည်ဟုသောယူဆချက်နှင့် ယှဉ်ပြိုင်တိုက်ဆိုင်စဉ်းစားသော် ၊ တကယ်ဟုတ်မဟုတ် ဆုံးဖြတ်ရန်မှတပါး မဖြစ်နိုင်စရာတော့မရှိဟူ သောဖက်မှ သုံးသပ် ကြည့်လျှင် (၁) မြန်မာတို့၏ ဇာတိချက်ကြွေဒေသမှာ ကျောက်ဆည် ဒေသနှင့် မိုင်ပေါင်း ၁၀၀၀ ခန့်သာကွာဝေး၍ ထို မိုင်ပေါင်း ၁၀၀၀ ခရီးကို နှစ်ပေါင်း ဤမျှ လောက်ကြာရှည်စွာ အချိန်ယူ ရနိုင် လောက်စရာ အကြောင်းမရှိပါ။ (၂) လူမျိုးစုများ တစ်နေရာမှ အခြားတစ်နေရာသို့ ပြောင်းရွှေ့သွားရောက်နေထိုင်ရာ၌ ၊ အစာရေစာပေါများသော အရပ်တို့ကို ဖြတ်သန်းသွားရလျှင် ( သို့မဟုတ် ) အခြားတန်ခိုးကြီး လူမျိုးတို့ က လမ်းတွင်အနှောက်အယှက်ပေးနေ လျှင် နှောင့်နှေးကြန့်ကြာတတ်၍ ၊ ထိုသို့ မဟုတ် ၊ မိမိတို့လိုရာသို့ တန်းတန်းမတ်မတ်သွားရလျှင် လျှင်မြန်စွာ ပေါက်ရောက်တတ်သည်။ (၃) မြန်မာတို့၏ ဆင်းသက်ရာလမ်းမှာ ဇီချူအန် နှင့် ယူနန်နယ် အနောက်ပိုင်းရှိ အများအားဖြင့် တောင်မြောက်သွယ်တန်းနေတတ်သော တောင်တန်းကြီးများနှင့် ထိုတောက်တန်းကြီးများ၏ စပ်ကြား ၊ ကျဉ်းမြောင်းသော လျှိုမြောင်ကြီးများအတွင်း စီးဆင်းနေသော မြစ်စဉ်ကျောများဖြစ်ကြသဖြင့် ယင်းတို့အဖို့အထူးနှောင့်နှေး ကြံ့ကြာနေရန် အကြောင်းမရှိဟုဆိုရာ၏။ (၄) တဖန်ထိုစဉ်ကာလ၌ မြန်မာပြည်မြောက်ပ်ုင်းကို ဖြတ်သန်းပြီး အိန္ဒိယမြောက်ပိုင်းနှင့် တရုတ်ပြည်အနောက်ပိုင်းသွား လမ်းကြောင်းကြီး ရှိသည်ဟူ၍လည်း တရုတ်တို့မှတ်တမ်း တွင်တွေ့ရကာ ဤလမ်း မှလည်း ဝင်ရောက်လာနိုင်သည် မဟုတ်ပါလော။ (၅) ထို့ပြင် ရှေးက အယူအတိုင်းဆိုလျှင် ထိုချိယန်၊ မန် တို့၏အနွယ်တူ လူမျိုးစု များဖြစ်သော မရု ၊ လိစု ၊ မုဆိုး ၊အဇီ ၊ လရှီ၊ နှင်း စသော တိဗက် - မြန်မာ အနွယ်ဝင်တို့သည် ချိယန်- မန် တို့ထက်အလျှင် ဧရာဝတီမြစ်ကြီး၏ မြစ်ဖျားနှင့် မြစ်လက်တက်များဖြစ်သောမေခ မြစ် ၊ တပိန်မြစ်နှင့် ၊ ရွှေလီမြစ် ကြောင်းများအလိုက် မြန်မာနိုင်ငံအတွင်းသို့ ဆင်းသက်ဝင်ရောက်လာကြမည်ဆိုလျှင် မြန်မာတို့သည်လည်း ထိုလမ်းရိုးကိုသာ မသွေမတိမ်း လိုက်မည် ဖြစ်ပေသည်။ဤမြစ်သုံးသွယ်အနက်မှ တပိန်မြစ်ကြောင်းသည် ယူနန်နယ် အနောက်ပိုင်းတောင်တန်းဒေသမှ မြန်မာနိုင်ငံအတွင်းသို့ အနီးဆုံးနှင့် အလွယ်ကူဆုံးပေါက်မြောက်နိုင်ရာ မြစ်ရေကြောင်းလမ်း ဖြစ်သည်။မြန်မာ ရာဇဝင်တစ်လျောက်လုံး တွင် မြန်မာတို့ကို အများဆုံး ဒုက္ခပေးခဲ့သည့် တရုတ်တရက် သူပုန်သူကန်တို့ ထိုတာပိန်မြစ်ကြောင်းအတိုင်းပင် ဆင်းသက်လာခဲ့၏။ ထို့ကြောင့် တရုတ်တို့ စတင်ဖျက်ဆီးသည့်အချိန်မှ ကျောက်ဆည်သို့ ရောက်ရှိချိန်အထိ မည်သည့်ကြောင့် နှစ်ပေါင်း နှစ်ထောင်ကျော်ကြာအောင်အချိန်ယူခဲ့ကြပါသနည်း။ ဒုတိယ တကောင်းသည် မြန်မာ့ နေပြည်မဟုတ် ကဒူးနေပြည်သာဖြစ်သည်။ ဧရာဝတီမြစ်ကြောင်း အတိုင်းမြန်မာတို့ မဆင်းသက်လာခြင်းမှာ တကောင်း မြို့တွင် ကဒူးတို့ ဆီးခံ နေ၍ဖြစ်သည်ဆိုသော ကောက်ချက်သည် ယုတ္တိ မတန်လှပေ။ (၁) ကဒူး တို့မှာ မြန်မာနိုင်ငံ မြောက်ဖက်ပိုင်းတွင်နေထိုင်သော အလွန်ရှေးကျသည့် လူမျိုးစု ဖြစ်သည်။ (၂) ပုဂံခေတ်ကျောက်စာများက ကဒူး လူမျိုးစုကို ကျွန်များ၊ အလုပ်သမားများအဖြစ်၎င်း၊ မြေရောင်းစားသူများ အဖြစ်၎င်း ဖော်ပြထားသည်။ ကိုယ့်ထီးကိုယ့်နန်း နှင့် အင်အားကောင်းကောင်း စည်းစည်း လုံးလုံး နေထိုင်ကြသူများဟု အရိပ်အမွက်ပင်ဖော်ပြမထားချေ။ (၃) အကယ်၍ ကဒူး လူမျိုးများသည် အင်အားကြီးမားပြီး ဧရာဝတီ မြစ်ကြောင်းအတိုင်းဆင်းလာခဲ့သောမြန်မာတို့ကိုပိတ်ဆီးထားနိုင်ပါသော် နန်စောတို့ ဝင်ရောက်တိုက်ခိုက်မှုကြောင့် ပျက်စီး၍ ဖရိုဖရဲဖြစ်နေသော ပျူတို့ကို အဘယ့်ကြောင့် ဦးဆောင်မှုမယူခဲ့သနည်း။ မြန်မာတို့ကိုပိတ်ဆီးနိုင်လောက်အောင်အင်အားကြီးမားသောသူတို့က ပျူတို့နေရာကိုဝင်ရောက်နေထိုင်ခြင်းမရှိပဲ ၎င်းတို့ထက် အင်အားနည်းပါးသော မြန်မာတို့က ဤနေရာသို့ ဝင်ရောက်အုပ်စိုးမှုကိုပြုခဲ့ပါသလဲ ။ (၄) ထို့ပြင် Mr. Luce ကပျူ၊ ကဒူး၊ သက်၊ ချင်း၊ စသည်တို့သည် လည်းတိဘက်-မြန်မာ အနွယ်ဝင်များသာဖြစ်၍ ယူနန်နယ်မှ မြန်မာတို့ထက်စောစီးစွာထွက်လာ၍ အခြေချ နေထိုင်နှင့်ပြီးသူတို့ဆိုလျှင် နန်စောတို့ကို ကြောက်၍ပြေးလာသောသူများသည် နန်စောတို့၏ ပိုင်နက်ဖြစ်သည့် ၎င်းတို့တိုက်ခိုက်သိမ်းယူထားသော ပျူတို့၏နေရာကို အဘယ့်ကြောင့်ဝင်နေရပါသနည်း။ သွေးသား ရင်းဖြစ်သည့် ကဒူးတို့ထံ ခိုဝင်သည်မှာပိုသင့်တော်ပါသည်မဟုတ်ပါလား။ (၅) ခေတ်ပြိုင် ကျောက်စာ တစ်ခုတွင် ၁၂၈၈ ခုတွင် နန်းတောင်များမင်းက တပ်မှုးတစ်ဦးအား တကောင်းစစ်တွင် သူရသတ္တိရှိရှိနှင့် တိုက်ခိုက် အမှုထမ်းခဲ့သည့် အတွက် ဆုချီးမြှင့်ခဲ့ကြောင်း ပါရှိသဖြင့် တကောင်းနေ ကဒူးတို့အင်အား ကြီးသည်ဟုမဆိုသာပါ။ အကြောင်းမှာ ထိုခုနှစ်သည် ထိုင်းရှမ်းတို့ အာသံနယ် သို့ကူးကာ အဟုန်ပြည် တည်ထောင်သော ခုနှစ်ပင်ဖြစ်သည်။တာတာ ခေါ် တရုတ်တရက်တပ်များ မရှိသည့် နောက်အင်ဒိုချိုင်းနား ကျွန်းဆွယ်ကိုပင် ပိုင်စိုးနိုင်ခဲ့အောင် အင်အားကြီးသည့် ထိုင်းရှမ်းတို့သည် အာသံဖက်သို့မကူးမီ ကြားနယ်မြေရှိ မြန်မာတို့ကို ဝင်ရောက်တိုက်ခိုက်ကြမည်မှာမလွဲပေ။ ထို့ကြောင့် နတောင်းများမင်းက ဆုချီးမြှင့်သည်ဆိုကတည်းက ထိုင်းရှမ်းတို့သည် တကောင်းကိုပစ်မှတ်ထားခြင်းမဟုတ် တိုက်ခိုက်ရန်မရည်ရွယ်ပါ ။ ပုဂံကိုသာ တိုက်ခိုက်ရန် ရည်ရွယ်သည်မှာသိသာလှပါသည်။ တကောင်းစစ်သည် ထိုင်းရှမ်းတို့၏ ကျူးကျော်စစ်ကို ရည်ညွှန်း ခြင်းမျှသာဖြစ်သည်။စစ်ဖြစ်သည်မှာ တကောင်းအနီးတွင်ဖြစ်သည်။ တကောင်း ပြည် ၊တကောင်း လူမျိုးတို့ကို ဝင်ရောက်တိုက်ခိုက်ခြင်း မဟုတ်ပေ။ ထို့ကြောင့် တကောင်းနေ ကဒူးတို့မှာ ခေတ်ပြိုင် ဆန့်ကျင်ဖက် မင်းများက အသိအမှတ်ပြုရလောက်အောင် အင်အားကြီးမားခြင်းလည်းမရှိ မည်သည့်အခါကမှလည်း ဝင်ရောက်ဖျက်ဆီး ရန်ပစ်မှတ်မထားခဲ့ကြောင်းထင်ရှား လှပါသည်။ တတိယ နတ်တောင်ထိပ်မှ မြင်းများနှင့် အပြင်းဆင်းလာကြပြီးလျှင် ထိုတောင်ခြေတဝိုက်တရှိ ကျောက်ဆည် ဒေသသို့ ဝင်ရောက်စီးနင်း၏ဟူသောအဆိုကို ဖြစ်နိုင်မဖြစ်နိုင်သုံးသပ်ကြည့်သော် နတ်တောင်သည် ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်ရှိ ရွာငံမြို့နယ် နပန်းကြီးရွာ တွင်တည်ရှိသည်။ (၁) ရွာငံမှ ကျောက်ဆည်ဘက်သို့အလွယ်ဆင်းနိုင်သည့်လမ်းမှာ မြို့ကြီဒေါင်းမီး လမ်းဖြစ်သည်။ ယခုအချိန်ကားများ သွားလာနိုင်သည်။ (၂) နပန်းကြီးရွာမှ နှစ်မိုင်ခန့်ထွက်မိသော် အဆင်းလမ်းကိုစတင် တွေ့ရသည်။ ပြေပစ်သောအဆင်းများမဟုတ် မက်စောက်၍ အင်မတန် သတိထားဆင်းရသည်။ မြင်းနှင့်ဆင်းဖို့ မဆိုထားနှင့် လူချည်းပင်ခက်ခဲစွာဆင်းနေရသည်။ (၃) နန်စောတို့ကို ကြောက်လန့်၍လှည့်ကြည့်ယင်း မလုံ့တလုံ ဝတ်စားထားသော မြင်းစီးဆင်းလာပုံ၊ ထို့နောက် လိုရာ ခရီးသို့ ဆိုက်ရောက်ပြီးသောအခါ အာဒံဒယဇ်ပူဇော်ပွဲကြီး၌ မိမိတို့မြင်းများ လဲကျသေဆုံး သည်ထိခုန်ခိုင်းပြီးယဇ်ပူဇော်ပုံ ကိုထပ်မံဖော်ပြထားပြန်ရာ မြန်မာတို့အနေနှင့် ဒေသခရီးကို လူမျိုးများပေါင်းစုံ ဓလေ့များ ပေါင်းစုံကို နောက်လိုက်အနေနှင့် လည်းကောင်း ခေါင်းဆောင်အနေနှင့်လည်းကောင်း လေ့လာဆည်းပူးခဲ့ရသည် မှန်သော်လည်း ဤကဲ့သို့ အာဒံဒယဇ်ပူဇော်ပွဲမှာ အိန္ဒိယတွင် ဝေဒခေတ် ကရှိခဲ့ဖူးပြီး သော်လည်း အရှေ့တောင်အာရှတွင်ကား မရှိပေ။ (၄ ) ထို့နောက် Mr.Luce က မြင်းခုန်တိုင်ဟူသောဝေါဟာရကို မြင်းခုန်သည့်တိုင် ( မြင်းချည်သည့်တိုင် )ဟုအဓိပ္ပါယ်ဖွင့်သည်။ ဤသို့ အဓိပ္ပါယ်ရှိသော ရွာသည် တစ်ရွာတည်းသာရှိသော်လည်း မြန်မာတို့က မြင်းအကြောင်းလွန်စွာသိနားလည်လျက် မြင်းစီးအတတ်ကိုလည်း လွန်စွာမှ ကျွမ်းကျင်ကာ မြင်းသွက်မြင်းလျင်များဖြင့် ကျောက်ဆည်ကို ဝင်ရောက်ခဲ့သည်ဟူ၏။သို့ရာတွင် မြန်မာရာဇဝင်အထောက်အထား များအရမူကား ငဆောင်ချမ်း မွန်ဂို- မြန်မာ တိုက်ပွဲတွင် မြန်မာတို့သည် ဆင်တပ်ဖြင့် မွန်ဂိုတို့ကို ခုခံတိုက်ခိုက်ခဲ့ကြသည်။ ဟံသာဝတီ ဧကရာဇ်နိုင်ငံတော်ခေတ် တပင်ရွှေထီး ၊ ဘုရင့်နောင်တို့၏ တပ်မတော်တွင် ဆင်တပ် သည်အင်အားအကြီးဆုံးဖြစ်သည်။ထို့ပြင် ရာဇဝင်ကြီး တို့က မြန်မာတို့ကား ဆင်ကိုကျွမ်း၍ ရှမ်းတို့ကား မြင်းကိုကျွမ်းကာ မွန်တို့ကား လှေကိုကျွမ်းသည် ဟုအဆိုရှိသည်။ (၅) နန်စောသည် တရုတ်ဖြစ်သည် တရုတ်ဖြစ်ပြီးအပူဒဏ်မခံနိုင်သော သူများဖြစ်သည်ဟု Mr.Luce ကဆိုထားပါသည်။ထို အပူဒဏ် မခံနိုင်သော နန်စောတို့က ချောက်သွေ့သော ဒေသရှိ ပျူနိုင်ငံကြီးကိုလည်းကောင်း ၊ မွန်တို့ ဌာနေဟု Mr.Luce အသိအမှတ်ပြုထားသော မိချဲန် နိုင်ငံကြီးကိုလည်းကောင်း လာရောက်တိုက်ခိုက်ဖျက်ဆီး သွားသည် ဟု Mr. Luce ပင် ဆိုထားပြန်ပါသည်။ ထိုသို့ဆိုလျှင် ပျူ နှင့် မွန်ကိုလာရောက်ဖျက်ဆီးသော နန်စောတို့ကား အပူဒဏ်ခံနိုင်ပြီး ၊ မြန်မာတို့ပြေးလာရာနောက်လိုက်လံ တိုက်ခိုက်သော နန်စောတို့က အပူဒဏ် မခံနိုင်သည့်သဘော သက်ရောက်နေပြန်သည် ။ နန်စော လူမျိုး နှစ်မျိုးပင်ဖြစ်နေသည်။ တိဘက်-မြန်မာ( ချိယန်- မာန်) ကား ယူနန်တောင်ပိုင်းသား ပင်ဖြစ်ပေသည်မဟုတ်ပါလား။ဒေသခံခြင်း အတူတူ နန်စောတို့က အပူဒဏ်ခံနိုင်ခြင်းမရှိ တိဘက်မြန်မာ များကား အပူဒဏ်ခံနိုင်သည် ဆိုတော့ ဖြစ်နိုင်ဖွယ်မရှိပေ။ ထို့ကြောင့် နတ်တောင်ပေါ်မှ မြင်းများနှင့်ဆင်းလာသည်ဟုဆိုခြင်းမှာ လက်တွေ့ကိုယ်တိုင်သွားရောက် လေ့လာခြင်းမရှိပဲ ထင်လုံးသက်သက်ဖြင့် မှန်းဆပြောနေခြင်းသာဖြစ်ကြောင်းတွေ့ ရသည်။ စာရေးသူအမြင်။ ။ ယခု ဆောင်းပါး၏ ယခင်ကတင်ခဲ့သော G . H . Luse ၏ Old Kyauk-se and Coming of Burma မြန်မာအစကျောက်ဆည်ကစာတမ်း၏လိုအပ်ချက်ရှိနေသေး သော အကိုးအကားများ ဟူသောဆောင်းပါးတွင် Mr.Luce ၏ အကိုးအကားလွဲမှားခြင်း ၊အကိုးအကား တစ်ခုတည်းမှ လိုအပ်ရာကို သာအသုံးပြုထားခြင်း ၊စာတမ်းတွင် အတွေးအထင် များကို အထောက်အထားများနှင့် အတင်း ဆက်စပ် ထည့်သွင်းထားခြင်း စသည်ဖြင့် ဖတ်မှတ်လေ့လာမိထားသမျှမှ ၊ စာဖတ်သူတို့အဆင်ပြေစေရန်အလို့ငှာ အကြောင်းအရာတူရာများ စုစည်းဖော်ပြထားပါသည်။ ယခု ဆောင်းပါးတွင်တော့ အထောက်အထားနှင့် ဆက်စပ် ပုံဖော်ယူပုံကို ဗဟုသုတဖြစ်ဖွယ်တင်ပြထား၍ Mr.Luce ၏ အထောက်အထား နှင့် ဆက်စပ်ပုံဖော်ရာတွင်လွဲမှားနေခြင်းအချို့ကို မြန်မာသုတေသီ တို့မှ အချက်အလက် စုံလင်စွာ ပြန်လည်ချေပထားသည်ကို စုစည်း တင်ပြထားပါသည်။ကမ္ဘာ့အဆင့် သမိုင်းသုတေသန ပညာရှင်ကြီးအနေဖြင့် အစပထမဦးစွာ ကောက်ချက်ချ ထားမိသည့် အမှားကို ခိုင်မာအောင်ပြုလုပ်ယင်း နောက်ထပ် အမှားပေါင်းများစွာ ထပ်မံကျူးလွန် မိပုံကို ရင်နာဖွယ်တွေ့မြင်ရပါသည်။မြန်မာ့သုတေသီများဖက်မှလည်း ဤ အယူအဆကို အထောက်အထားနှင့်အကွ ဆက်စပ်ဖြေရှင်းရန် ဆယ်စုနှစ်ပေါင်းများစွာ အပင်ပမ်းခံ၍ ကြိုးပမ်းနေရမှုကြောင့် မြန်မာ့ သမိုင်းသုတေသီလောကသည် ဤ အချိန်များအတွင်း တိုးတက်သင့်သလောက်မတိုးတက်နိုင်တော့ပေ။ လက်ငင်း ဖြစ်ရပ်တစ်ခုပေါ်ပေါက်လာသည်ဆိုလျှင် ထိုဖြစ်ရပ်ပေါ်ပေါက်လာသည့် အမှန်တရားက သီးသန့်ရှိပြီးသားဖြစ်သည်။ ထိုဖြစ်ရပ်ကို မျက်မြင်ဒိဌိ ကြုံတွေ့ခဲ့ရသူက အမှန်တရားကိုမုချသိပေမည်။ သို့သော် ကိုယ်တိုင်မကြုံတွေ့လိုက်ပါက တဆင့်ပြန်လည်ကြားသိရသည်ဆိုပါက ထိုဖြစ်ရပ်၏ အမှန်တရားနှင့်နီးစပ်ရန်မလွယ်ကူတော့ပေ။ အကြောင်းမှာ တဆင့်ပြန်လည်ပြောပြသူ၏ အမြင်ရောပါလာ၍လည်းကောင်း ၊ မိမိကိုယ်၌က ထိုဖြစ်ရပ်အပေါ် ကနဦးအမြင် ရှိနှင့်ထားပြီးဖြစ်၍သော်လည်းကောင်း မိမိ အတွေးဆန္ဒနှင့် ကိုက်ညီအောင်ပြုပြင် စေလို၍လည်းကောင်း အမှန်တရားဖြစ် ရပ်မှာ ရာနှုန်းပြည့် မှန်ကန်ရန်မလွယ်ကူတော့ပါ။ ဒါတောင်မိမိ လက်ရှိနေထိုင်ရာ ကာလများအတွင်းမှ အဖြစ်အပျက်များပင် ရှိသေးသည်။ ဟိုးရှေးရှေးပဝေသဏီမှ မိမိကြုံတွေ့ရန်မဆိုထားနှင့် မိမိ၏ ဘိုး၊ဘွားတို့ပင် ကြုံတွေ့ရန်အခွင့်အရေးမရခဲ့လောက်နိုင်သော ကိစ္စရပ်များသည် ဖြစ်ပျက်ခဲ့သည်မှာ နှစ်ပေါင်းထောင်ချီပင်ရှိခဲ့ပြီ ဖြစ်၍ ထိုအတိတ်ခြေရာများကိုပြန်လည်ကောက်ယူချင်ပါက စေ့စပ်စွာ၊ သေချာစွာ၊တိကျစွာ၊ အချိန်ယူလေ့လာရမည်ဖြစ်သည်။ အဂတိ ၊ ဆန္ဒကင်းစင်၍ အကြောင်းအရင်း ဆီလျော်စွာ သုံးသပ်ခြင်း ၊အထောက်အထားကို တိကျစွာ ဆက်စပ်ခြင်း၊ အစမ်းသပ် ၊အစစ်ဆေး တနည်း မှတ်ကျောက်အတင်ခံနိုင်စွာ အတည်ပြုခြင်း မှာလည်း များစွာအရေးကြီးပေသည်။ထို့ပြင် ကပ်ကြည့်လျှင်အစစ်ကိုမမြင် ခွာကြည့်မှအစစ်ကိုမြင်သည် ဟူသောစကားအတိုင်းဆိုရပါလျှင်မူ ဖြစ်ပေါ်လာသော ဖြစ်ရပ်တစ်ခုကို ကိုယ်တိုင်မကြုံပဲဆုံးဖြတ်လိုပါက တတိယ အမြင်ကိုသာ ကိုင်စွဲ ထားသင့်သည်။ပထမ မိမိအမြင်ကိုဦးစွာဖယ်ထုတ်ထားရမည်။ဒုတိယ ဖြစ်ရပ်ကို ကိုယ်တိုင်ကြုံတွေ့သူတို့၏ နှစ်ဖက်စကားကိုနားထောင်ရမည်။ အခြား ဘက်မတူသူ မျက်မြင်ကြုံလိုက်ရသူတို့၏ အမြင်ကို လေ့လာရမည်။တတိယ ကာယကံရှင်တို့၏စရိုက် ၊သဘောသဘာဝ ၊စိတ်နေစိတ်ထား ၊ကိုယ်ကျင့်တရား၊ လူနေမှုဘဝ ၊အထိပါလေ့လာပြီးမှ မိမိ အတွက် ထိုဖြစ်ရပ်အပေါ် အနီးစပ်ဆုံး အမှန်တရားကို သိရှိနိုင်မည်ဖြစ်ပေသည်။ထို့ကြောင့် ဆရာစွဲ၊ ငါစွဲ ၊မထားပဲ ပညာမာန်၊ အတ္တမာန်ကင်းစင်ပြီး သေချာ ဇောက်ချလေ့လာမှသာ ပညာရပ်တစ်ခု၏ အထွတ်အထိဋ်နေရာကို ရောက်ရှိပေမည်။ သမိုင်းကြောင်းဟူသည် အင်မတန်မှ ကျယ်ပြန့်သောနယ်ပယ်တစ်ခုပင်ဖြစ်သည်အမှန်တရား တစ်ခုအပေါ် အချိန်အပိုင်းအခြားအလိုက်၊ ကာလအပိုင်းအခြားအလိုက် ၊အထောက်အထားအစုံ၊ ကိစ္စအမျိုးမျိုး၊ ဖြစ်ရပ်အထွေထွေ၊သုံးသပ်မှုအမျိုးမျိုး ၊ ရပ်တည်ချက်အဖုံဖုံ၊ယူဆချက်မြောက်များစွာ ရှိလာနိုင်သည့်အထဲမှ တွေ့ရှိချက်တစ်ခုကို ဆယ်စုနှစ်များစွာ လက်ခံ ထားဖို့စိတ်ကူးနေလျှင် မိမိတို့ညံ့ဖျင်းရာကျပေလိမ့်မည်မဟုတ်ပါလား။ --သျှင် လေညင်း ။ (၂၄၊၂၊၂၀၁၃) စာအကိုးအကား G H Luce -Economic of the Early Burma/Old Kyauke-se and coming Burm(၁၉၅၇) ဗိုလ်မှူး- ဘရှင်။ အနော်ရထာအရင်က မြန်မာနိုင်ငံ (၁၉၇၅) ဒုတိယအကြိမ် ဒေါက်တာသန်းထွန်း - မြန်မာဆိုတာ(၂၀၀၄) ဦးရည်စိန် - ရှေးဟောင်းတိဘက်မြန်မာများနှင့် ယင်းတို့ရွှေ့ပြောင်းလာရာလမ်းကြောင်းများ ဦးဖိုးလတ် - မြန်မာအစ(၁၉၇၃) ဒေါက်တာထင်အောင်- Burmese History Before 1287 ပုဂံမပျက်မီကမြန်မာ့သမိုင်း(အောင်သန်း မန္တလေး -ဘာသာပြန်)(၁၉၇၃) ချစ်စံဝင်း- မြန်မာ့မြို့ဟောင်းတကောင်းရုပ်ပုံလွှာ(၂၀၀၄) ဘုန်းတင့်ကျော် - လွန်ခဲ့သောနှစ်၂၂၀၀ ကျော်အထောက်အထားရှိခဲ့သည့် မြန်မာတို့၏သမိုင်းအမှန် (၂၀၁၀) https://www.facebook.com/photo.php?fbid=475791792469677&set=a.474475725934617.100938.474473762601480&type=1&permPage=1 Photo credit to : www.yunanntour.net ယူနန်တောင်ပိုင်း နှင့် မြန်မာနိုင်ငံ၏ပထဝီအနေအထားလေ့လာနိုင်ရန်ဖြစ်ပါသည်။

AddThis