မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Wednesday 27 March 2013

(၁)။တည်နေရာ အပေါ် အငြင်းပွားမှု။

သုဝဏ္ဏဘူမိ ။

သုဝဏ္ဏဘူမိ တိုက်ပွဲ။

(၁)။တည်နေရာ အပေါ် အငြင်းပွားမှု။

ဦးရည်စိန် ။

တော်လမီ၏ ပထဝီဝင် ကျမ်းတွင်ပါဝင်သော ရွှေကျွန်း ၊ ရွှေကျွန်းဆွယ်သည် လည်းကောင်း ၊ အရှင် ယီကျောင်း၏ ခရီးသွားမှတ်တမ်းလာ ရွှေကျွန်း ( ကျင်းကျိုး) သည် လည်းကောင်း ၊ အာရပ် ( အာရေဗျ) မှတ်တမ်းလာ Zabaj သည်လည်းကောင်း ထပ်တူညီကြောင်းတွေ့ရသည်။ တော်လမီ၏ ပထဝီကျမ်းက မြေပုံနှင့် ယခု အရှေ့တောင်အာရှ မြေပုံတို့ကို ထပ်၍ကြည့်လျှင် တော်လမီကျမ်းတွင် ရည်ညွှန်းထား သော ရွှေကျွန်းသည် အာရှတိုက်၏ တောင်ဖက် အစွန်ဆုံး နေရာ တွင် ရှိကြောင်းကို တွေ့ရသည် ။ တဖန် တော်လမီ၏ ပထဝီဝင်ကျမ်းသည် Besynga ( သို့မဟုတ် အိန္ဒိယ ကျမ်းဂန်လာ Vessunga ဝေသုင်္ဂ ) ကိုဖော်ပြပြီးနောက် Sarabak ကွေ့ကြီး မြောက်ဖက်တွင် မြို့ကြီးလေးမြို့ကို ဖော်ပြထားသည်။ ရွှေကျွန်း ကို Sarabak ကွေ့ သို့မဟုတ် မုတ္တမကွေ့တွင်ရှိကြောင်း မဖော်ပြထားခဲ့ပေ။ အရှင်ယိကျင့်သည် ခရစ်နှစ် ၇ ရာစုအခါ၌ စူမတြကျွန်းကို ရွှေကျွန်းဟု နှစ်ကြိမ်ဖော်ပြထားခဲ့သည် ။ ဤကား သက္ကတ ဘာသာ Suvrgmadviba သို့မဟုတ် ပါဠိဘာသာ သုဝဏ္ဏ ဒီပကို တရုတ်ဘာသာဖြင့် တိုက်ရိုက် ပြန်ထားခြင်းဖြစ်သည် ။ထို့အပြင် အာရေဗျ ( အာရပ် ) ပထဝီဝင် ဆရာ ဗီရူနီသည် Zabaj ကျွန်းများ သီရိဝိဇိယ နိုင်ငံတည် ရှိထား သော ကျွန်းကို ဟိန္ဒူလူမျိုးတို့က Suvarn Div သုဝရ်ဏဒွိပ Suvrana Dvipa ဟုခေါ်ကြောင်းအတိအကျ မှတ်တမ်းတင်ထားခဲ့သည် ။ သီရိဝိဇိယနိုင်ငံတည်ရာ ဌာနသည် စူမတြကျွန်းပင်တည်း ။ ထို့အပြင် အိန္ဒိယနိုင်ငံ သောမဒေဝ ပြုစု သော သမုဒ္ဒရာပုံပြင်၌ ဂုဏဝတီ မင်းသမီးသည် ကဠဟ ယခု မလေးရှား အရှေ့ဘက် ကမ်းခြေရှိ (Kedah ) မှ အိန္ဒိယ နိုင်ငံသို့ အပြန်ခရီးတွင် သုဝရ်ဏဒွိပ ( သုဝဏ္ဏဒီပ ) ကျွန်းတွင် သဘောင်္ ပျက်ခဲ့ ကြောင်း ဖော်ပြထားရာ ဂုဏဝတီ မင်းသမီးစီးခဲ့သော သင်္ဘောသည် မလေးကျွန်းဆွယ် အရှေ့ဘက်ကမ်းမှ စူမတြား ကျွန်း ရေလက်ကြားကို ဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံသို့ ပြန်လာ ရခြင်း ဖြစ်သည် ။ ထို့ကြောင့် ခရစ်နှစ် ၂- ရာစုမှ ၁၁- ရာစုအထိ အိန္ဒိယ၊ ဂရိ၊ တရုတ် နှင့် အရေဗျ မှတ်တမ်းအစောင်စောင်တွင် ဖော်ပြထား သော သုဝရ်ဏဒွိပ/သုဝဏ္ဏဘူမိ သို့မဟုတ် သုဝဏ္ဏ ဒီပ/သုဝဏ္ဏဘူမိ သည် မုတ္တမကွေ့ မြောက်ဘက်တွင်မရှိနိုင် ။ ယခုစူ မတြကျွန်းတွင်သာဖြစ်ကြောင်း ထင်ရှား၏ ။

တဖန် မှန်နန်းရာဇဝင်သည် သထုံကို သုဝဏ္ဏဘူမိ ဟုမဖော်ပြခဲ့ ကြောင်း ၊ သုဝဏ္ဏဘူမိကို ဇင်းမယ်တွင် ပြထားကြောင်း သတိပြု သင့်သည် ။ အမှန်ကားသထုံသည် သုဓမ္မဝတီနှင့် ထပ်တူဖြစ်သည် ။ သထုံဟူသည် သုဓမ္မဝတီမှ ပျက်လာသော အမည်လည်း ဖြစ်သည်။ သုဝဏ္ဏဘူမိကို သထုံဖြစ်သည်ဟူသော အစဉ်အလာစကားသည် ခရစ်နှစ် ၁၅-၁၆ ရာစုမှ ပေါ်လာခြင်း ဖြစ်ကြောင်းကို သမိုင်းသုတေသီတို့ အထူးသတိပြုသင့်သည် ဖြစ်သည်( ၁၉၈၅ ခုနှစ် ၊ ဧပြီလထုတ်၊ ဥာဏ်လင်းဓမ္မပဒေသစာ စောင်တွင် စာမျက်နှာ ၁၃၀ မှ ၁၄၀ အထိပါရှိသော ဆောင်းပါး )။

တောင်ပေါက်ဆရာတော်၏ ပထဝီ ကျမ်းမှ ။

မော်လမြိုင်မြို့ တောင်ပေါက်ဆရာတော် ဦးစက္ကပါလ ပြုစုသော " ဗုဒ္ဓ သာသနိကပထဝီဝင် ကျမ်း" ၌ သုဝဏ္ဏဘူမိ ဖြစ်ထိုက်သော နေရာကို " ဝင်္ဂေါပသာဂရခေါ် ဘင်္ဂလားပင်လယ်၏ အရှေ့ဖက် တွင် ရှိခြင်း ၊ တာမလိတ္တ ( ဂင်္ဂါ ) မြစ်ဝနှင့် ယူဇနာ ခုနှစ်ရာ ဝေးကွာခြင်း ၊ ကုန်းမြေမဟုတ် ရေပတ်လည် ဝိုင်းလျက်ရှိသော ကုန်းမြေဖြစ်ခြင်း ၊ လှေသင်္ဘောလမ်း ၊ ရေကြောင်းလမ်း ၊ လှေကြောင်းလမ်းသင့် ၍ အသွားအလာများရာ ဌာနဖြစ်ခြင်း ၊ ယနေ့တိုင် ရှေးဟောင်း သာသနိက အဆောက်အအုံ များစွာရှိ ခြင်း စသော လက္ခဏာများနှင့် ပြည့်စုံရမည် ။ယင်းအချက်များ နှင့်ပြည့်စုံသော နေရာသည် သထုံမဟုတ် စူမားတြားကျွန်းသာ ဖြစ်သည် ဟုဆို၏။ (စက္ကပါလ၊ဗုဒ္ဓ သာသနိကပထဝီဝင် ကျမ်း၊သထုံ ၊ သုဓမ္မဝတီ ပုံနှိပ်တိုက် ၊ဘ ၁၉၅၈၊၂၃၂-၅)

ဦးတင်လှသော် ။

ပညာရှင် ဦးတင်လှသော်ကလည်း အသောကမင်းကြီးစေခိုင်း ချက်အရ သုဝဏ္ဏဘူမိ သို့သောနနှင့် ဥတ္တရ ရဟန်းနှစ်ပါး ရောက်လာပြီး ဗုဒ္ဓဝါဒဖြန့်သည် ဟုမဟာဗုဒ္ဓဝင်ကဆို၏။ သုဝဏ္ဏဘူမိသည် သထုံဖြစ်သည်ဟု ၁၅ ရာစု နှောင်းပိုင်းထိုး ကလျာဏီ မွန်ကျောက်စာကဆိုပြန်၏။ သထုံသည် သုဝဏ္ဏဘူမိ ဟုတထစ်ချ မဆိုနိုင်ပေ။ သို့သော် ရခိုင် ၊ အောက်မြန်မာနိုင်ငံ ၊ ထိုင်းနိုင်ငံ နှင့် မလေးကျွန်းဆွယ် တို့သည် သုဝဏ္ဏဘူမိဖြစ်နိုင် သည်။" ( တင်လှသော် ၊" ရွှေတိဂုံစေတီ၏ သက်တော်" ကန်သာစိမ်းလဲ့စာတမ်းများ ၊ ရန်ကုန်၊ မင်းလှစာပုံနှိပ်တိုက် ၊၁၉၆၉၊စာ ၆၅၊၆)

ဒေါက်တာသန်းထွန်း ။

ဒီနေရာမှာ သုဝဏ္ဏဘူမိ( ရွှေမြေ ) ဟာ ဘယ်နေရာလည်းလို့ ဖော်ပြဖို့ လိုပါတယ် ။မြန်မာနိုင်ငံ ရှိ မွန်တွေက သုဝဏ္ဏဘူမိကို သထုံနယ်လို့ပြောသလို ၊ ထိုင်းမှာရှိတဲ့ မွန်တွေကလည်း သုဝဏ္ဏဘူမိ ဆိုတာ အခုဘန်ကောက်ရဲ့ အနောက်ဘက် မိုင် ၂၀ ကျော်အကွာမှာ ရှိတဲ့ နေရာလို့ပြောပါတယ် ။
မလာလသေကရ (၁၉၈၃) ကတော့သုဝဏ္ဏဘူမိကို အများကပဲ အောက်မြန်မာနိုင်ငံမှာ ရှိတယ်လို့ ယူဆကြတယ် ။ ( ဗဂို ) မော်လမြိုင် ဝန်းကျင်ပေါ့ ။ အလွယ်ပြောရရင် ရန်ကုန်က စကာင်္ပူထိ ကမ်းရိုးတန်း တလျှောက် ဟာ သုဝဏ္ဏဘူမိ ဖြစ်ပါတယ်။ အဲဒီနယ်မှာ ထင်ရှား တဲ့မြို့က သုဓမ္မနာဂရခေါ် စစ်တောင်းမြစ်ဝက သထုံဖြစ်ပါတယ် ။ ဘင်္ဂလားမှာလည်း ဒီနာမည်နှင့် ဒေသတစ်ခုရှိတယ် ။ ဒါကြောင့် သုဝဏ္ဏဘူမိဟာ အိန္ဒိယမှာ တစ်နေရာကျော် အိန္ဒိယမှာ တစ်နေရာရှိပါတယ် ။ ( ကုလားပြည်က နာမည်တွေကို အရှေ့တောင်အာရှမှာ ယူမှည့်ထားတာများလို့ နားရှုပ်စရာ ဖြစ်ပါတယ်။ တကယ်တော့မရှုပ်ပါ ။ အတုနဲ့ အစစ်လို့ ခွဲပြောလိုက်ရင် ဖြစ်ပါတယ် ။ ) ( မလာလသေကရ II ၁၉၃၈၊ ၁၂၆၂)။ ( ဒက္ခိဏ သာခါ ၊၂၀၀၃၊ဇူလိုင်လ၊ ကလျာ မဂ္ဂဇင်း။)

အရှင်သောဏ နှင့် ဥတ္တရ ဆိုတာကလည်း သက်သက်ထွင်တာဖြစ်မယ် ။ဘာပြုလို့လဲ ဆိုတော့ အသောက ဗုဒ္ဓသာသသနာပြုတယ် ဆိုတာကလည်း အခု ကုလားပြည်တွင်း အိန္ဒိယ အနောက်မြောက်နဲ့ အိန္ဒိယ တောင်ပိုင်းကို သာသနာပြု လွှတ်တာဖြစ်မယ် ။ အိန္ဒိယ အပြင်ကို မရောက်ပါ ။ အသောက တည်တယ် ဆိုတဲ့ ဘုရားတွေထဲမှာ ဒီဘုရားလည်း ပါမှာပဲဆိုပြီး ဇွတ်ပြောနေတာ မဟုတ်ပါ ။ အသောကမင်းရဲ့ကျောက်စာတိုင် ၁၃ တိုင်မှာ သာသနာပြု စေလွှတ်ခဲ့တဲ့ နေရာတွေရဲ့ အမည်စာရင်းပါတယ် ။ ( ဟံသာဝတီ ပိဿနိုး ၊၂၀၀၃၊ အောက်တိုဘာ၊ ကလျာ မဂ္ဂဇင်း။)

အသောကမင်း (၂၇၃-၂၃၂ ဘီစီ ) က ဗုဒ္ဓသာသနာ ပြုတွေကို မဇ္ဈိမဒေသကနေပြီး ဒေသအသီးသီးကိုစေ လွှတ်ခဲ့တယ် ။ဘယ်သူ့ကို ဘယ်နေရာသို့ စေလွှတ်တယ် ဆိုတာကို ကျောက်စာမှာ ရေးထွင်း မှတ်တမ်းပြုထားတယ် ။ အဲ့ဒီ မှတ်တမ်း မှာမြန်မာနိုင်ငံ မပါဝင်ပါ။ အဲဒီလိုပဲမြန်မာနိုင်ငံကို ပိဋကတ် သုံးပုံ ဘယ်လိုရောက်ရှိလာတယ်ဆိုတာ ပြောတဲ့ပုံပြင်တွေ အများကြီးပဲ ။အဲဒီအထဲ အထင်ရှားဆုံးကတော့ ပုဂံပြည့်ရှင် အနိရုဒ္ဓနဲ့ ရှင်အရဟံတို့ ပိဋကတ်သုံးပုံကို သထုံက ပုဂံ ကိုပင့်ဆောင်လာပြီး ပုဂံ မှာ ထေရဝါဒ ဗုဒ္ဓသာသနာ ပြန့်ပွားထွန်းကားရေး ဆောင်ရွက်ပုံ၊ သာသနာတော် သန့်ရှင်းစင် ကြယ်စေဖို့ အရည်း ( ကြီး ) များကိုနှိမ်နင်း ဖြိုခွဲပုံ တို့ကို ဖော်ပြတာ ပဲဖြစ်တယ်။ တကယ်ပဲ ၊ အဲ့ဒီပုံပြင်မှန်ကန်တယ် လို့ပြောနိုင်ဖို့ရာ ဘယ်မှာမှ သက်သေ အထောက်အထား မတွေ့ရ။ သမိုင်း အထောက်အထား အရဆိုရင် သြီကြိဘဝနာ ဒိတျဓမ္မရာဇာ ( ထိလိုင်မင်း ) (၁၀၈၆-၁၁၁၃) လက်ထက်ရောက်မှ မြန်မာနိုင်ငံ ပုဂံကို သီရိလင်္ကာ (သီဟိုဠ်) က ပိဋိကတ်သုံးပုံ ရောက်လာတာ လို့မှန်းဆရပါတယ်။ ( မြန်မာနိုင်ငံ ဆိုင်ရာ ဗုဒ္ဓ အနုပညာနှင့် ဗိသု ကာလက်ရာ ၊ ၂၀၀၃၊ သြဂုတ်-အောက်တိုဘာ ရွက်နုဝေ မဂ္ဂဇင်း ။)

(၂)။ ကလျာဏိီ သိမ်ကျောက်စာအညွှန်းအတိုင်းလိုက်ခဲ့စဉ်က။
၁၉ ရာစု နှောင်းပိုင်း မှ နှစ်ဆယ် ရာစုအတွင်း ။

မြန်မာသက္ကရာဇ် - ၈၄၁( အေဒီ-၁၄၇၉ ) တွင် ပခူး ( ဟံသာဝတီ) ဘုရင် ရာမာဓိပတိ( ဓမ္မစေတီ မင်း )သည် ကလျာဏီသိမ် ကျောက်စာကို ရေးထိုးသည့်အခါ ၎င်း သုဝဏ္ဏဘူမိ သည် သုဓမ္မပူရသထုံ ဂေါဠမတ္တိကနှင့် တိုက်ကလား ဟုအမည်များ ဖြစ်ကြောင်း မင်းနေပြည်တော်သည် ကေလာသပေါ ဘုရား၏ အနောက်မြောက် ထောင့်တွင်ရှိ ကြောင်း မြို့တဝက်ကား တောင်ပေါ်၌ရှိ၍ အခြား တဘက် ကားညီသောမြေပြင် ဖြစ်ကြောင်း ရေးထိုးခဲ့ သည်ကို တွေ့ရသည်။ ထို့ကြောင့် ရှေးဟောင်း သုတေသန အရာထမ်းများဖြစ်ကြသည့် မစ္စတာ အီး ဖော်ခမ်းမား မှ၁၈၈၁ တွင် နှင့် မစ္စတာ တော်စိန်ခို ၁၈၉၁-၉၂ ခုနှစ်၌ မွန်ပြည်နယ်၊ သထုံ ခရိုင်၊ ဘီးလင်းမြို့နယ်၊ ကေလာသ တောင်သို့ သွားရောက်လေ့လာခဲ့သည်။ ကေလာသ တောင်ခြေ ဝင်းကရွာ နှင့် ကင်းရွာ အကြား၌ ရှေး သုဝဏ္ဏဘူမိ မြို့ရိုးအကြွင်း ကျန်ကို တွေ့ရှိခဲ့ကြောင်း ၊ နှစ်ဦးစလုံးမှ မှတ်တမ်းတင် ထားခဲ့ သည်။၁၉၅၈ ခုနှစ်သို့ ရောက်သည့်အခါ ရှေးဟောင်းသုတေသန ဝန် ဦးဖိုးလတ်နှင့် မြန်မာနိုင်ငံ သမိုင်း ကော်မတီ အဖွဲ့ဝင် ပါမောက္ခ လု့စ် နှင့် ဒေါက်တာ ဒေါ်သင်းကြည် တို့သည် ကေလာသ တောင်ခြေမှ ယခု တိုက်ကလား မြို့နေရာကို လည်းကောင်း ၊ယခု သထုံမြို့ နေရာရှိ သထုံမြို့ ဟောင်းကို လည်းကောင်း ကွင်းဆင်း၍ ဖော်ထုတ်ပေးခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် ရှေးဟောင်းသုတေသန ဌာနမှ သုဝဏ္ဏဘူမိ သထုံမြို့ဟောင်းကို စတင် တူးဖော်သုတေသနပြုခဲ့သည်။၁၉၇၅ မှ ၁၉၇၈ ခုနှစ်အထိ မွန်ပြည်နယ်၊ သထုံ ခရိုင်၊ ဘီးလင်းမြို့နယ်၊ ကေလာသ တောင် ခြေရှိ မယက်သမ နှင့် ဝင်းက မြို့ဟောင်း တို့ကို တူး ဖော်သုတေသန ပြုခဲ့သည်။ ၁၉၈၆ မှ ၂၀၀၀ အထိ ကျို က္ကသာ မြို့ဟောင်းကိုလည်းကောင်း ၊ ၂၀၀၀ ခုနှစ် တွင် သထုံမြို့ ဟောင်းကိုလည်းကောင်း တူးဖော်၍ သုတေသန ပြု ခဲ့ကြသည်။ ဤကဲ့သို့ သုတေသနတူးဖော်မှုလုပ်ငန်းများ၏ ပဏာမ တူးဖော်မှု မှတ်တမ်းများအရ ဘီစီ ၃ ရာစု နှစ်အထိ ရှေးကျ နိုင်သော အထောက်အထားများ ခိုင်ခိုင်မာမာတွေ့ရှိရ ကြောင်း မသိရသေးပဲ ၊ အထောက်အထား အများစုမှာ ပုဂံခေတ် အေဒီ ၁၁ ရာစု အထောက်အထားများသာ ဖြစ်ကြောင်း ဖော်ပြထား ပါသည်။

ဒေါက်တာ အီး ဖော်ခမ်းမား ၏သထုံကွင်းဆင်းခရီး ။

ပါဠိစာပေ ပါရဂူ ဖြစ်၍ အစိုးရ ကခန့် ထားသော ရှေးဟောင်း သုတေသန အထူးအရာရှိကြီး ဒေါက်တာ ဖော်ခမ်းမားသည် သုဝဏ္ဏဘူမိ၊သထုံမြို့ဟောင်းကို ပထမ ကွင်းဆင်းလေ့လာခဲ့သူ ဥရောပတိုက် သားဖြစ်သည် ။သုဝဏ္ဏဘူမိကို ဖော်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် ၁၈၈၁ ခုနှစ်တွင် ကွင်းဆင်းခဲ့သည် ။ ၎င်း၏အစီရင်ခံစာ ( Note on the early History and Geography of British Burma Mission to Suvannabhumi ) တွင် နေရာကို ဘီးလင်းနယ် ကေလာသတောင်ခြေမှာ တိုက်ကုလားမြို့ ဟောင်းကို ဦးစွာ ဖော်ပြထားပါသည်။ ပါဠိစာပေ ပါရဂူတစ်ဦးဖြစ်သည့်အားလျော် စွာ ကလျာဏီသိမ် ကျောက်စာမှ လမ်းညွှန်ချက်ဖြင့် တိုက်ကုလား မြို့ဟောင်းကို ရှာဖွေနိုင်ခဲ့သည် ။ ကေလာသ တောင်ထိပ်ရှိ ကေလာသစေတီ သည် ကျောက်စာ ၌ဖော်ပြထား သော ကေလာသပ္ဗ္ဗတစေတီပင် ဖြစ်၍ မွန်ဒေသရှိစေတီ တို့ကဲ့ သို့ပင် မြေမီးဖုတ်အုတ်နှင့် ဂဝံ အုတ်ချပ်များဖြင့် တည်ထားခဲ့သည် ။ ကျောက်စာပါ ကေလာသဝိဟာရ ကျောင်းတော်၏နေရာ ၊ ၎င်း၏အနောက်ဖက် တောင်ခြေ တစ်လျှောက်ရှိ အယက်သမ နှင့် ကင်းရွာတို့ အကြားရှိ ( ဝင်းက ရွာ) မှာ ယခင်က တိုက်ကုလားမြို့ဟုခေါ်သော မြို့ဟောင်းဖြစ် သည်။ကြွင်းကျန်ရစ်သော အပျက်အဆီး များမှာ ကလျာဏီသိမ် ကျောက်စာတွင်ထော်ပြထားသော ဂေါဠမတ္တိကနာဂရ မြို့ဟောင်း ဖြစ်ကြောင်း ခိုင်လုံသည် ။ ကောက်ချက် မှာ
-အရှင် သောဏနှင် ဥတ္တရတို့ ဆိုက်ရောက်သော နေရာမှာ သထုံမဟုတ် ၊ သထုံမှ ၂၂ မိုင်ကွာဝေးသော တခါက ပင်လယ် ဆိပ်ကမ်းဖြစ်သည့် ဂေါဠမတ္တိကနာဂရသာဖြစ်သည်ဟူ၏။သို့ဖြစ်၍ သုဓမ္မပူရ မှအမည်ရွှေ့လျောလာသော သထုံသည် အရှင်သောဏ နှင့် ဥတ္တရ တို့ ဆိုက်ရောက်လာသည့် နေရာမဟုတ် သည့်အပြင် မြန်မာနိုင်ငံဗုဒ္ဓဘာသာ စတင်ထွန်း ကားရာ ဒေသမဖြစ်နိုင်ကြောင်း ထို့နောက် သထုံဒေသ ၏ ရှေးဟောင်း လက်ရာများသည် ဂေါဠမတ္တိကနာဂရ ( တိုက်ကလား ) မှဆင်းသက်လာခြင်းမှာ မဖြစ်နိုင်ကြောင်း နှင့် သထုံမြို့ရှိရှေးဟောင်း ပစ္စည်းများမှာ အေဒီ -၃ ရာစုထက်ပို ၍ရှေး မကျနိုင်ကြောင်း သို့သော် ကုမာရစေတီတော်၏ တောင်ဖက် ရေကန်အနီးတွင် မြေထဲ၌ တစ်ပိုင်း နစ်မြှုပ် လျှက်ရှိ သော ထူးဆန်းသောပုံသဏ္ဍာန် ထုလုပ်ထားသော ကျောက်တုံး ကြီးတွေ့ ရကြောင်း ဖော်ပြထားသည်။

မစ္စတာ တော်စိန်ခို ၏သထုံကွင်းဆင်း ခရီး ။

ဒေါက်တာ ဖော်ခမ်းမား ၏ နောက်တွင် ၁၈၉၁ ခုနှစ်၌ ကလျာဏီသိမ် ကျောက်စာ အတိုင်း သုဝဏ္ဏဘူမိကို ကွင်းဆင်းလျက်ရှာဖွေ ခဲ့သူ မှာ ကမ္ဗည်းကျောက်စာ ဌာနဝန် မစ္စတာ တော်စိန်ခို ဖြစ်သည်။သထုံနန်းတော်ကုန်း မှ သိကြားဘုရား မုဒ်ကပ်များတွင် ထည့် သွင်းထားသော မြေမီးဖုတ် ရုပ်ကြွများကို အကဲဖြတ်ရာတွင် ဟိန္ဒူ ဗြဟ္မဏဝါဒကို သက်ဝင်ယုံကြည်သူများဖြစ်နိုင်၍ ယဉ်ကျေးမှုရှိပြီးသူများ ဖြစ်ကြောင်း၊ အမျိုးသမီးများ ဆံပင်ထုံးဖွဲ့ မှုမှာ မွန်ဂိုလွိုက် ဆန်သည် ဟုယူဆကြောင်း သိရသည်။ထိုမှတဖန် ဘီးလင်းမြို့(၈) မိုင်အကွာရှိ ကုသိနာရုံတောင်ပေါ်သို့ သွားရောက်ကာ ဆံတော်ဌာပနာ ထားသော ကျောက်သပိတ် တစ်လုံးကို ဦးတိုက်ကာလဲလျောင်းလျက်ရှိသော အရှင်သောဏ နှင့် ဥတ္တရပုံတော်မှာ ကိုယ်လုံးပြည့်ဖြိုးကာ နှဖူးမောက်ပြီး ရှည်လျားသော နှာတံရှိ၍ နှုတ်ခမ်းထူပုံ ၊ ရင်ပြင်တော်၏ ထောင့်လေးထောင့် တွင် မနုသီဟဟုခေါ်သော ထူးဆန်းသော သတ္တဝါများ၏ ရုပ်ပုံများအကြောင်း အစီရင်ခံစာတွင်ထည့်သွင်း ဖော်ပြခဲ့ပါသည်။ဘီလင်းမြို့မှ (၆)မိုင်အကွာရှိ ဇုတ်သုတ်ရွာ ကျိုက်ထီးဆောင်း ဘုရားတွင် ဂဝံနှင့် ထုလုပ်ထားသော သာသနိက ပစ္စည်းများတွေ့ခဲ့သည် ဆိုထား၏။ ထိုမှတဆင့် ကေလာသတောင်ပေါ်စေတီတွင် စေတီမှာ အသစ်ပြန်လည် ပြုပြင်ထားသည် မနုသီဟရုပ်တုကိုလည်း တွေ့သည်ဟု မှတ်တမ်းတင်ထားပါသည် ။ ထိုမှ ၄ မိုင်ခန့်ဝေးသော အယက်သမ တွင်လည်း ဒေါက်တာ ဖော်ခမ်းမားကဲ့သို့ပင် ဂေါဠမတ္တိကနာဂရ ( တိုက်ကလား ) မြို့ဟောင်းပင်ဖြစ်၍ မြို့ရိုး ရာဟောင်း ကျုံးရာဟောင်းများကို တွေ့ခဲ့ကြောင်း တင်ပြထား ပါသည်။ထူးခြားချက်မှာ ဒေါက်တာဖော်ခမ်းမား ရောက်ခဲ့သော ၁၈၈၁ ခုနှစ်တွင် ပင်လယ်နှင့် ၁၂ မိုင်ခန့် ဝေးကွာနေသေးသော အနောက်ဖက် ဖက်မြေပြန့်ပိုင်းမှာ တော်စိန်ခို ရောက်သွားသည့် -၁၈၉၁ တွင်ပင်လယ် ရေတိုက်စားသွားပြီဖြစ်ကြောင်း သိရှိရပါ သည်။ မစ္စတာ တော်စိန်ခိုသည် ရာမည ခရီးစဉ်ကို ခြုံငုံ၍ သုံးသပ်ရာတွင် ပေစာ အထောက်အထား အလွန် ရှားပါးကြောင်း ၊ ရှေးဟောင်းအဆောက်အအုံများကို ပြန်လည်ပြုပြင်ထား ၍ အသစ်ပုံပေါက်နေကြောင်း ၊ အိန္ဒိယ နိုင်ငံမြောက်ပိုင်းရှိ စေတီများနှင့် ဂူသင်္ချိုင်း များကဲ့သို့ အဆောက်အအုံ တစ်ခုတလေ မှမတွေ့ရှိရပဲ ၊ အာသောက ခေတ်ရေး အက္ခရာမျိုးဖြင့် မှတ်တမ်းတင်ထားသော ကျောက်စာ၊ကမ္ဗည်းစာ မျိုး မိမိ မတွေ့ခဲ့ရကြောင်း ၊ ရှေးဟောင်း အထောက်အထား မျိုးကို ရာမညဒေသမှာကော မြန်မာဘုရင်များ သထုံကို အောင်နိုင်ပြီး သိမ်းယူသွားသည်ဆိုသော ပုဂံတွင်ပါ မတွေ့ရသဖြင့် အရှင်သောဏ နှင့် ဥတ္တရတို့ တတိယ သင်္ဂါယနာတင်အပြီး သာသနာပြုလာရောက်ခဲ့သည် ဆိုသော မဟာဝံသကျမ်းနှင့် အခြားဗုဒ္ဓဘာသာကျမ်းများ ၏ အဆိုအမိန့် များအပေါ် ၎င်း သံသယဖြစ်မိကြောင်း တို့ဖြစ်ပါသည် ။

ထိုပညာရှင်နှစ်ဦးသည် တညီတညွတ်တည်း မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကေလာသ တောင်ခြေရှိ တိုက်ကလား မြို့ဟောင်း ကို သုဝဏ္ဏဘူမိဟု တညီတညွတ်တည်း အတည်ပြုခဲ့ကြသည် ။သို့သော် သုဝဏ္ဏဘူမိကိုမူ အရှင်သောဏ နှင့် အရှင် ဥတ္တရ တို့ လာရောက်၍သာသနာ ပြုခဲ့ သည်ဆိုသော ဘီစီ ၃၀၇ ခုနှစ် ထက် နောက်ကျမှ တည်သည် ဟုယူဆထားကြသည်။

ဦးမြ၏ သုဝဏ္ဏဘူမိ ခရီးစဉ် ။

ဦးမြသည် ကမ္ဗည်းကျောက်စာဝန် ဖြစ်လာပြီးနောက် ၁၉၃၃-၃၄ တွင် သထုံမြို့ဟောင်းသို့ ကွင်းဆင်း၍ မွန်ရှေးဟောင်း ကျောက်စာများကိုစုစည်းခဲ့ ရာ ဒေသအတွင်း ကျောက်စာ ၇ ချပ် ရခဲ့ကြောင်းသိရပါသည် ။ပါဠိဘာသာနှင့် မွန်ဘာသာများ ရေးထိုးထားသည်ဟု ဆို၏။အမြင့် ၆ ပေခန့် ရှိသော ကျောက်စာတစ်ချပ်တွင် ရုပ်ပွားတော် တစ်ဆူပုံကို ခပ်ရေးရေးမြင်ရပြီး ဒီပင်္ကရာဗုဒ္ဓ ပုံတော်ဖြစ်မည်ဟု ခန့်မှန်းသည် ။ သာဝက တပါးပုံလည်း ပါသည် ။ ( Maung Mya , Exploration in Burma: Inscription from Thaton; ASI,1930-34,p.176 ) အက္ခရာတစ်ချို့ကို ကြည့်ပြီး ခရစ်နှစ် ၁၁-၁၂ ရာစုဟုခန့်မှန်းသည် ။ ဒုတိယကျောက်စာ ၊စတုတ္ထ ကျောက်စာ တို့မှ လက်ရေးအရ ၁၁-၁၂ ရာစု ဟုခန့်မှန်းသည် ။ တတိယ၊ ပဉ္စမ နှင့် သတ္တမ ကျောက်စာတိုင်မှာ ပျက်ဆီးနေပြီဖြစ်သည် ။ ဆဌမ ကျောက်စာမှာ ခရစ်နှစ် ၁၅ ရာစု အတွင်း က ဟံသာဝတီ ဘုရင် ဓမ္မစေတီမင်း (၁၄၇၂-၁၄၉၂) လက်ထက်တွင် စိုက်ထူခဲ့သည့် ကျောက်စာ ဟုဆိုနိုင်၍ ဗုဒ္ဓမြတ်စွာ၏ သွားတော်ဓါတ် ၃၃ ဆူကို ဌာပနာထား ကြောင်းဖော်ပြ သည့်ကျောက်စာ ဖြစ်သည် ။ တဖန် ဦးမြသည် သထုံ သိကြားဘုရားမှ မြေမီးဖုတ် ရုပ်ကြွ များ၏ ရက်စွဲကို လည်း ခရစ်နှစ် ၁၁-၁၂ ရာစုနှစ် ခန့်မှန်း ရက်စွဲကိုသာ ပေးပြီး သထုံ ကလျာဏီ သိမ်ကျောက်စာနှင့် သိမ်နိမိတ်တိုင် ကျောက်ဆစ် ရုပ်တု အနုပညာလက်ရာက်ုလည်း ခရစ် ၁၂ ရာစု ခန့်မှန်းရက်စွဲကိုသာ ပေးခဲ့သည် ။ ဦးမြ သည် အထက်က မစ္စတာ တော်စိန်ခို အစီရင်ခံခဲ့သော သထုံသိကြား ဘုရား မှ မြေမီးဖုတ် ရုပ်ကြွများကို သီဝနတ် ကိုးကွယ်မှုဆိုင်ရာ ဟိန္ဒူဗြဟ္မ နဘာသာရေး ရာမာယန ဇာတ်ကွက်များ ဟုမှားယွင်းစွာအကဲ ဖြတ်ခဲ့သည်ကို မဟာနိပါတ်တော် ဗုဒ္ဓဝင် ဇာတ်တော်ကြီးများ ကို သရုပ်ဖော် တင်ပြထားခြင်းဖြစ်ကြောင်း သုတေသန နှင့်တကွ သက်သေပြနိုင်ခဲ့သည် ။ ပေါမောက္ခ ဂျီ အိပ်ခ်ျ လု့စ်မှလည်း စစ်ဆေး၍ အတည်ပြု ထောက်ခံပေးခဲ့ပါသည် ။ ခရစ်နှစ် ၁၁-၁၂ ရာစု ဟူသော ခန့်မှန်း သက္ကရာဇ်ကိုမူကား မှတ်ချက်တစုံတရာ မပေးခဲ့ပေ။

ဦးဖိုးလတ်၏ သုဝဏ္ဏဘူမိ ခရီးစဉ် ။

သုဝဏ္ဏဘူမိရှာဖွေမှုကို တတိယကဏ္ဍဖွင့်လစ် ပေးသူမှာ မြန်မာနိုင်ငံ ရှေးဟောင်း သုတေသန ညွှန်ကြားရေးဝန် ဦးဖိုးလတ်ဖြစ်သည်။ ဦးဖိုးလတ်သည် ပါမောက္ခ လု့စ် ၊ ဗိုလ်မှူး ဘရှင်တို့ နှင့်အတူ သုဝဏ္ဏဘူမိ တည်ရှိရာဒေသ သထုံသို့ ၁၉၅၈ ဧပြီ ၂၂ ရက်နေ့မှ ဧပြီ ၃၀ အထိ ကွင်းဆင်း၍ သုတေသန ပြုခဲ့သည် ။ ၁၉၅၉ ဧပြီ ၃ တွင် ပုဂံမြို့ဟောင်း ၌ကျင်းပခဲ့သော ပုဂံရက်သတ္တ ပတ်စာတမ်းဖတ်ပွဲတွင် မြန်မာနိုင်ငံ ယဉ်ကျေးမှု ကြီးများနှင့် ယဉ်ကျေးမှု တည်ရှိရာဌာနများ အမည်နှင့် စာတမ်း ကို တင်သွင်း ဖတ်ကြားခဲ့ရာ သထုံဒေသရှိ ရှေးဟောင်းမြို့ ကြီးများ ၏ အထောက်အထား များကို မိမိမြင်ခဲ့ကြောင်း ကိုဖော်ပြခဲ့ပါသည်။ ဦးဖိုးလတ်သည် ၁၈၈၁ ခုနှစ်က ဒေါက်တာ အီးဖော်ခမ်းမား သွားရောက်ခဲ့သော ခရီးနှင့် ၁၈၉၁ ခုနှစ်က မစ္စတာ တော်စိန်ခို သွားရောက်ခဲ့သော ခရီးကို ပြန်လည်စစ်ဆေး ခဲ့ပါသည် ။ မကြာသေးမီက ထိုကေလာသ တောင်ခြေရင်းသို့ မြန်မာနိုင်ငံ သမိုင်းပညာရှင်ကြီးများ ဖြစ်ကြသော ပါမောက္ခ လု့စ်နှင့် ဗိုလ်မှူး ဘရှင်တို့နှင့်အတူသွားရောက်လေ့လာခဲ့သော ယခု အယက်သမ ဟုခေါ်တွင်နေသော တိုက်ကုလားမြို့ဟောင်း နေရာတွင် မြို့ရိုးရာ နှင့်မြို့ရိုး ဟောင်းကြီးများတွေ့ရှိခဲ့ကြောင်း ကိုလည်း တင်ပြထား ပါသည်။ထိုရွာအနီးရှိ ဝင်းက ဟုခေါ်သော ရွာတွင်လည်း ရှေးအခါက ဂေါမုတ္တိလဟု အမည်တွင်သော မြို့ဟောင်းရာ နှင့်မြို့ရိုးအကြွင်းအကျန်များကိုလည်း တွေ့ခဲ့ရ ကြောင်း ဖော်ပြပါသည်။ သို့ဖြစ်၍ ကေလာသ တောင်ခြေတွင် မြို့ရိုးရာနှစ်ခုရှိကြောင်း ခွဲ၍ တင်ပြထားသည် ။
ရှေးဟောင်းသုတေသန ဝန်၏ ၁၉၅၇-၅၈ နှစ်ချုပ်အစီရင်ခံစာ တွင်
- သုဝဏ္ဏဘူမိတိုင်းဆိုသည်မှာ အောက်မြန်မာနိုင်ငံ သထုံဒေသ အပါအဝင်ဖြစ်သည်။ယင်းသထုံဒေသ သည် သမိုင်းခေတ်စဉ် အရပုဂံ အေဒီ ၁၁ ရာစုထက် ပို၍ရှေးကျသည်။
- ပုဂံ အနော်ရထာမင်းလက်ထက် ( အေဒီ ၁၀၉၇) တွင် စစ်ချီတက်တိုက်ခိုက်သိမ်းသွင်းခဲ့သော သထုံ ဆိုသည်မှာလည်း အောက်မြန်မာနိုင်ငံ မှသထုံပင်ဖြစ်သည် ။ ထိုင်းနိုင်ငံ အတွင်းရှိ နကွန်ပထုမ် မြို့မဟုတ် ။
- သထုံမှ ပိဋိကတ်ကျမ်းစာများ ၊ ကျမ်းဂန်တတ်ရဟန်းတော်များ ပုဂံ သို့ရောက်ရှိပြီး၊ ဗုဒ္ဓသာသနာ ပို၍စည်ပင်ထွန်းကားသည် ။ ထိုအချက်ကိုထောင်၍ သထုံသို့ ပိဋိကတ်တော်များ ရောက်ရှိလာပုံ ကိုလည်း အရှင်မဟာ ဗုဒ္ဓဃောသမထေရ် ဆောင်ယူလာခဲ့ ခြင်းဖြစ်ကြောင်းကို ဆိုလိုသည်။
- မိမိကိုယ်တိုင် ကွင်းဆင်း၍ ကေလာသတောင်ခြေမှ ၊ ဂေါဠမတ္တိကနာဂရ ၊ တိုက်ကုလားမြို့ ကိုရှာဖွေတွေ့ရှိခဲ့ကြောင်းဖော်ပြထားသဖြင့် အရှင်သောဏ နှင့် ဥတ္တရမထေရ်တို့ သာသနာပြုရန် ကြွရောက်သည်ဆိုသော သုဝဏ္ဏဘူမိ၊ သုဓမ္မဝတီ မြို့ဟောင်းသည် ၎င်း ကေလာသတောင်ခြေ ဒေသပင် ဖြစ်နိုင်ကြောင်း ခန့်မှန်းယူဆသည် ။
- သို့ရာတွင် ရှေးဟောင်း အဆောက်အအုံ ဗိသုကာ လက်ရာ အထောက်အထား များအနေနဲ့မူ သထုံဒေသတွင် မယ်မယ်ရရ မိမိမတွေ့ရကြောင်း အဆိုပြုထားသည်။( မွန်တို့၏ သထုံယဉ် ကျေးမှုမှာ အများအားဖြင့် အိန္ဒိယပြည်၏ အရှေ့ဘက်ကမ်းခြေ ဒေသဖြစ်သော ကာလိင်္ဂ ၊ တေလင်္ဂန၊ အန္ဓာရစသောနိုင်ငံတို့မှ ရရှိ၍ ၊ ဗိသုကာအတတ်၊ ပန်းပုအတတ်၊ ပန်းရန်အတတ်၊ ပန်းပဲ အတတ်၊ နက္ခတ်ဗေဒင်အတတ်၊ ဆေးအတတ်၊ ကဗျလင်္ကာအတတ်၊ ပန်တျာအတတ် စသည်တို့၌ အဆင့်အတန်း မြင့်ခဲ့သည်ဟု ယုံကြည်ရန်ရှိပေသည်။ ၎င်းရှေးမွန် ယဉ်ကျေးမှုအဆောက်အအုံနှင့် အနုပညာလက်ရာ အကြွင်းအကျန်တို့သည် အောက်မြန်မာနိုင်ငံ အနှံအပြားရှိသည် ဟု မိမိယူဆကြောင်း ၊ သို့ရာတွင် များစွာတို့မှာ မြေပေါ်တွင်မရှိ တော့ပဲ မြေအောက်တွင်သာ ခိုအောင်းနေပြီးလျှင် တောကြီးများ ဖုံးလွှမ်းနေသည်ဟု ထင်ရန်ရှိကြောင်း ၊ သို့ဖြစ်၍ တူးဖော်ရန် လည်း လွယ်ကူတော့မည်မဟုတ်ကြောင်း တင်ပြထားပါသည် ။( ဖိုးလတ်၊၁၉၆၁၊ စာ -၁၉) ။
ပုဂံရက်သတ္တပတ် ဟောပြောပွဲများတွင် ကျွန်ုပ်တို့ ထုတ်ဆိုခဲ့ သော အချက်တစ်ရပ်ကို တင်ပြပါမည် ။ ထိုအချက်မှာ သုတေသ တစ်စုတို့က ပုဂံရှိ အဆောက်အဦးများအနက် အချို့တို့ကို မွန် လက်ရာဟူ၍လည်းကောင်း ၊ အချို့တို့ကို မြန်မာလက်ရာ ဟူ လည်းကောင်း ခွဲခြားခေါ်ပြ ယူဆလျှက်ရှိသည်မှာ အဓိပ္ပါယ် မရှိဟူသော အချက်ပင်ဖြစ်သည် ။ ပုဂံ ပြည်ရှိ အဆောက်အဦး များနှင့် ပန်းချီ ၊ ပန်းပု၊ အင်္ဂတေပန်း၊ စဥ့်ချပ်၊ အုတ်ခွက် စသည် တို့ကို မွန်လက်ရာဖြစ်သည် ။ မြန်မာလက်ရာ ဖြစ်သည်ဟု ပြောဆိုယူဆခြင်း၏ အကြောင်းရင်းမှာ အချို့အဆောက်အဦးတို့ ၏ နံရံစသည်တို့တွင် လည်းကောင်း၊ မွမ်းမံ သင်းနှံထားသည့် ပန်းချီ၊ ပန်းပု၊ စဥ့်ချပ် ၊ အုတ်ခွက် စသည်တို့တွင်လည်းကောင်း မွန်ဘာသာဖြင့် စာများကို ရေးသား လျှက်ရှိသည်ကို တွေ့ရ၍ ၊ အချို့တို့တွင်သော် မြန်မာဘာသာ ဖြင့် စာများကို ရေးသားထား သည်ကိုတွေ့ရခြင်းဖြစ်သည် ။
ပုဂံပြည်၌ ကျန်စစ်သားမင်း လက်ထက်တွင် ဆောက်လုပ်သော အဆောက်အဦးများကို မွန်လက်ရာများဖြစ်သည်ဟု ယူဆပြောဆိုရာ၌ ယင်းအဆောက်အအုံများတွင် မွန်စာပေ အရေးအသားများ တွေ့ရသည်မှတပါး အခြားခိုင်လုံသော အကြောင်း ယုတ္တိများလည်း မည်သည်မျှမရှိခြေ။ ယင်း အဆောက်အဦး ပုံပန်းသဏ္ဍာန်နှင့် ဗိသုကာ လက်ရာများ ၏ အင်္ဂါ လက္ခဏာရပ်များကို ထောက်ခြင်းဖြင့် ယင်းတို့မှာ မွန် တို့၏ သထုံ လက်ရာများ ဖြစ်သင့်သည်ဟု ဆိုလောက်လောက်အောင် ယင်းတို့၏ အသွင်သဏ္ဍာန် အင်္ဂါရပ်များနှင့် တူညီသည့် မူရင်းပုံ ( Proto Type ) ဟုခေါ်ဆိုထိုက်သော ယင်းတို့ ထက်ရှေးကျသည့် အဆောက်အဦး အနုပညာလက်ရာ စသည်တို့ကို မွန်တို့ နေထိုင်ခဲ့သော ပြည်နယ်တွင် ဘာတစ်ခုမှ တွေ့ရှိရခြင်းလည်း မရှိချေ ။ မွန်တို့၏ ရှေးအဆောက်အဦး များနှင့် အနုပညာ လက်ရာများမှာ လွန်စွာယိုယွင်း ပျက်စီးလွယ်သော ဂဝံ ကျောက် ဖြင့် သာပြီးသဖြင့် ပုဂံ ခေတ် အဆောက်အဦး နှင့် လက်ရာများ၏ စံပြအနေဖြင့် ယူဆရန် မည်သည့်အရာမှ ကြွင်းကျန်ခဲ့ခြင်း မရှိတော့ချေဟု ဆိုသင့်သလောက်ပင် ရှိချေ၏ ။
အနည်းငယ်မျှသာ တွေ့ရသော သထုံ၊ သိကြားဘုရားအနီး ၊ ကလျာဏီသိမ်နိမိတ်တို့၌ လိပ်သည်းကျောက် ပန်းပုလက်ရာနှင့် စပ်လျဉ်း၍လည်း ထုလုပ်သည့် ခေတ်များကို ခန့်မှန်းရန် လွန်စွာခ ယဉ်းလျက်ရှိပေသည် ။ ( ဦးဖိုးလတ်၊ ရှေးဟောင်းမြန်မာ ရာဇဝင်နှင့် ယဉ်ကျေးမှုသုတေသန ၊ ရန်ကုန်၊ ပညာနန္ဒ ပုံနှိပ်တိုက်၊၁၉၆၂၊ စာ ။၄၃-၄၄)။

ဦးမြင့်အောင် တူးဖော်ခဲ့သော တိုက်ကုလားမြို့ဟောင်း နှစ်ခု ။

၁၉၇၄ ခုနှစ်တွင် မွန်ပြည်နယ် သထုံခရိုင်နှင့် မော်လမြိုင် ခရိုင် များသို့ သုတေသနမှူး ဦးမြင့်အောင်ခေါင်းဆောင်၍ သုတေသန ပြုခဲ့ သည် ။ ထိုကွင်းဆင်းအဖွဲ့သည် ပထမမြို့ဟောင်းဖြစ်သော အယက်သမရွာနှင့် ဒုတိယမြို့ဟောင်း ဖြစ်သော ဝင်းကရွာ တို့ ကိုဦးစားပေး အဖြစ်တူးဖော်ခဲ့ပါသည် ။ ပင်လယ်နှင့်နီး ကပ်စွာတည်ရှိ၍ ဓမ္မစေတီမင်း ရေးထိုးခဲ့သော ပဲခူး ကလျာဏီ သိမ်ကျောက်စာတွင် သုဝဏ္ဏဘူမိမြို့တော်တစ်နေရာဖြစ် ကြောင်း ပါရှိ၍ ထို မြို့ဟောင်းနှစ်မြို့ ကို ဦးစားပေး တူးဖော်ရခြင်း ဖြစ်သည် ။ သို့သော် မွန်ယဉ်ကျေးမှု ကိုဖော်ထုတ် သကဲ့သို့ ရခိုင်ယဉ်ကျေးမှုကို ဖော်ထုတ်သင့်ကြောင်း နှိုးဆော်တိုက်တွန်း မှုများ ရုတ်တရက် ပေါ်ပေါက်လာသဖြင့် ယခုမွန်ပြည်နယ်တွင် ကွင်းဆင်းလျှက်ရှိ သော အဖွဲ့ကိုပင် ရခိုင်ပြည်နယ်ရှိ ဝေသာလီ မြို့ဟောင်းတူးဖော်မှုသို့ စေလွှတ်ခဲ့ရသဖြင့် သုဝဏ္ဏဘူမိ ရှာဖွေရေး တခန်းရပ်ရပြန်လေသည် ။

၃။ နောက်ဆက်တွဲ ။

မွန်ပြည်နယ်တွင် ဒူးရင်းသီး သာပေါသည် ဆိုသော ဒေါက်တာ သာလှ ။

ရန်ကုန်တက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဒေါက်တာသာလှ သည် ၊ ကမ္ဘာ့စားနပ် ရိက္ခာ ( FAO ) အဖွဲ့ ညွှန်ကြားရေးမှူး အဖြစ် ထိုင်းနိုင်ငံ သို့ ရောက်ရှိနေစဉ် ထိုင်းတို့၏ အောင်မြင်လှသော သုတေသန ရလာဒ်များကို သထုံဒေသ ရှိရလာဒ် များနှင့် ချိန်ထိုး ကြည့် ခဲ့သည် ။ ဤတွင် သထုံဒေသမှ သုတေသန ရလာဒ်မှာ အားနည်းနေပြီး ထိုင်းတို့၏ သုတေသန ရလာဒ်မှာ အားသာနေ ရာ ဆရာကြီး သည် သထုံနှင့် နန်ကွမ်ပထုမ် ဟူသော သုတေသန ဆောင်းပါး တစ်စောင်ကို ရေးပြီး ဂျပန်နိုင်ငံ တိုကျို မြို့မှ ရှီရိုကူ စာစောင်တွင် ထည့်သွင်းဖော်ပြခဲ့ပါသည် ။ ၎င်းတွင်
- သထုံသည် သုဝဏ္ဏဘူမိ မဟုတ်ကြောင်း
- ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှ အနောက်စူးစူး ၆၀ ကီလိုမီတာ အကွာရှိ နကွန်ပထုမ် သာ သုဝဏ္ဏဘူမိ ဖြစ်ကြောင်း
- အနော်ရထာသည် ဘုရားသုံးဆူ တောင်ကြားလမ်းမှ တဆင့် နကွန်ပထုမ် သို့သာ သွားရောက် စစ်ပြုခဲ့ခြင်း ဖြစ်ကြောင်း
--ထိုမှကျန်ရစ်သော မြို့သားတို့က ယခုသထုံသို့ ရွှေ့ပြောင်း အခြေချ နေထိုင်ရာ နေရင်းဒေသကို စွဲလမ်း သောစိတ်ဖြင့် နေရာသစ်ကို သထုံဟု အမည်ပေးခဲ့ကြောင်း ရေးသားခဲ့ပါသည်။
ထိုအခါ ရှေးဟောင်းသုတေသန ၊ ကမ္ဗည်းကျောက်စာ ဌာနခွဲမှူး ဒေါက်တာနိုင်ပန်းလှ မှ ပြန်လည်တုန့်ပြန်ချေပ ခဲ့ရာ လုပ်သား ပြည် သူ့နေ့စဉ် သတင်းစာတွင် ၎င်းတို့ နှစ်ဦး အပြန်အလှန် ပေးစာ များဖြင့် ဆောင်းပါးများ ကိုနှစ်ဖက်စလုံးမှ ရေးသားခဲ့ကြ သည် ။နောက်ဆုံးတွင် ဒေါက်တာ သာလှမှ မွန်ပြည်နယ်တွင် ဒူး ရင်းသီးသာပေါသည် ဟုမှတ်ချက်ဖြင့် တုန့်ပြန်ရင်း ပြီးဆုံးသွား ခဲ့ပါသည် ။ ဒေါက်တာသာလှသည် ၁၉၈၆ မေလထုတ် ချယ်ရီ မဂ္ဂဇင်းတွင် သထုံနှင့် သုဝဏ္ဏဘူမိ အစွဲအလန်း ဆောင်းပါးကို ဆက်လက်တင်ပြခဲ့သလို ဒေါက်တာနိုင်ပန်းလှ မှလည်း သုဝဏ္ဏဘူမိ သို့ ဗုဒ္ဓသာသနာ ပြန့်နှံ့ရောက်ရှိလာပုံ ဆောင်းပါး များကို ဆက်လက်ရေးသား ခဲ့ပါသည် ။

မိုက်ကယ်အောင်သွင် ။

မိချိဂန် တက္ကသိုလ်၊ အာရှဒေသလေ့လာရေးဌာန ၏ ပါမောက္ခ ဒေါက်တာမိုက်ကယ် အောင်သွင် မှ စာမျက်နှာ အောင်စား (၄၀၀) ကျော်ရှိသည့် မြူခိုးဝေသော ရာမည (The Mist of Ramaoဲoဲan : The Legend that was lower Burma ) တွင် အောက်မြန်မာနိုင်ငံ ၌ ရာမညဒေသဟုခေါ်သော မွန်နိုင်ငံ ဟူ၍ ပုဂံခေတ် (၁၁-ရာစု) နှစ်ထက်စောပြီး မရှိခဲ့ ၊ သထုံမြို့လည်းမရှိ ၊ သောဏ၊ ဥတ္တရ တို့မှာလည်း မြန်မာနိုင်ငံ ဗုဒ္ဓဘာသာ သမိုင်းတွင် မရှိခဲ့ဟူသော လက်တလော အယူတစ်ရပ် ပေါ်ထွက်ခဲ့ပါသည် ။ အောက်မြန်မာ နိုင်ငံမှ သုဝဏ္ဏဘူမိနှင့် ရာမည မွန်နိုင်ငံ တည်ရှိခဲ့ သည်ကြောင်းအယူအဆမှာ ၂၀- ရာစုနှစ်အတွင်း မြန်မာနိုင်ငံ ကိုလိုနီသမိုင်း ဘာသာရပ်တွင် ခေတ်စားလာခဲ့ ကြောင်း ၊ ပါမော က္ခ လု့စ်သည် Old Burma- Early Pagan စာအုပ် ဒုတိယတွဲ၌ မြေပုံဆွဲပြီး အောက်မြန်မာနိုင်ငံကို ရာမညဒေသ သုဝဏ္ဏဘူမိဟု အခိုင်အမာ ဆိုသွားခဲ့ပါသည် ။ အခြားသော မြန်မာသမိုင်း ပညာ ရှင် များကလည်း အောက်မြန်မာ နိုင်ငံ ကို သုဝဏ္ဏဘူမိဟု အခိုင်အမာ ယူဆခဲ့ကြသည် ။ သို့ရာတွင် ယခုခေတ်သစ် သုတေသန တွေ့ရှိမှုများ ၏ ဆန့်ကျင်လျှက်ရှိသော အထောက် အထား ကြောင့် ဤအယူအဆမှာ မှန်ကန်ဖို့ ပြန်လည်သုံးသပ် သင့်သော်လည်း ၎င်း မြန်မာ ပညာရှင်တို့ မတုန်မလှုပ် ရှိနေခဲ့ကြောင်း ဖော်ပြထားသည်ကို တွေ့ရပါသည် ။ ( Aung Twin ,2005, P 321 ) ။တဖန် မိုက်ကယ် အောင်သွင်သည် မိမိကိုယ်တိုင် အပင်ပမ်းခံ၍ ရှေးဟောင်းကျောက်စာများကို လေ့လာရင်း သုဝဏ္ဏဘူမိ အမည်ကို ရှာဖွေပါသည် ။ ပုဂံကျန်စစ်သားမင်းလက်ထက်မှ စ၍ ၁၅- ရာစုရောက်သည် အထိ ရှေးဟောင်းမွန်ကျောက်စာတို့တွင် သုဝဏ္ဏဘူမိ၊ သထုံ ၊ မနူဟာ စသောအမည်များကို လုံးဝမတွေ့ရပဲ၊အေဒီ ၁၄၈၆ ခုနှစ် ထိုး ဓမ္မစေတီ ကျောက်စာ ၌သာလျှင် ထိုအမည် များကိုတွေ့ရ၍ အလွန်နောက်ကျလွန်းသည် ။ ( Aung Twin ,2005, pp.83-103 )။
သထုံမြို့ဟောင်း သည် အရှေ့တောင်အာရှ ရှေးဟောင်းမြို့ တော် ကြီးများဖြစ်ကြ သော ရခိုင်မှ ဓညဝတီ နှင့် ဝေသာလီ ၊ မြန်မာနိုင်ငံ အလယ်ပိုင်းမှ သရေခတ္တရာ၊ ဗိဿနိုး ၊မိုင်းမော ၊ ဝတီး နှင့် အခြားပျူမြို့ဟောင်းများ ၊ ထိုင်းနိုင်ငံမှ သောက္ကတဲ ( ဆူခိုထိုင်း) နှင့် ကမ္ဘောဒီးယားမှ အန်ကောဗောရီ မြို့များကဲ့သို့ ရှေးမြို့ဟောင်းတစ်ခုမဟုတ်ပေ။ အထက်ပါ မြို့ဟောင်းအား လုံး လိုလိုမှာ အများအားဖြင့် မြို့ထောင့်များ လုံးဝန်းခြင်း သို့မဟုတ် အဝိုင်းပုံသဏ္ဍာန် ရှိခြင်း ၊ ကျုံးနှင့် မြို့ရိုးတို့ နှစ်ထပ် သုံးထပ်စသည်ဖြင့် အရစ်ရစ် ဝိုင်းရံထားကြပါသည် ။ သထုံသည် ထိုကဲ့သို့မဟုတ် လေးထောင့်ပုံသဏ္ဍာန် မြို့ရိုးရှိပြီး ပုဂံခေတ် နောက်ပိုင်းကာလ မှပေါ်ထွန်းလာသော မြို့ရိုးဟောင်းနှင့် ဆင်တူပါသည်။ ( Aung Twin ,2005, p. 81; Note no. 12 for Chapter-4,in page 348 )။

အထက်ပါ အကြောင်းအရာ များသည် သထုံကို သုဝဏ္ဏ ဘူမိ မဖြစ်နိုင် ဟူသော ရှုထောင့်မှ ပညာရှင်များ၏ အမြင်များ ဖြစ်ပါသည်။ အကြောင်းအရာတူ သော အချက်အလက်များကို အောက်ပါစာအုပ် များထဲ မှ မှီငြမ်း စုစည်းပေးထားပါသည်.။
-ဦးစံဝင်း ( သမိုင်းသုတေသန ) သုဝဏ္ဏ ဘူမိ ။
-ဦးရည်စိန် သုဝဏ္ဏ ဘူမိ တည်နေရာ ။
-ဒေါက်တာ သန်းထွန်း ၏ စာတမ်းများ ။

သျှင်လေညင်း ။ ( ၂၅ ၊ ၃ ၊ ၂၀၁၃ )

AddThis