မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Sunday 13 December 2015

အလံများ


ရှေးခေတ်မြန်မာ့တပ်မတော်များတွင် သုံးစွဲခဲ့သော စစ်အလံများတွင် အလံ တံခွန် စသည့်အသုံးကို ဦးစွာ တွေ့ရ၏ ။

တံခွန်အသုံးကို အစောဆုံးအဖြစ် ဓဇဂ္ဂသုတ်တွင် တွေ့နိုင်သည် ။ 

ဓဇ္ဇဂံ္ဂ - တံခွန်ဖျားကို ဟူ၍ သုံးနှုန်း၏ ။

ဟံသာဝတီ ဦးဘရင်ကမူ တံခွန်ဆိုသောစကားရင်းမြစ်ကို တံ = ရေကိုဟောသော သူဟောင်းတို့၏ အလို ၊ ခွန် (ကွန်) = ချိုး -ကျိုး ၊ချ - ကျ ၊ ကွဲ - ခွဲ ဟူသော ကြိယာပုဒ် ဥပမာဖြင့် နှိုင်းယှဉ်သော် 
ချ ၊ ချိုး ၊ ခွဲ မှာ ပြုလုပ်သူပါရှိသောကြောင့် ကာရိုက်ကြိယာ 
ကျ ၊ ကျိုး ၊ ကွဲမှာ ပြုလုပ်သူမပါရှိသောကြောင့် သုဒ္ဓကြိယာ စသည်လို ကွဲပြားသလို ကွန်မှာ သုဒ္ဓဖြစ်၍ ခွန်မှာ ကာရိုက်ဖြစ်သည် ။ 

တံခွန်ဆိုသည် ရေတံခွန်ပမာ အဝေးက ကြည့်လျှင်ပင် မြင်နိုင်သကဲ့သို့ ရေပျံဝဲပုံကို အတုယူ၍ ပြုလုပ်ထားသဖြင့် ဆိုဟန်ရှိ၏ဟု သတ်မှတ်သည် ။ 

အလံသည် မွေးစားစကားလုံးဖြစ်ပြီး မြန်မာတို့၏ တံခွန်နှင့် အတူတူပင် ။ 

တံခွန်တွင် တံခွန်ပြား တံခွန်လုံးဟူ၍ အမျိုးမျိုး ရှိသလို အလံတွင်လည်း လေးထောင့် ၊ ကြက်လျှာ ၊ လျားကြီး နံငယ် စသည်ဖြင့် ရှိတတ်သည် ။ 

ရှေးခေတ် မြန်မာ့အလံများတွင် အလံပုံသဏ္ဍာန်မှာ ကြက်လျှာ ၁ ညွန့် /တြိဂံပုံအလံ တံခွန် နှင့် ကြက်လျှာ ၃ ညွန့် အလံဟူ၍ နှစ်မျိုးရှိပါသည်။

မြန်မာ့တပ်မတော် တို့ အလံကို မည်သည့်ကာလက စတင်သုံးစွဲခဲ့သနည်း စုံစမ်းရသော် အခြားသော ခေတ်ပြိုင် တပ်များသုံးစွဲမှုကြောင့် မြန်မာ့တပ်မတော်တွင်လည်း အလံကို အနော်ရထာမင်း လက်ထက်ကတည်းပင် သုံးစွဲကြလိမ့်မည်ဟု ယုံကြည်ရသည် ။ 

သို့သော်လည်း အလံအသုံးအနှုန်းကို အင်းဝခေတ်ရောက်မှ စတင်တွေ့ရှိရကြောင်း အင်းဝခေတ် မင်းခမ်းမင်းနား မြန်မာမှုများ အကြောင်း ရေးသားထားသည့် အင်ရုံရွာစား သီရိဥဇနာ၏ လောကဗျူဟာ ကျမ်းက သက်သေခံထားသည် ။ 

ထိုကျမ်းတွင် ရဲတံခွန်အစုသား ၊ ရဲတံခွန်အလံ ၊ သူရဲကြီးအလံ ၊ သူရဲကြီးသား ဝင်းတော်သားတို့ စွဲကိုင်ရသော အလံ စသည်ဖြင့် ခွဲခြားဖော်ပြထားရာ ထိုအချိန်ကပင် အလံကိုင်တပ်ဖွဲ့နှင့် ရာထူး အဆင့်အလိုက် သီးခြားအလံကို အသုံးပြုနေကြောင်း သိရသည် ။ 

ရှေးအခါက မြန်မာ့တပ်မတော်တွင် အလံကို အသုံးပြုမှု သမိုင်းဇစ်မြစ် ကို ဖော်ထုတ်ပြီးသော် မြန်မာတို့၏ အမျိုးသား အလံဟူသည်ကား မည်သည်နည်း မေးခွန်ထုတ်စရာ ရှိလာပြန်သည် ။ 

ဘာသာရေးအလေ့အထကို ဦးစားပေးလေ့ရှိသော ရှေးမြန်မာကြီးများသည် ကိုးကွယ်ရာ မြတ်စွာဘုရားကို ရှိခိုးပူဇော်ရာ၌ “ အာဒိစ္စ ဗန္ဓု ” နေမင်း၏ အဆွေဖြစ်သော မြတ်စွာဘုရားဟု သုံးစွဲလေ့ရှိသည် ။ ထို့ပြင် မြန်မာတို့သည် မိမိတို့ကိုယ်ကို မြတ်စွာဘုရား၏ မျိုးရိုး သကျသာကီဟု ယူဆထားသဖြင့် မြတ်စွာဘုရား၏ အဆွေဖြစ်သော နေမင်းကို အလေးအမြတ်ထားကြသည် ။ ထို့ကြောင့် နေဗိမ္မာန် တွင် ဥဒေါင်းရုပ် အထင်အရှားရှိသည်ဖြစ်၍ နေမင်း၏ အမှတ်သင်္ကေတ ဥဒေါင်းရုပ် ကခုန်မြူးတူးနေဟန်ကို အမျိုးသားအလံတော်တွင် ထည့်သွင်းကြသည် ။ 

ကခုန်နေသည့် ဥဒေါင်းရုပ်ပါ အလံတော်ကို မြန်မာ့အမျိုးသာ အလံအဖြစ် အနော်ရထာ လက်ထက်ကပင် အသုံးပြုခဲ့သည်လော တွေးနိုင်စရာ ရှိသည် ။ ဘကြီးတော်လက်ထက် ရှင်မဖြူကျွန်းပေါ်တွင် ဓညဝတီမြို့ဝန်က ဒေါင်းအလံ သွားရောက် စိုက်ထားခဲ့သည်မှာ မြန်မာ့အထိမ်းအမှတ် ကိုယ်စားပြု ဖြစ်ကြောင်း သက်သေထူခဲ့ခြင်းပင် ။ 

နိုင်ငံတော်အလံမှာ ကြက်သျှာ ၁ညွှန့် အဖြူရောင်တွင် အလယ်က ဥဒေါင်းရုပ်ပုံ ရေးဆွဲထားသည် ။ 

ဝင်းမှတ် အလံမှာ ကြက်သျှာ ၁ ညွှန့် ပေါ်တွင် အရောင်ဖြင့် ခွဲ့ခြားခြင်းဖြစ်၍ အရှေ့ဝင်း၌ အလံဖြူ၊ လက်ယာဝင်းမှာ အစိမ်းရောင်အလံ၊ အနောက်ဝင်းမှာ အပြာရောင်အလံ၊ လက်ဝဲ၀င်းမှာ အ၀ါရောင်အလံ။ ( မြင်းမိုရ်တောင်၏ အရပ်လေးမျက်နှာမှ အရောင် ၄ မျိုးထွက်သည့် တင်စားပြီး ပြုလုပ်ထားခြင်းဖြစ်သည်။

မုံရွေးဇေတဝန်ဆရာတော် စပ်ဆိုခဲ့သော ပျို့၌ မင်းခမ်းမင်းနားတွင် အသုံးပြုသော အလံများကို ကြက်သျှာ ၁ညွန့်တံခွန်ပေါ်တွင် 

၁- ဟနုမာန် မျောက်ရုပ်ကို ရွှေရောင်ဖြင့် လည်းကောင်း 
၂ - ဂဠုန်ရုပ်ကို အဖြူရောင်ဖြင့် လည်းကောင်း 
၃ - ဘီလူးရုပ်ကို အဝါရောင်ဖြင့် လည်းကောင်း
၎ - ဥဒေါင်းရုပ်ကို အညိုရောင်ဖြင့် လည်းကောင်း 
၅- ခြသေ့င်္ရုပ်ကို အစိမ်းရောင်ဖြင့် လည်းကောင်း
၆ - ဆင်ရုပ်ကို အနီရောင်ဖြင့် လည်းကောင်း
၇ - နဂါးရုပ်ကို ဖျော့တော့သော အရောင်ဖြင့် လည်းကောင်း အသီးသီး ရေးခြယ်လျက် ဘုရင်မင်းမြတ်တို့ တက်ရောက်သော ညီလာခံတွင် ပလ္လင်ရှေ့၌ အလံခုနှစ်ပါး အဖြစ် စိုက်ထူထားရှိသည်ဟု သိရသည် ။ 

သူရဲကြီးတို့၏ အလံ မှာအဖြူရောင် ကြက်လျှာ ၃ညွှန့် အလံပေါ်တွင် မင်းခမ်းတော်အလံ ၌သုံးသော အရုပ် ၇ မျိုးကို ရေးဆွဲပြီး သီးခြားချီးမြှင့်ကာ အသုံးပြုစေသည် ။ 

ကိုးကား . နတ်မောက်ဘုန်းကျော် ရှေးခေတ်မြန်မာ့တပ်မတော် မှတ်စုများ 

ပုံများကို ထိုစာအုပ်ထဲမှ ကူးယူ၍ အချို့ကို အခြားသူများထံမှ ကူးယူပါသည်

မ"အ"​အောင်​ သမိုင်းသင်

သမိုင်းသင်တာ “မအ” အောင် လို့ ဆိုပြီး ပြောထားတဲ့ ဒေါက်တာသန်းထွန်းစကားကို သိဖူး ကြားဖူး ဖတ်ဖူး ကြပေမယ့် ဘယ်လို “မအ” အောင် သင်ရမလဲ ဆိုတာကို ဆရာကြီးက အချက် (၄) ချက်နဲ့ ပြောသွားပါတယ် ။
လေ့လာကြည့်ပါ ။

(၁) သမိုင်းဟာ အထောက်အထားရှိမှ တိကျမှန်ကန်မယ် ။ တိကျမှန်ကန်တဲ့ အထောက်အထားကို ရအောင် ရှာထားနိုင်ရင် “မအ” တော့ဘူး။ သူများလိမ်ညာတာ မခံရတော့ဘူး။

(၂) သမိုင်းမှတ်တမ်းရေးသူဟာ အဂတိမလိုက်ရဘူး ။ ချစ်လို့ မြောက်ရေးတာ မုန်းလို့ နှိမ့်ချရေးတာ၊ မသိတာကို ၀န်မခံလို့ ဖြစ်ကတတ်ဆန်း ရေးတာမျိုး မလုပ်ရဘူး။ အဂတိ မလိုက်ဘဲ ရေးလိုက်တဲ့ သမိုင်းစစ်စစ်ကို ရှာပြီး လေ့လာပါ ။ ဒါဆို သမိုင်းစစ်ကိုသိရင် “မအ” တော့ပါ။

(၃) သမိုင်းကို မှတ်တမ်းအားကိုးနဲ့ ရေးတိုင်း မှတ်တမ်းကို မစစ်ဆေးပဲ လက်မခံရပါ၊၊ မှတ်တမ်းတချို့က အထက်က တင်ပြရမှာ အခြေအနေမှန်နဲ့  တလွဲစီရေးတာမျိုးတွေ့ ရတတ်ပါတယ်။ ကိုယ့်အပြစ်ကို သူများအပြစ်ဖြစ်အောင် လှည့်ပတ်ရေးတာမျိးလဲ ရှိတတ်ပါတယ်။ အပြစ်ကို အကြောင်းရင်းမပြောဘဲနဲ့ ထိမ်ချိန် ရေးတာလည်း ရှိတတ်ပါတယ် ။ သမိုင်း ပညာရှာသူ လေ့လာသူက အခြေအနေမှန် ဖြစ်ရပ်မှန်ကို စူးစမ်းဖော်ထုတ် လေ့လာဆန်းစစ်ရပါမယ်။ ဒါဆို အလိမ်မခံရတော့ဘူး။ “မအ” တော့ဘူးလို့ ဆို ပါတယ်။

(၄) မှတ်တမ်းမရှိတဲ့ အကြောင်းအရာတွေ ရှိပါတယ်။ မှတ်တမ်းမရှိပေမယ့် ကိုယ်တွေ့ ကြုံခဲ့ရသူတွေဆီက တဆင့်သိခဲ့ရသူတွေရဲ့ ယုံကြည်ရလောက်တဲ့ တိုက်ဆိုင်စစ်ဆေးလို့  မှန်ကန်တဲ့ စကားကို အတည်ပြုပြီး ရှေ့ နောက် ညီညွတ်အောင် ရေးရပါတယ်။ အဖက်ဖက်က လေ့လာစစ်ဆေး အတည်ပြုထားတဲ့ စာတမ်းရပြီဆိုရင် တကယ့် အခြေအနေမှန်ကို သိရပြီလို့ ပြောနိုင် ဆိုနိုင်ပါပြိ ။ဒါဆိုရင်လဲ “မအ” တော့ဘူးပေါ့။

သမိုင်းနည်းနဲ့ ရှေ့ဖြစ်နောက်ဖြစ်မြင်သူ --ရေးသားသူ မောင်တင်ခြုံ မကွေး
ဒေါက်တာသန်းထွန်း ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် အထိမ်းအမှတ်စာတမ်းများ
အမှတ်(၁)
၃၀ နိုဝင်ဘာ ၂၀၁၅
စာမျက်နှာ ၁၄၁

တံလှပ်ကို ရေထင်လို့

တံလှပ်ဆိုတာ လေထုလှည့်စားမှုကြောင့် ပူပြင်းလှတဲ့ သဲကန္တာရ ဖြစ်စေ ဖြောင့်ဖြူး နေတဲ့လမ်းမကြီး ပေါ်မှာဖြစ်စေ ရေပြင်ကြီး ပေါ်ပေါက်နေသယောင် ထင်မြင်မိတဲ့ အမြင်မှား ( Optical Illusion ) ကိုဆိုလိုတာပဲ ဖြစ်တယ် ။ 

မြန်မာစာ မြန်မာစကားနှင့် မြန်မာ့စကားပုံများတွင် တံလှပ် ( mirage ) ကို ဥပမာလင်္ကာအဖြစ်အသုံးပြုတတ်တဲ့ အဓိပ္ပါယ်ကို ဖွင့်ကြည့်ရမယ်ဆိုလျှင် သဘာဝ ဝန်းကျင်၏ သက်ရောက်မှုကြောင့် သူ့အလိုလို ဖြစ်ပေါ်လာသည်ကိုအမှန်ဖြစ်သည်ဟု ယူဆပြီး မစုံစမ်း မစစ်ဆေးပဲ လက်ခံယုံကြည်သူများကို တံလှပ်နှင့် အနှိုင်း ပြုလေ့ရှိပါတယ် ။

“ တံလှပ်(တံလျှပ်)ကို ရေထင် ရွှေသမင် အလိုက်မှား ” ဆိုတဲ့ စကားလုံး အသုံးအနှုန်း ကို လေ့လာကြည့်ရင် သိနိုင်မှာပါ ။ 

တံလှပ်အသုံးကို မြန်မာ့သမိုင်း ရှာပုံတော်ဆိုတဲ့ စာအုပ်ထဲမှာ ဒေါက်တာသန်းထွန်း သုံးထားတာတွေ့ပါတယ် ။ ပါးစပ်ရာဇဝင် - ၄ ရှေးစကားတံလှပ်ဆိုပြီး ရှေးစကား တော်တော်များများဟာ တံလှပ်သဖွယ် ဖြစ်နေတယ်လို့ ရေးသား ဖော်ပြထားပါတယ် ။ 

အကျဉ်းချုပ်ကို ဖော်ပြရလျှင် “ ရှေးစကားကို ပြောတဲ့လူက သူ့မြင်ချင်တဲ့ အကွက်ကို သူ့စိတ်နှင့် မွမ်းမံပြီး တင်ပြလာတဲ့အခါ ခြုံငုံမိတဲ့ အမြင်လွဲသွားမယ် ။ လွဲတတ်တယ် ။ အမှတ်မထင် ( inadvertently )မှားသွားတာလဲ ဖြစ်မယ် ။ တမင်ညာပြော ( intentionally )တာလဲ ဖြစ်မယ် ။ စတင်ပြောတဲ့ တစ်ပါးစပ်က နှစ်ပါးစပ် ၊ သုံးပါးစပ်နဲ့ ခုထိဆို ဘယ်လောက်များ အပိုအကဲ ဝင်နေလဲ ပြောဖို့ခက်သွားပြီ ” လို့ဖော်ပြပါရှိပါတယ် ။ 

ရှေးစကားနှင့် နည်းတူပင် နှုတ်ပြော ၊ အစဉ်အဆက် ပြော ၊ ကောက်သင်းကောက် စကား အစရှိတဲ့ ပါးစပ်ရာဇဝင် ဆန်ဆန် မှတ်တမ်းများကို တံလှပ်ကဲ့သို့ သဘောထားပြီး ဇကာ အထပ်ထပ်နှင့် တိုက်ဆိုင် စစ်ဆေးပြီးမှ လက်ခံယုံကြည်ဖို့ကို တိုက်တွန်း ပြောကြားခဲ့တယ်လို့ ထင်မိပါတယ် ။ 

ရှေးစကား ရှေး မှတ်တမ်းတွေ၏ အမှားများကို စတင်သတိထားမိခဲ့သူက တော့ တွင်းသင်းမင်းကြီး ဖြစ်ပါတယ် ။ ကျောက်စာတွေ ရာဇ၀င်နဲ့ တိုက်ဆိုင်တော့ လွဲနေတာတွေ တွေ့ လာလို့  တွင်းသင်း ရာဇ၀င်သစ် ဆိုပြီး ရေးသားပြု စုခဲ့တာမျိုးကလည်း သမိုင်းမှတ်တမ်းများအတွက် မြင်သာထင်ရှားတဲ့ ဖြစ်ရပ်ပါ ။

အစဉ်အဆက်ပြောစကား နှုတ်ပြောစကား ကောက်သင်းကောက်စကား ရှေးစကား စသည်တို့ကို မည်မျှ အခိုင်အမာယူသင့်သနည်း ဆိုတော့ ဇကာနှင့်တိုက်သလို သေချာ စစ်ဆေးပြီးမှ လက်ခံယုံကြည်သင့်ကြောင်း တဖွဖွမှာကြားခဲ့သော ဆရာ့စကားမှာ အပိုမဟုတ်ပါ ။ 

လူတိုင်းလိုလို သိထားပြီး ဖြစ်သော မြင်သာထင်ရှားသော ဥပမာဖြင့် တင်ပြရလျှင် 

မြန်မာ့သမိုင်းဦးစွန်း လက်နက်နိုင်ငံတော်ကြီးကို စနစ်တကျ ထူထောင်ခဲ့သော ပုဂံမင်းကြီး အနော်ရထာ /အနော်ရထာမင်းစော၏ အမ ည်နာမ တစ်လုံးကိုပင် ရှေးမြန်မာကြီးတို့ အမှန်အကန်ဆုံး လက်ဆင့်ကမ်းနိုင်ခဲ့သည်လော 

အနော်ရထာဟူသော ပုဂံမင်းကြီး၏ အမည်နာမကို သမိုင်းပညာရှင်တို့က အနိရုဒ္ဓ ဟု သုံးနှုန်းကြသည် ။ အနိရုဒ္ဓ အမည်ကို သက္ကတဘာသာဖြင့် ခပ်နှိပ် ပါရှိသော မြေပုံဘုရားများကို မြန်မာနိုင်ငံ အထက်ပိုင်း အညာ ဧရာဝတီ မြစ်ဆုံမှ အကြေတွင် တွံတေးအထိ နေရာအနှံ့အပြားတွင် တွေ့ရ၍ ဖြစ်သည် ။ ထိုမြေပုံဘုရားများတွင် ရေးထိုးပါရှိခဲ့သော “ နိဗ္ဗာန်ကိုလိုသဖြင့် အနိရုဒ္ဓကိုယ်တော်တိုင် လက်တော်ဖြင့် စီမံပြုလုပ်သော ဘုရားများ ဖြစ်သည် ” ဟူသော အဓိပ္ပါယ်ကြောင့် ထိုမင်းကို အနိရုဒ္ဓဟုသာ သတ်မှတ်၏ ။ 

၁၆ရာစုတွင် ရှင်မဟာ သီလဝံသ၏ ရာဇဝင်ကျော် ၊ ၁၇ရာစုတွင် မြောက်နန်းဆရာတော်၏ ရာဇာဝင်ချုပ် နှင့် အမည်မသိစာဆို၏ ဇာတာတော်ပုံ ရာဇဝင် ၊ ၁၈ရာစုတွင် ဦးကုလား ပြုစုခဲ့သော ရာဇဝင်ချုပ် ရာဇဝင်လတ် ရာဇဝင်ကြီး ၊ ၁၉ရာစု တွင် ဘကြီးတော်ဘုရား၏ သမိုင်းကော်မရှင်က ပြုစုခဲ့သော မှန်နန်းရာဇဝင်တော်ကြီး ၊ ညောင်ကန်ဆရာတော်၏ သီဟဠဒီပ မြန်မာရာဇဝင် အချုပ် နှင့် ရာဇဝင်ချုပ် လင်္ကာ ၊ မုံရွေးဆရာတော်၏ မုံရွေးရာဇဝင် အစရှိသော ရာဇဝင်စာအုပ်များနှင့် ၎င်းတို့၏ နောက်ဆက်တွင် မှတ်တမ်းများတွင် အနော်ရထာ /အနော်ရထာမင်းစောဟုသာ ဖော်ပြပါရှိသည် ။ 

ထို့အတူ ပုဂံခေတ် ပြင်ပကာလတွင် ရေးထိုးခဲ့သော နှောင်းခေတ် ကျောက်စာများ တွင်လည်း အနော်ရထာ အနော်ရထာမင်းစောဟု သုံးနှုန်းပါရှိ ခဲ့ရာ ကွဲပြားမှုကို မြင်သာထင်ရှားစွာ တွေ့မြင်နိုင်ပါသည် ။ 

ရာဇဝင်ဟူသရွေ့ စုစည်းရသမျှ ကျောက်စာ ပေစာ ပုရပိုက်စာ အုတ်ခွက်စာများကို လက်ဆင့်ကမ်း ကူယူထားရသည့် အမှန်တရား အရ ပညာရှင် လက်ခံသော အမည်နာမ အနိရုဒ္ဓနှင့် ရာဇဝင်လာ အနော်ရထာ အနော်ရထာ မင်းစော အမည်တို့မှာ သိသာထင်ရှားစွာ ကွဲပြားလွဲမှားနေကြောင်း သိနိုင်သည် ။ 

ထို့ကြောင့် ရှေးမြန်မာကြီးတို့မှာ သမိုင်းတစ်ခေတ်လျှင် တစ်ယောက်ဆိုသလောက် လျှမ်းလျှမ်းတောက် ထင်ရှားခဲ့သည်ဟု ၎င်းတို့ ညွှန်းဆိုခဲ့ကြသော မင်းတစ်ပါး၏ အမည်နာမကိုပင် မှန်ကန်စွာ လက်ဆင့်ကမ်းနိုင်ခဲ့သလော ချင့်ချိန်ကြည့်နိုင်သည် ။ 

တံလှပ်သဘော ဖြစ်ပေါ်နေသော ရေအိုင်အား အမှန်တကယ် ဟုတ်မဟုတ် သွားရောက် စုံစမ်းခြင်း မရှိပဲ အမြင်အတိုင်းသာ ရေအိုင်ဟုသာ မှတ်တမ်း ပြုခဲ့ကြသလော ။ မင်းဆက်လင်္ကာ မင်းဆက်သာချင်းများကို လက်ဆင့်ကမ်း ရွတ်ဆိုရာတွင် အသံထွက် လွဲမှားခဲ့သည်လော ။ သို့တည်းမဟုတ် မင်းဆက်ပြောင်းချိန် ခေတ်ပြောင်းချိန်ကြောင့် အနွယ်မတူသည့် နောင်တတ်သော မင်းဆက်၏ ဓလေ့နှင့် ကိုက်ညီစေရန် သတ်မှတ်စေမှုကြောင့်လော ။ 

နှစ်ပေါင်း ၂၀၀ကျော်ကာလအတွင်းက အရေးကြီး ပုဂ္ဂိုလ်တစ်ဦး၏ အမည်နာမကိုပင် တိကျစွာ မှတ်တမ်းမပြုနိုင်ခဲ့သည်မှာ ထင်ရှားနေပါသည် ။ 

ထို့ကြောင့် ရှေးစကားကို တံလှပ်ကဲ့သို့ သဘောမထားမိပဲ စနစ်တကျ မစစ်ဆေးသော အခါ တံလှပ်သည် ရေအိုင်ဖြစ်ရ၍ ထပ်မံကူးယူသူတို့မှာလည်း ရေအိုင်ဟုသာ ယုံကြည် လက်ခံ နေကြသည်လားဟု တွေးမိရင်း

ရာဇကုမာရ်​ ဘယ်​​ပျောက်​သွားသလဲ

ရာဇကုမာရ် ဘယ်ပျောက်သွားသလဲ ။ 

ကိုးကား : ဦး ( နီတွတ် ) 
သမိုင်းပါမောက္ခ ။ 
ပုဂံနန်းတွင်းရေးနဲ့ ရာဇကုမာရ် ။
မျိုးဆွေသန်း ဒီဇိုင်း ။ 

ဆရာဦးနီတွတ်ရဲ့ ပုဂံနန်းတွင်းရေးနှင့် ရာဇကုမာရ်စာတမ်းကို ဖတ်ပြီးတာကြာပါပြီ ။ နည်းပါးလွန်းတဲ့ ရာဇကုမာရ်ဆိုတဲ့အမတ်ကြီး တစ်ဦး၏ အထောက်အထားများကို တတ်နိုင်သလောက် လိုက်လံရှာဖွေပြီး စိတ်ဝင်စားစဖွယ်ရေးသားထားတာကြောင့် 

(၁) - ကျောက်စာပါ ဇာတ်လမ်းထဲမှာ အလွမ်းအဆွေး ၊ ကျေးဇူးတရားတွေ အားလုံး စစ်မှန်ရဲ့ လား ။ 
(၂) - မြန်မာတို့ရဲ့ ရာဇဝင်ကျမ်းတွေမှာ ဒီကျောက်စာ အထင်အရှားရှိရဲ့နဲ့ 
ကျောက်စာပါ အကြောင်းအရာတွေကို ဘာလို့ ရဲရဲတင်းတင်း ထည့်မရေးတာလဲ ။ 
ဘာ့ကြောင့် ရာဇဝင်ကျမ်း အစောင်စောင်မှာ ရာဇကုမာရ် အမည်ကို ထည့်သွင်းဖော်ပြခြင်း မပြုတာလဲ ။
(၃) - ဘာသာလေးမျိုးနဲ့ ထိုးထားသော ကျောက်စာ (၂)တိုင်ဘာလို့ဖြစ်နေတာလဲ ။
(၄) - တစ်တိုင်က ထက်ပိုင်းကျိုးသွားတာ ဘာကြောင့်လဲ ။
(၅) - အကြောင်းအရာတူ ဘာသာလေးမျိုးနဲ့ နောက်တစ်တိုင်ကို ဘာလို့ 
ထပ်ထိုးရတာလဲ ။
(၆) - ထီးနန်းလွဲခဲ့သူက ၁၁၁၃ခုနှစ်မှာ ဘာသာလေးမျိုးနဲ့ကျောက်စာထိုးပြီး 

မြေပေါ်မှာထောင် ထားပြီး နန်းတတ်မင်းက ၁၁၃၁ခုနှစ်ရောက်မှ 
ရွှေဂူဘုရားတည်တော့ ကျောက်စာကို ပါဠိဘာသာနဲ့ထိုးပြီး နံရံမှာ ထည့်မြှုပ်ထားတာ ဘာ့ကြောင့်လဲ ။
(၇) - ရာဇကုမာရ်ရဲ့ မိခင်ရင်းက ဘယ်သူဖြစ်မလဲ ။ 
(၈) - ထီးလိုင်မင်း (ကျန်စစ်သား) လက်ထက်မှာ မွန်စာနဲ့ပဲကျောက်စာထိုးတယ် ၊ သူ့နောက်က စည်သူ(၁) (အလောင်းစည်သူ) ကျတော့ ပါဠိဘာသာနဲ့ 
ကျောက်စာထိုးတယ် ၊ အခု ရာဇကုမာရ်ကျောက်စာကိုတော့ ဘာသာလေးမျိုးနဲ့ ရေးထိုးရခြင်း၏ နောက်ကွယ်က ဘာတွေရှိနေလဲ ။ 
(၉) - နန်းရမင်းသား အလောင်းစည်သူနဲ့ သူ၏ ဦးရီးတော်စပ်သူ ရာဇကုမာရ်တို့၏ ဆက်ဆံရေး ။
(၁၀) - ရာဇကုမာရ် ဘယ်ပျောက်သွားတာလဲ ။ 

အစရှိတဲ့ အချက်အလက်များ ထဲမှ အမှတ်စဉ် (၁)မှ အမှတ်စဉ် (၉)အထိ တော်တော် ရှင်းရှင်းလင်းလင်း နားလည်လိုက်ရပါတယ် ။ 

အမှတ်စဉ် (၁၀)ကတော့ စာရေးသူ ဆက်တွေးဖို့ ဖြစ်လာတဲ့ အကြောင်းတရားတွေဖြစ် ပါတယ် ။ ရာဇကုမာရ် ကျောက်စာထဲက ဓလေ့ ၊ ရာဇကုမာရ်၏ ဘဝနှင့် ပတ်ဝန်းကျင် ၊ ဇာတ်လမ်းနှင့်ဇာတ်ကောင်များကို မြင်တွေ့ ခံစားမိတဲ့ အတိုင်းကို ဆရာဦးနီတွတ်က တင်ပြထားပါတယ် ။ ဆရာကိုယ်တိုင်ကလည်း (၁) ရာဇကုမာရ်နှင့် 
ပတ်သတ်ဖွယ်ရှိသော နန်းတွင်းအင်အားစုများ (၂) ထိုခေတ်အခါက ပုဂံဝန်းကျင်ရှိ ပျူ ၊ ဗမာ ၊ မွန် ၊ ကျေးကုလား လူမျိုးရေး အားပြိုင်မှုများ (၃) ပုဂံနှင့် အိမ်နီးချင်း 
ပဋိက္ကရားဒေသ ၊ ဝေသာလီ (ရခိုင်) ၊ ပဲခူးမွန် ၊ သထုံမွန် ၊ မောကိုးပြည်ထောင်စုနှင့် ဆက်နွယ်ပတ်သတ်ပုံများ (၃) အိမ်နိမ့်စံ နန်းလျာရဲ့ နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသူများ၏ ဘဝအထွေထွေ စသည်ဖြင့် ရရာ ရာဇဝင်ကျမ်းများထဲက ရှာဖွေထားတယ်လို့ ဖော်ပြထားပြီး မေးခွန်းများစွာကို ဆက်ပြီး ရှာကြံကြပါလို့ လမ်းဖွင့်ပေးထားပါတယ် ။ ခပ်သွက်သွက် ရေးသားဟန်နှင့် စိတ်ဝင်စားစဖွယ်အချက်အလက်များ အပြည့်အဝ ပါဝင်နေသည့် ထိုစာအုပ်ကို အပြန်ပြန်အလှန်လှန်ဖတ်ပြီးဖြစ်တာကြောင့် 
အမတ်ကြီးလို့ သူ့ကိုယ်သူ သုံးနှုန်းတဲ့ ရာဇကုမာရ်တစ်ယောက် သမိုင်းစာမျက်နှာ အဖုံဖုံမှ ဘယ်လို ပျောက်ကွယ်သွားသလဲ ဆက်တွေးကြည့်တော့ 

(၁) ရာဇကုမာရ်ဟာ ၎င်းပိုင်ဆိုင်သမျှ စည်းစိမ်ဥစ္စာနှင့် အလုပ်အကျွေးနယ်များကို အကုန်လှူခဲ့ပါတယ် ။ ဆရာဦးနီတွတ်က ကျန်စစ်သားမင်းကြီး အနေနဲ့ သူ့မိဖုရားထံ ချီးမြှင့်ထားတဲ့ စည်းစိမ်များနဲ့ ကံကျွေးနယ်များ ရာဇကုမာရ်ထံ ရောက်သွားတော့ မင်းကြီးမှာ နန်းလုပုန်ကန် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာနိုင်တယ်ဆိုပြီး 
ရတက်မအေးဘူးလို့ တင်ပြထားတယ် ။ ဖြစ်နိုင်စရာလည်း ရှိတယ် ။ ဒါကို ရာဇကုမာရ် က မချွင်းမချန် အကုန်လှူပစ်လို့ကံတော်ကုန်ခါနီး ကျန်စစ်သားခေါ်ထိလိုင်မင်းက စိတ်အေးသွားတယ် လို့သုံးသပ်ထားတယ် ။ စာရေးသူဘက်က တွေးမိသည်က ရှိသမျှ ပစ္စည်းအကုန်ရေစက်ချ အလှူအတန်းပြုလိုက်သူ ရာဇကုမာရ် ၏လုပ်ရပ်ကား ထီးနန်း စည်းစိမ်နှင့် အမတ်အဆောင်အယောင်တို့ကို သံယောဇဉ်ဖြတ်သွားခဲ့ သရောလားလို့ပါ 

။ 

(၂) မြန်မာ့ဓလေ့ထုံးစံအတိုင်း တစ်နည်း ဗုဒ္ဓဘာသာ ထုံးစံအတိုင်း 
စည်းစိမ်အကုန် စွန့်သွားသည့် သဘောမျိုးကိုလည်း ရှာတွေ့ပြန်ပါတယ် ။ ပိုင်ဆိုင်သမျှကို လှူဒါန်း စွန့်ခွာသွားပြီး ကျန်စစ်သားမင်းကြီး တည်ဆောက်ခဲ့တဲ့ တုရင်တောင်ခြေက မြကန်အနီးရှိ ပိဋကတ်တိုက်တွင် နေထိုင်သွားခဲ့ပုံက လူ့လောကနှင့် မသက်ဆိုင်တော့သော ပုဂ္ဂိုလ်တစ်ဦးပမာ ယူဆစရာ ဖြစ်နေပြန်သည် ။ 

(၃) ဘုရင်ဖြစ်သူ ထိလိုင်မင်း ခေါ်ကျန်စစ်သားက လုံးဝ စိတ်ချ 
စိတ်အေးသွားရတယ်လို့ ဆရာဖော်ပြထားချက်အရ ဘုရင်က ဘယ်လောက်ထိ စိတ်ချသွားသလဲ ၊ ဘယ်လိုစိတ်ချသွားတာလဲ ၊ ဘယ့်ကြောင့်စိတ်ချသွားနိုင်တာလဲ အဖြေက ရှင်းရှင်းကြီးလိုပါ ။ ထိလိုင်မင်း စိတ်ချလောက်တဲ့ အနေအထား တစ်ရပ်နှင့် အမတ်ကြီး ရာဇကုမာရ် က ဆက်လက် ရပ်တည် နေလို့သာဖြစ်ပါတယ်လို့ 
တွေးလိုက်ရင် ရာဇကုမာရ်၏ လားရာကို ရှင်းရှင်းကြီး တွေ့မိသလိုလို ။ 

(၄) နောက်တစ်ချက်က မြန်မာ့ရာဇဝင် သမိုင်းစာမျက်နှာများထက်မှာ ရာဇကုမာရ် ဆိုသူ ပုဂ္ဂိုလ်တစ်ဦး အနေဖြင့် လုံးဝပျောက်ကွယ်သွား ခဲ့ပါတယ် ။ ဆရာကတော့ နောင်တက်လာသည့် မင်းကြီး၏ ထုံးစံနှင့် အညီ စီရင်ခြင်းကို ခံလိုက်ရသလားဟု ချဲ့တွေးထားပေမယ့် စာရေးသူ၏ ခန့်မှန်းချက် ကတော့ ပုဂ္ဂိုလ်တစ်ဦးအနေနှင့် ရာဇကုမာရ် ဆိုတဲ့ အမတ်တစ်ဦး၏ ဘဝကို ကျေကျေနပ်နပ် စွန့်ခွာသွားခဲ့နှင့်ပြီလို့ပဲ တွေးချင်ပါတယ် ။ ပြီးတော့ ကျောက်စာဘက်ကို လှည့်ကြည့်ရအောင် 

(၅) ကျောက်စာပါ အကြောင်းအရာများကို အသက်သွင်းသည့် မဟာထေရ်ဆိုသည့် ရဟန်းတစ်ပါးသည် ကျောက်စာအဟောင်းကော အသစ်ကိုပါ ရေးထိုးပေးသည့် အခရာ အကျဆုံး ပုဂ္ဂိုလ်ဖြစ်နေတာကို သတိထားမိပြန်ပါတယ် ။ အဆိုပါ 
မဟာထေရ်သည် ကျောက်စာတည်ရှိမှုကို အသက်ထက် တန်ဖိုးထားမှုက စာရေးသူ၏ စိတ်အစဉ်ကို ဆွဲဆောင်နေပါတယ်။ 

(၆) ရာဇကုမာရ် ကျောက်စာဟာ နှစ်တိုင်ရှိတာကော နှစ်တိုင်စလုံးကို 
ရှေ့ဆင့်နောက်ဆင့် တစ်ပြိုင်တည်း ထိုးထားခဲ့တယ်ဆိုတာကော ပညာရှင်တိုင်း လက်သင့်ခံပြီးသား ကိစ္စပဲ ဖြစ်ပါတယ် ။ ပြီးတော့ ကျောက်စာနှစ်တိုင်လုံးကို 
မဟာထေရ် တစ်ဦးတည်းကပဲ ကမကထလုပ်ပြီး ရေးထိုးခဲ့တယ်လို့ 
ထင်နိုင်စရာရှိတယ် ။ သံဃာခုနှစ်ပါး ပင့်ပြီး ရေစက်ချပွဲကို ဆင်နွှဲခဲ့တဲ့လို့ ကျောက်စာမှ ရေးထိုးပါရှိသလို ပါဝင်ခဲ့တဲ့ သံဃာမထေရ်များ၏ ဘွဲ့အမည်ကိုလည်း မဟာထေရ် တစ်ပါးတည်းမှအပါး အခြားသံဃာ(၆)ပါးရဲ့ ဘွဲ့ အမည်ကို တွေ့ရတဲ့ အတွက် စဉ်းစား ကြည့်မိပါတယ် ။ မိဖုရားလက်ထဲက ရွာသုံးရွာကို ရာဇကုမာရ် ထံလွှဲပြောင်းပေးဖို့ ထိလိုင်မင်းကို တိုက်တွန်းသူများထဲတွင် မဟာထေရ်ပါဝင်ဖွယ်ရှိတယ်လို့ ဆရာက သုံးသပ်ထားတာကြောင့် ဆရာ့အနေနှင့် မဟာထေရ်နှင့် ရာဇကုမာရ် ကျောက်စာကို တွဲပြီး မြင်နေတာ ထင်ရှားပါတယ် ။ ရာဇကုမာရ် ကျောက်စာ တည်ရှိနေဖို့ကိုအထူးအလေးပေးနေသူ ဖြစ်တာကြောင့် အဆိုပါ မဟာထေရ်ဆိုသူ 
ရဟန်းတစ်ပါးသည် ရာဇကုမာရ် ကျောက်စာ၏ ပိုင်ရှင် တစ်ဦးပင်လား ။ 

(၇) ပြီးတော့ အဆိုပါ မဟာထေရ်က မြစေတီအနီး ဂူပြောက်ကြီး နံဘေးက 
အုတ်ကျောင်းလေးတွင် ဆက်လက် သီတင်းသုံးသွားတယ်လို့ ဖတ်ထားလိုက်မိသဖြင့် မိမိ တည်ထားသော ဘုရား မှတ်တမ်းတင်ထားသည့် ကျောက်စာကို သံယောဇဉ် မပြတ်ပဲ စောင့်ရှောက်နေသူ တစ်ဦးဆိုတာ မြင်သာထင်ရှားစေပြန်ပါတယ် ။ 
မဟာထေရ်ကို ရာဇကုမာရ် ဖြစ်နိုင်သည်ဟု သုံးသပ်၍ မရတာကတော့ 
မဟာထေရ်ဆိုသည် ပုဂံခေတ် ဝေါဟာရ အသုံးတွင် ဝါတော်၂၀အထက် 
သံဃာတော်နှင့်သာ တွဲသုံးလေ့ရှိတာကြောင့် အမတ်ကြီး ရာဇကုမာရ်နှင့် ထဲထဲဝင်ဝင် ပတ်သတ်နေသော ပုဂ္ဂိုလ်တစ်ဦးဟုသာ ယူဆနိုင်ပါသည် ။ ဘုရင်ဖြစ်သူ ထိလိုင်မင်းအပေါ်တွင်လည်း သြဇာအာဏာ သက်ရောက်ဖွယ်ရှိသော မဟာထေရ်သည် ရာဇကုမာရ် အားအလုံးစုံ တာဝန်ယူနိုင်ခြင်းမှာ မည်သို့သော အနေအထားတွင် ရာဇကုမာရ် တည်ရှိနေသလဲ ထင်ရှားလေလေဖြစ်သည် ။ ထိုအနေအထားတွင် တည်ရှိနေသော ရာဇကုမာရ်အား စိတ်ချလက်ချဖြစ်စေရန် သံယောဇဉ် ဖြစ်နိုင်ဖွယ် ကိစ္စဖြစ်နေသော ကျောက်စာတိုင် ရိုက်ချိုးဖျက်ဆီးခံရခြင်းကို အမြန်ဆုံး ပြန်လည် ရေထိုးပေးခြင်းဖြင့် ကူညီခဲ့သလော ။ 

(၈) ကျောက်စာတိုင်အကြီးက ရိုက်ချိုးဖျက်ဆီးခံရလို့ သုံးပိုင်းပိုင်းပြီး ပျက်ဆီးသွားတဲ့ အနေအထားကို အဆိုပါနေရာတွင် သီတင်းသုံးနေထိုင်သော မဟာထေရ်ကပင် သိရှိ၍ ပြန်လည် ကြီးမှူးပြီး အသစ် ရေးထိုးပေးခဲ့သည်ဟု ထင်စရာရှိသည် ။ တစ်စုံတစ်ဦးကို တစ်နေရာသော ဘဝတွင် စိတ်ချလက်ချ နေနိုင်ဖို့အတွက် ပါရမီ ဖြည့်ခြင်းလော ။ 

(၉) ရာဇကုမာရ် ကျောက်စာသည် ပျု ၊ ပါဠိ ၊ မွန် ၊ ဗမာ ဘာသာလေးမျိုးဖြင့် ရေးထိုး ခဲ့သည့် ထူးခြားသော ကျောက်စာတစ်ချပ်ဖြစ်တာကို အများသိရှိ လက်ခံထားပြီး ဖြစ်သည် ။ ဆရာဦးနီတွတ်ကတော့ အဆိုပါ အကြောင်းအချက်အလက်မှာ အမတ်ကြီး ရာဇကုမာရ် မှ၎င်း၏ နောက်ခံအင်အား တောင့်တင်းမှုကို ဖော်ပြလို၍ ဟု 
ယူဆထားသည် ။ ယုတ္တိနှင့် ပြည့်စုံသော အချက်အလက်များကိုလည်း အဆိုပါ စာတမ်းထဲတွင် ထည့်သွင်းဖော်ပြထားသည် ။ စာရေးသူမှလည်း 
လက်သင့်ခံသင်ယူခဲ့ပါသည် ။ သို့သော် စာရေးသူ၏ အခြားရှုထောင့် 
တွေးခေါ်မှုကိုလည်း တင်ပြချင်မိပါသည် ။ ထိုကျောက်စာကို ထိုအကာလတွင် အသုံးများသော ဘာသာလေးမျိုးနှင့် ရေးထိုးခြင်းမှာ တစ်လောကလုံး ကို အသိပေးလို၍ ဖြစ်သည် ။ ရာဇကုမာရ်၏ စွန့်လွှတ် အနစ်နာခံမှု ဘုရင်၏ ဆုံးဖြတ်ချက်ကိုလေးစားလိုက်နာဟန်ကို တစ်လောကလုံးသို့ အသိပေး တင်ပြလိုခြင်း လော ။ သာမန် မင်းညီမင်းသား အမတ်ကြီးတစ်ဦး၏ မာန်မာနတို့ အလျဉ်းမပါရှိသောထိုကျောက်စာသည် တပ်မတ်မှု ကင်းလှသော ပုဂ္ဂိုလ်တစ်ဦး၏လားရာကို တိတိပပ ညွှန်ပြနေသည်လား ။ 

(၁၀) နန်းရမင်းသား နန်းလျာထားခြင်းခံရသူ ရာဇကုမာရ်၏ တူတော်မောင် 

အလောင်းစည်သူ ခေါ် စည်သူ(၁)သည် ရာဇကုမာရ် ကျောက်စာကို မရှုစိမ့်နိုင်ပဲ မင်းအာဏာသုံး၍ ဖျက်ဆီး ပစ်သလောဟု သံသယ စာရင်းတွင် ထည့်သွင်းထားနိုင်သော်လည်း အခြားသော ပြဿနာများကိုမူ ဆက်လက် ဖန်တီးမှု မရှိဘူးလို့ ယူဆစရာရှိသည် ။ထို့ကြောင့် နောက်ထပ် ကျောက်စာအသေးမှာ ယခုတိုင် ရှိနေဆဲ ဖြစ်နေသည် မဟုတ်ပါလား ။ 

(၁၁) အခြားမှတ်တမ်းတစ်ခုတွင် ရာဇကုမာရ် အား ကျန်စစ်သား မင်းကြီး တည်ထားခဲ့ သော တုရင်တောင်ခြေရှိ မြကန်အနီးတွင် ပိဋကတ်တိုက်ကို စောင့်ရှောက်ရန် တာဝန်ပေး အပ်ထားသည်ဟု သိရသဖြင့် ရာဇကုမာရ်၏ လားရာကို ပြတ်ပြတ်ထင်ထင် ဆုံးဖြတ်နိုင်တော့မည်လား ။ 

(၁၂) အဆိုပါကျောက်စာထဲတွင် အမတ်ကြီး ရာဇကုမာရ်ဆိုသူက

ဂြီတြိကျဘုဝနာဒိတျ ဓမ္မရာဇ် ဘွဲ့ခံ ထိလိုင်မင်းအား ဖခင်ဟူသည့် အသုံးကို 
သုံးနှုန်းသည်ဟု မတွေ့ရသဖြင့် ကျန်စစ်သားမင်းခေါ် ထိလိုင်မင်း၏ 
မယားပါသားအဖြစ် ရာဇကုမာရ်ကို သတ်မှတ်တဲ့ မူကွဲတစ်မျိုး ရှိနေပါသေးသည် ။ အေဒီ ၁၀၈၄တွင် အသက်၃၄နှစ်ရှိနေပြီ ဖြစ်သော ကျန်စစ်သားခေါ် ထိလိုင်မင်း နန်းတက်ချိန်တွင် သထုံမွန်မင်းသမီး အပယ်ရတနာ ၊ ပဲခူးမွန်မင်းသမီး မဏိစန္ဒာ ၊ ထိလိုင်ရွာသူကြီး သမီး ခင်တန် ၊ မထီး(မထေရ်)တူမ သမ္ဘူလဆိုတဲ့ မိဖုရား လေးပါး ရှိနေပါပြီ ။ ထို့ကြောင့် ရာဇကုမာရ်၏ မိခင်ရင်း ပယ်မယားမှာ ထိုမိဖုရားလေးပါးထဲမှ မည်သူဖြစ်သည်ကို ဦးစွာ ဖော်ထုတ်သင့်ပါသည် ။ ထိုသို့ဖော်ထုတ်နိုင်ရန် 
ကျန်စစ်သားခေါ် ထိလိုင်မင်း နှင့် မိဖုရားတို့ အကြောင်းပါချိန်ကို တိုက်စစ်ကြည့်ရပါမည် ။ နန်းရမင်းသား စည်သူ(၁)၏ အဖွား အပယ်ရတနာနှင့် 

၁၀၈၂တွင်မှ အကြောင်းပါခဲ့တဲ့ ထိလိုင်ရွာသူကြီး သမီး ခင်တန်တို့မှာ ဖြစ်နိုင်ဖွယ်ရာ မရှိလှသဖြင့် ဖယ်ထုတ်လျှင် မဏိစန္ဒာခေါ် ခင်ဦးနှင့် မထေရ်တူမ သမ္ဘူလတို့ နှစ်ဦးကိုသာ စစ်ထုတ်ဖို့ ကျန်ရှိသည် ။ ငယ်ချစ်မို့ တော်ကောက်ခဲ့တဲ့ ခင်ဦးခေါ် မဏိစန္ဒာကား ရာဇဝင်ကျမ်း အစောင်စောင်တွင် သားသမီး မထွန်းကားခဲ့သည့် ပုံစံဖြစ်နေသည် ။ သမ္ဘူလမှာကား ကျန်စစ်သားမင်း နန်းတက်ပြီး နှစ်နှစ် အချိန်တွင် ရင်သွေးငယ် ၇နှစ်သားကို လက်ဆွဲပြီး ရောက်လာခဲ့သည် ဆိုထားကြသည် ။ ဆရာဦးနီတွတ်၏ စာတမ်းထဲတွင် ပျူ ၊ ဗမာ ၊ မွန် ၊ ရဟန်းအင်အားနောက်ခံ တောင့်တင်းသော ရာဇကုမာရ်၏ မိခင်မှာ နန်းတွင်းတွင် ၃၄နှစ်တိုင် ကြင်လည်ခဲ့သည့် ခင်ဦးသာ ဖြစ်နိုင်ချေများသလားလို့ ယူဆချက် တစ်ရပ် တွေ့ရပြီး နောက်ခံအင်အား နည်းပါးရှာသည့် သမ္ဘူလကိုလည်း ဖြစ်နိုင်ချေ စာရင်းတွင် ချန်ရစ်မထားခဲ့ ။ ကျန်စစ်သားခေါ် ထိလိုင်မင်းကြီး၏ ချစ်ခင်မြတ်နိုး စရာ ပယ်မယားဖြစ်သူက ငယ်ချစ်ဦး ခင်ဦးပင် ဖြစ်သလော ၊ အိမ်နိမ့်စံ ဘဝတွင် ကြုံကြိုက်ခဲ့သည့် ငယ်မယားအစစ် သမ္ဘူလ ဖြစ်သည်လော ။ နန်းတက်ချိန်နှင့် တိုက်စစ်ကြည့်လျှင်တော့ ထိုမိဖုရား ၂ပါးလုံးသည် နန်းမရခင်ကပင် သားကဖွားနှင့်ပြီးသားသာ ဖြစ်ရမည် ။ ကျန်စစ်သားနှင့် သမ္ဘူလနှင့် ဆုံကြတာ ၁၀၇၄ခု ထားခဲ့တော့ ၁၀၇၇ ၊ သမ္ဘူလ လိုက်လာတာ ၁၀၈၆ ဆိုတော့ သူလက်ဆွဲလာတဲ့ ၇နှစ်အရွယ်သားကို ၁၀၇၉တွင် မွေးခဲ့သယောင် ဖြစ်နေတာကိုလဲ တွေ့ရပြန်တယ် ။ ကျန်စစ်သား ထွက်သွားပြီးမှ ရလာတဲ့ ကိုယ်ဝန်လား ၊ သို့တည်းမဟုတ် လက်ဆွဲခေါ်လာတဲ့ သားတော်၏ အသက်ကို မြန်မာ့ရာဇဝင် ဆရာများက ခန့်မှန်းဖော်ပြထားသည်လား စဉ်းစား စရာတွေပါ ။ မွန်မင်းသမီး ခင်ဦးခေါ် မဏိစန္ဒာ၏ သားဖြစ်ခဲ့လျှင်တော့ ကျန်စစ်သား၏ ရင်သွေးငယ် မဟုတ်ခဲ့လျှင်တောင် မင်းသုံးဆက်တိုင် မိဖုရားအရာ ရခဲ့သည့် ခင်ဦး၏ သွေးမှာ နန်းလျာထိုက်သင့်သည့် မင်းသွေး စင်စစ် ဖြစ်နေပါတယ် ။ ထို့ကြောင့် အထက်ပါ အချက်အလက် ၁၁ချက်ဟာ အမတ်ကြီး ရာဇကုမာရ်ဆိုသူကား ကျန်စစ်သား၏ သားတော်တစ်ဦး ဟုတ်မှန်သည် မဟုတ်မှန်သည်ကို ဇောင်းပေးခြင်းထက် နန်းလျာရသင့်သည့် မင်းသားတစ်ပါး အသွင်ဖြင့်သာ ယူဆပြီး ရေးထားခြင်း 
ဖြစ်ပါတယ် ။ 

အထက်ပါ အကြောင်းအချက်များအရ ပုဂံမြို့တောင်ဘက် မြင်းကပါရွာအနီး 
မြစေတီခြေရင်းတွင် ကပ်လျက်ရှိနေတဲ့ ကျောက်စာတိုင် အသေးကို အခိုင်အမာ ဥပမာပြု၍ ရနိုင်သော်လည်း မြန်မာ့ရာဇဝင် သမိုင်း အစောင်စောင် စာမျက်နှာ အထက်မှ ဖော်ပြခြင်းမရှိပဲ ရာဇကုမာရ် ဆိုတဲ့ အမတ်ကြီး တစ်ယောက် ကွယ်ပျောက်သွားရပုံကို ခန့်မှန်းကြည့်နိုင်သည် ။ 

သင်္ဂြီမဟာထေရ်၏ ဦးဆောင်မှုနှင့် လူဝတ်ကြောင်ကို စွန့်ခွာကာ ရဟန်းတစ်ပါး အနေနှင့် ဘဝသစ်ကို စတင်ကာ အမတ်ကြီး ရာဇကုမာရ်ဆိုတဲ့ ဘဝကို ပြည်ဖုံးကား ချသွားခဲ့သည်လား ။ 

အကြံပြု ဝေဖန်ချက်များကို မျှော်လင့်လျက် ။ 
သျှင်လေညင်း ( ၁၉၊ ၁၁၊ ၂၀၁၅ ) 
ဒေါက်တာ သန်းထွန်း ကွယ်လွန်ခြင်း ဆယ်နှစ်ပြည့် အမှတ်တရ ။
ဓါတ်ပုံကို ဒီဇိုင်းမျိုးဆွေသန်း ဖေ့ဘွတ်မှ ကူးယူဖော်ပြပါသည် ။

AddThis