မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Wednesday 27 March 2013

(၁)။တည်နေရာ အပေါ် အငြင်းပွားမှု။

သုဝဏ္ဏဘူမိ ။

သုဝဏ္ဏဘူမိ တိုက်ပွဲ။

(၁)။တည်နေရာ အပေါ် အငြင်းပွားမှု။

ဦးရည်စိန် ။

တော်လမီ၏ ပထဝီဝင် ကျမ်းတွင်ပါဝင်သော ရွှေကျွန်း ၊ ရွှေကျွန်းဆွယ်သည် လည်းကောင်း ၊ အရှင် ယီကျောင်း၏ ခရီးသွားမှတ်တမ်းလာ ရွှေကျွန်း ( ကျင်းကျိုး) သည် လည်းကောင်း ၊ အာရပ် ( အာရေဗျ) မှတ်တမ်းလာ Zabaj သည်လည်းကောင်း ထပ်တူညီကြောင်းတွေ့ရသည်။ တော်လမီ၏ ပထဝီကျမ်းက မြေပုံနှင့် ယခု အရှေ့တောင်အာရှ မြေပုံတို့ကို ထပ်၍ကြည့်လျှင် တော်လမီကျမ်းတွင် ရည်ညွှန်းထား သော ရွှေကျွန်းသည် အာရှတိုက်၏ တောင်ဖက် အစွန်ဆုံး နေရာ တွင် ရှိကြောင်းကို တွေ့ရသည် ။ တဖန် တော်လမီ၏ ပထဝီဝင်ကျမ်းသည် Besynga ( သို့မဟုတ် အိန္ဒိယ ကျမ်းဂန်လာ Vessunga ဝေသုင်္ဂ ) ကိုဖော်ပြပြီးနောက် Sarabak ကွေ့ကြီး မြောက်ဖက်တွင် မြို့ကြီးလေးမြို့ကို ဖော်ပြထားသည်။ ရွှေကျွန်း ကို Sarabak ကွေ့ သို့မဟုတ် မုတ္တမကွေ့တွင်ရှိကြောင်း မဖော်ပြထားခဲ့ပေ။ အရှင်ယိကျင့်သည် ခရစ်နှစ် ၇ ရာစုအခါ၌ စူမတြကျွန်းကို ရွှေကျွန်းဟု နှစ်ကြိမ်ဖော်ပြထားခဲ့သည် ။ ဤကား သက္ကတ ဘာသာ Suvrgmadviba သို့မဟုတ် ပါဠိဘာသာ သုဝဏ္ဏ ဒီပကို တရုတ်ဘာသာဖြင့် တိုက်ရိုက် ပြန်ထားခြင်းဖြစ်သည် ။ထို့အပြင် အာရေဗျ ( အာရပ် ) ပထဝီဝင် ဆရာ ဗီရူနီသည် Zabaj ကျွန်းများ သီရိဝိဇိယ နိုင်ငံတည် ရှိထား သော ကျွန်းကို ဟိန္ဒူလူမျိုးတို့က Suvarn Div သုဝရ်ဏဒွိပ Suvrana Dvipa ဟုခေါ်ကြောင်းအတိအကျ မှတ်တမ်းတင်ထားခဲ့သည် ။ သီရိဝိဇိယနိုင်ငံတည်ရာ ဌာနသည် စူမတြကျွန်းပင်တည်း ။ ထို့အပြင် အိန္ဒိယနိုင်ငံ သောမဒေဝ ပြုစု သော သမုဒ္ဒရာပုံပြင်၌ ဂုဏဝတီ မင်းသမီးသည် ကဠဟ ယခု မလေးရှား အရှေ့ဘက် ကမ်းခြေရှိ (Kedah ) မှ အိန္ဒိယ နိုင်ငံသို့ အပြန်ခရီးတွင် သုဝရ်ဏဒွိပ ( သုဝဏ္ဏဒီပ ) ကျွန်းတွင် သဘောင်္ ပျက်ခဲ့ ကြောင်း ဖော်ပြထားရာ ဂုဏဝတီ မင်းသမီးစီးခဲ့သော သင်္ဘောသည် မလေးကျွန်းဆွယ် အရှေ့ဘက်ကမ်းမှ စူမတြား ကျွန်း ရေလက်ကြားကို ဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံသို့ ပြန်လာ ရခြင်း ဖြစ်သည် ။ ထို့ကြောင့် ခရစ်နှစ် ၂- ရာစုမှ ၁၁- ရာစုအထိ အိန္ဒိယ၊ ဂရိ၊ တရုတ် နှင့် အရေဗျ မှတ်တမ်းအစောင်စောင်တွင် ဖော်ပြထား သော သုဝရ်ဏဒွိပ/သုဝဏ္ဏဘူမိ သို့မဟုတ် သုဝဏ္ဏ ဒီပ/သုဝဏ္ဏဘူမိ သည် မုတ္တမကွေ့ မြောက်ဘက်တွင်မရှိနိုင် ။ ယခုစူ မတြကျွန်းတွင်သာဖြစ်ကြောင်း ထင်ရှား၏ ။

AddThis