မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Thursday 14 March 2013

မြန်မာရာဇဝင်များကို ခုခံကာကွယ်သူ ဒေါက်တာထင်အောင် ဆိုတာ

မွေးသက္ကရာဇ် - ၁၈၊၅၊၁၉၀၉ မိဘအမည် - အရေးပိုင် ဦးဖိန်း + ဒေါ်မိမိ မွးချင်း - ခုနှစ်ယောက် ( ပဉ္စမမြောက်သားဖြစ်သည် )

မွေးရပ် - ပဲခူး

ကွယ်လွန်ချိန် - ၁၀၊၅၊၁၉၇၈

ကွယ်လွန်သည့် နေရာ - မြန်မာနိုင်ငံ

နိုင်ငံသား - မြန်မာ

အလုပ်အကိုင် - စာရေး ဆရာ ၊ မြန်မာနိုင်ငံ သုတေသန အသင်း၏ ဥက္ကဌ ၊ မြန်မာ့သမိုင်း ကော်မရှင် - ဒုတိယ ဥက္ကဌ ၊ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ၊ ရန်ကုန်တက္ကသိုလ် အပြည်ပြည် ဆိုင်ရာ လေ့လာရေး ဌာန၏ ညွှန်ကြားရေးမှူး ၊ သီဟိုဠ်နိုင်ငံ သီရိလင်္ကာ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး။
ဇနီး - ဒေါ်တင်လှ

မိခင်တက္ကသိုလ် - ရန်ကုန် တက္ကသိုလ်။(မှတ်ချက်။ တက်ရောက်ပညာသင်ကြားချိန်တွင် အသက် -၁၅ နှစ်သာရှိသေးသည်။) London school of Economic၊ Queen College, Cambridge ,England.၊ Trinity College, Dublins , Ireland ၊ University of Paris ၊ Oxford , United Kingdom ၊


ဒေါက်တာထင်အောင်၏ မြန်မာ့သမိုင်း များအပေါ် ခုခံချေပခြင်း အပေါ် မှတ်ချက်များ ။

" ယခုအခါ ဗောဓိညောင်ပင် ကို ဂေါက်ကွင်းက ဖယ်ရှား အစား ဝင်ထားပြီးပြီ ဖြစ်သော်လည်း ၊ ကိုလံဘီယာ တက္ကသိုလ် ပုံနှိပ်တိုက် အကူအညီ ဖြင့် မြန်မာ ရာဇဝင်များ၏ ဝိညာဉ်မှာ ဆက်လက်ရှင်သန်နေပေတော့မည် ။" ( John . F Cady )

" သူရေး ထားတဲ့ သမိုင်းစာအုပ်မှာ သမိုင်းပီသအောင် အားထုတ်ထားသော စာအုပ်များ မဟုတ်ချေ ။ အမျိုးသားရေး စိတ်ဓါတ်ဖြင့် ပြန်လည်ချေပထားသော အစမ်းစာမျှသာ ဖြစ်သည် ဖြစ်သည်။" ( D.G.E Hall )

ပုဂံခေတ် မြန်မာ့သမိုင်းဟူသော ( G.H Luce )၏ သုတေသနပြု ချက်အပေါ် ဝေဖန်ထားသော အဒီ ၁၂၈၇ မတိုင်မီ မြန်မာ့သမိုင်း ( Burmese History before 1287 ) စာအုပ်အပေါ် " ရန်လိုသော ဝေဖန်ချက်များ " ( Patricia M. Harbert )

" ထင်အောင်ကဲ့သို့သော မြန်မာ့သမိုင်းပညာ ရှင်များက တခါတရံ အမြင် မကြည်မလင် ဖြစ်ခဲ့သည် ဆိုငြားအံ့ ၊Harvey အမြင်မှာမူ တိမ်သလာ ဖုံးကာ လုံးလုံးလျားလျား မည်းမှောင်နေသည့် အမြင်မျိုး ဟု ဆိုရပေမည် ။ "( Spate )

" Harvey နှင့် ထင်အောင်မှာ အမြင်မတူကြပါ ။ ဝင်ရိုးစွန်း နှစ်ခု ကဲ့ သို့ကွာခြားလှပါသည်။ သို့သော် သူတို့နှစ်ဦးစလုံးသည် ရိုးသားသော သမိုင်းပညာ ရှင်များဖြစ်ကြသည် ။ ထို့ကြောင့် အမှန်တရားသည် သူတို့ နှစ်ဦးစလုံး ၏ အလယ် တွင် တည်ရှိနေပါလိမ့်မည် ။ " ( pupil of Harvey )

" မြန်မာတို့၏ ကိုယ်ပိုင် သမိုင်းကို မြန်မာ့ အမြင်နှင့် တင်ပြထား ခြင်းသာ ။ " ( ဒေါက်တာထင်အောင် )

မိဘနှစ်ပါးဖြစ်သော အရေးပိုင် ဦးဖိန်း ဒေါ်မိမိ တို့မှ (၁၈၊၅၊၁၉၀၉) တွင်မွေးဖွားသည်။မွေးချင်း ခုနှစ်ယောက်တွင် ပဉ္စမ မြောက်သားဖြစ်သည် ။ အစ်ကိုအကြီးဆုံး ဦးတင်ထွဋ် မှာ မြန်မာ့ ပထမဆုံး အိုင်စီအက်စ်ဖြစ်သည် ။ ဗိုလ်ချုပ်အောင်ဆန်း နှင့် အတူ နိုင်ငံရေး တွင် ပါဝင် ဆောင်ရွက်ခဲ့ သည်။ဒုတိယ အစ်ကို ဦးကျော်မြင့်မှာ နိုင်ငံ ရေးကို ဒီးဒုတ်ဦးဘချိုနှင့် အတူ ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော် လုပ်ကြံမှုကြီ တွင် တရားသူကြီး အဖြစ် တာဝန်ထမ်းဆောင် ရသည်။ တတိယ အစ်ကို ဦးမြင့်သိန်း မှာ ပညာရေးလောကတွင် ထင်ရှား၍ နိုင်ငံတော် တရားသူကြီးချုပ်နှင့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ် ကြီး အဖြစ် ထင်ရှားသည် ။ ဒေါက်တာ ထင်အောင်မှာ ကား ပညာရေးလောကတွင် ထင်ရှား၍ ညီအစ်ကို လေးယောက်စလုံး အင်္ဂလန်မှ ( Barret Law ) ဘွဲ့ ကိုရရှိခဲ့ပါသည် ။ အစ်မအကြီးဆုံး ဒေါ်မြမူမှာ မြန်မာစာ မဟာဝိဇ္ဖာဘွဲ့ကိုရရှိခဲ့ ၍ ရန်ကုန်တက္ကသိုလ် တွင် ကျောက်စာဖတ် အဖြစ် လည်းကောင်း ၊ ညီမအကြီး ဒေါ်တင်စောမူမှာ ၊အင်္ဂလိပ်စာ မဟာ ဝိဇ္ဖာဘွဲ့ ရယူ ခဲ့ ၍ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ် ကထိက အဖြစ်လည်းကောင်း ၊ ညီမ အငယ် ဒေါ်ခင်စောမူမှာ ဝိဇ္ဖာ ဂုဏ်ထူး ဘွဲ့ ရခဲ့ ၍ ခေတ်စမ်း စာပေပညာရှင်အဖြစ် လည်းကောင်း ထင်ရှားသူများဖြစ်သည်။ ဒေါက်တာထင်အောင် သည် ငယ်စဉ်ကပင်ပညာထူး ချွန်၍ အသက်ဆယ်နှစ် အရွယ်တွင် ခုနှစ်တန်း ကျောင်းသား ဖြစ်နေပြီဖြစ်သည် ။ ၁၉၂၀ ကျောင်းသား သပိတ်တွင် ပါဝင်ခဲ့သည် ။ အသက် ဆယ့်တစ်နှစ် အရွယ်တွင် ဆယ်တန်း ကျောင်းသား ဖြစ်နေပြီဖြစ်သည် ။ စာမေးပွဲကိုမူကား အသက်မပြည့်၍ ဖြေဆိုခွင့်မရခဲ့ပေ ။ ထို့ကြောင့် မိဘများက အင်္ဂလန်နိုင်ငံကို လွှတ်၍ ပညာဆည်းပူးစေသည်။ ထိုမှ မြန်မာပြည်သို့ ပြန်လာ ၍ အသက် ဆယ့်ငါး နှစ်အရွယ်တွင် တက္ကသိုလ်ပ ညာကို ဆည်းပူခဲ့သည်။ ဥပစာ တန်းမှ အောင်မြင် ခဲ့သည်။၁၉၂၈ ခုနှစ် အသက် ဆယ့်ကိုးနှစ်အရွယ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာ ဂုဏ်ထူး ဘွဲ့ကို အင်္ဂလိပ်စာ၊ ဘောဂဗေဒ၊ သမိုင်းဘာသာတွဲ များဖြင့် အောင်မြင်ခဲ့သည်။

၎င်းနောက် အိုင်စီအက်စ် စာမေးပွဲနှင့် မြန်မာနိုင်ငံတောင်တန်း ဒေသစာမေးပွဲ ကိုဖြေဆိုရန်ကြိုးစားခဲ့ သော်လည်း အသက်ငယ်ရွယ်မှုနှင့် မျက်လုံးအားနည်း မှုကြောင့် ဖြေဆိုခွင့် မရခဲ့ပေ။ ထို့ကြောင် ၁၉၂၄ မှ ၁၉၃၄ ခုနှစ်တိုင် အင်္ဂလန်နှင့် အခြား တက္ကသိုလ် ကြီးများတွင် ဘွဲ့လွန် ဒီဂရီ အမျိုးမျိုး ယူခဲ့သည် ။ထို့နောက် မြန်မာ ပြည်သို့ပြန်လာပြီး အစ်ကိုဖြစ်သူ များထံမှ ဥပဒေ ပညာ ကို လက်တွေ့ လေ့လာနေစဉ် ရန်ကုန် တက္ကသိုလ် ကျောင်းအုပ်ကြီး ( D.J.Sloss ) ၏ ဖိတ်ကြားချက်အရ အင်္ဂလိပ်စာ ဌာန၏ လက်ထောက် ကထိက အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည် ။ ဒေါက်တာ ထင်အောင် သည် ရန်ကုန် တက္ကသိုလ်၌ ပထမဆုံး သော မြန်မာအမျိုးသား အင်္ဂလိပ် စာပါမောက္ခဖြစ်သည်။၁၉၄၆ ခုနှစ်တွင် ယင်းတက္ကသိုလ်ဧ။် ပါမောက္ခချုပ် ဖြစ်လာခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် တက္ကသိုလ်ဧ။် ဒုတိယ အဓိပတိအဖြစ် ရွေးကောက်တင်မြေုာက်ခြင်း ခံခဲ့ရသည်။ ယင်းနှစ်မှာပင် သီဟိုဠ်နိုင်ငံသို့  မြန်မာနိုင်ငံဆိုင်ရာ သံအမတ် ကြီးအဖြစ် ခန့် အပ်ခြင်းခံရသည်။ အမျိုးသားပညာဝန် ဦးဖိုးကျား ဦးစိုးဝင်း တို့နှင့် အတူ လက်တွဲ၍ အမျိုးသား ပညာရေး ကောင်စီ အကျိုး ဆောင် အဖြစ် လည်း ဆောင်ရွက်ခဲ့ပါသည် ။ ၁၉၃၂ ခုနှစ်တွင် Lincoln တက္ကသိုလ်မှ ဥပဒေပညာ သင်ကျောင်းမှ ဥပဒေဝိဇ္ဇာဘွဲ့ ကို ရရှိခဲ့သည်။ Dublin ကောလိပ်မှ အင်္ဂလိပ် စာပေ ပါရဂူဘွဲ့နှင့် ဥပဒေ ပါရဂူဘွဲ့ကို ရရှိခဲ့သည်။London University Cambridge University Oxford University တို့မှလည်း ဘွဲ့များကို ရရှိခဲ့သေးသည် ။ မြန်မာအမျိုးသား ထဲမှ ကမ္ဘာသိ ပညာရှင် တစ်ဦးလည်းဖြစ်သည်။

ဒေါက်တာ ထင်အောင်၏ ပထမဆုံးသော မြန်မာ့သမိုင်းဆိုင်ရာ စာအုပ်မှာ ကိုလံဘီယာ ပုံနှိပ် တိုက်မှ ထုတ်ဝေသော ဒဏ်သင့်သည့် ဥဒေါင်း ၊ အင်္ဂလိပ် - မြန်မာ ဆက်ဆံရေး (၁၇၅၂-၁၉၄၈) -၁၉၆၅ ခုထုတ် ဖြစ်သည်။ ဒုတိယ မြောက် မြန်မာနိုင်ငံ သမိုင်းဆိုင်ရာ စာအုပ်မှာ ကိုလံဘီယာ ပုံနှိပ်တိုက် မှပင် ထုတ်ဝေသော မြန်မာနိုင်ငံ သမိုင်း ( History of Burma ) -၁၉၆၇ ခုနှစ် ထုတ်စာအုပ်ဖြစ်သည် ။ တတိယ မြောက်စာအုပ် မှာ အေဒီ ၁၂၈၇ မတိုင်မီ မြန်မာ့သမိုင်း ( Burmese History before 1287 ) -၁၉၇၀ ခုထုတ် စာအုပ်ဖြစ်သည်။ စတုတ္ထ မြောက် မြန်မာ့သမိုင်း ဆိုင်ရာစာအုပ် မှာကား ရုတ်တရက် ကွယ်လွန်သွား၍ ကျန်ရစ်သူ ဇနီး ဒေါ်တင်လှ၏ ကြိုးပမ်းအားထုတ်မှု ဖြင့် ထွက်ပေါ်လာသော လော့ရမ်းဒေါ့ ချာချီ နှင့် ကနေသော ဥဒေါင်းငှက် ( Lord Randolph Churchill And The Dancing Peacock ) -၁၈၈၅ ခုနှစ် ဗြိတိသျှတို့ မြန်မာနိုင်ငံ အပေါ်အောင်မြင်မှု ( British Conquest of Burma ,1885) -၁၉၉၀ ခုထုတ် တို့ဖြစ်ပါသည်။ ထိုစာ အုပ်များမှာ မြန်မာ့ ရာဇဝင် များဖက်မှ ခုခံ ချေပချက် များဖြစ်သည် ။ ထို့ပြင် ဒေါက်တာ ထင်အောင်သည် ၊ Oxford University , St. Anthony Collage မှ Dr. Guy Wint ၏ မေတ္တာ ရပ်ခံချက်ဖြင့် ၁၉၆၅ ခုနှစ်က ကွယ်လွန်သွားပြီဖြစ်သော G.E.Harvey ၏ ပုံမနှိပ် ရသေးသော စာရွက်စာတမ်းများကို တည်းဖြတ်ပေး ခဲ့သည်။ ထိုစာတမ်းသုံးစောင်ကို မြန်မာနိုင်ငံ သုတေသန အသင်း ဂျာနယ် တွင် ဟာဗေး၏ ပုံမနှိပ်ရသေးသော စာတမ်းသုံး စောင် ( Three Unpublished Paper by Harvey ) ဟုထည့်သွင်း ဖော်ပြပေးခဲ့ပါသည်။

ဒေါက်တာ ထင်အောင် ၏ သမိုင်းပညာရှင် ဂုဏ်သိက္ခာ ကို အသိအမှတ်ပြု သောအားဖြင့် -၁၉၇၄ ခုနှစ်ထုတ် ဗြိတိသျှ စွယ်စုံ ကျမ်းသစ် ( The New Encyclopedia Bartainica ) တွင် မြန်မာ့ သမိုင်းကဏ္ဍ ၌ တာဝန်ယူ ရေးသားစေခဲ့ပါသည် ။ ဒေါက်တာ ထင်အောင်မှာ မူလက အင်္ဂလိပ် စာပေ ပညာရှင် တစ်ဦးဖြစ်၍ ၁၉၃၇ တွင် မြန်မာ ပြဇာတ်များ ၊ အင်္ဂလိပ်ဘာသာပြန် နှင့် လေ့လာချက် ( Burmese Drama: A Study With Translations of B.Plays ) စာအုပ်ကို အောက်စဖို့ဒ် တက္ကသိုလ် ပုံနှိပ်တိုက် မှ ပထမအကြိမ် ထုတ်ဝေခဲ့ ရာ ယနေ့တိုင် အကြိမ်ကြိမ် ထပ်မံ ထုတ်ဝေနေရဆဲဖြစ်သည်။ ထိုစာအုပ်တွင် မြန်မာ ပြဇာတ်များ၏ ဇစ်မြစ် ၊ မြန်မာပြဇာတ်၏ သဘောသဘာဝ ၊ ပြဇာတ်များ ဖွံ့ဖြိုးလာပုံ သမိုင်းကြောင်း တင်ပြ၍ မြန်မာ့ နာမည်ကျော် ပြဇာတ်များကို တင်ဆက်ထား ပါသည်။ ၁၉၄၈ တွင် ယင်းပုံနှိပ်တိုက်မှပင် မြန်မာ့ ရိုးရာပုံပြင်များ ( Burmese Falk Tales ) စာအုပ် ထွက်ရှိခဲ့ပါသည်။ ၁၉၆၁ ခုနှစ် တွင် မြန်မာ့ ရိုးရာယုံကြည်မှုများ ( Falk Element In Burmese Buddhism ) စာအုပ်၊ ၁၉၆၆ ခုနှစ်တွင် သင်္ဂဇ ဆရာတော် ပုံပြင်များ ( Burmese Monk's Tales )၊ ၁၉၆၈ တွင် ကျည်းကန် ရှင်ကြီး၏ မေတ္တာစာများ ( Epistles Written on the Eve of the Anglo Burmese War )တို့ကိုလည်း ရေးသားခဲ့ပါသည်။ ထို့ပြင် အင်္ဂလိပ် ဘာသာဖြင့် ဆောင်းပါးပေါင်း မြောက်များစွာ ကိုရေးသားခဲ့ ရာ ၁၈ ပုဒ်ခန့် ရှိပါသည်။

ဒေါက်တာ ထင်အောင်မှာ မြန်မာအမျိုးသား များထဲမှ မနုဿ ဗေဒနှင့် ပတ်သတ်၍ ဘွဲ့လွန် ဒီဂရီ ပထမဆုံး ရရှိခဲ့သူ တဦး ဖြစ်သည် ။ ထို့ပြင် ဒေါက်တာထင်အောင် ၏ လွယ်ကူ ရိုးရှင်း လှပသော အင်္ဂလိပ် စကားပြေ အရေးအသား သည်လည်း ထင်ရှား လှပါ သည် ။ ထို့ကြောင့် ဒေါက်တာ ထင်အောင် အား အနောက်တိုင်း ပညာရှင်အချို့က " ရိုးရာ ပုံပြင် ပါရဂူ " ဟု ရည်ညွှန်းလေ့ရှိပါသည်။ ၁၉၆၃ ခုနှစ်တွင် နိုင်ငံဝန်ထမ်းဘဝမှ အငြိမ်းစား ယူပြီးနောက် အမေရိကန် တက္ကသိုလ်များတွင် မြန်မာ့ သမိုင်းဆိုင်ရာ ဧည့်ပါမောက္ခ အဖြစ် ဆောင်ရွက်ခဲ့သည်။ မြန်မာ နိုင်ငံနှင့် အခြားသော နိုင်ငံများမှ ပေးအပ်သော ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ မြောက်များစွာကို လည်း လက်ခံ ရရှိခဲ့သည် ။ ယင်းနိုင်ငံတွင် ၉ နှစ်တာ တာဝန်ထမ်းဆောင်ပြီး မြန်မာနိုင်ငံ သို့ ခေတ္တ ပြန်လာစဉ် (၁၀၊၅၊၁၉၇၈) တွင် ရုတ်တရက် ကွယ်လွန်ခဲ့သည်။ အနောက်ဂျာမနီ သို့ထွက်ခွာခါနီး ဖြစ်သည်။ ကွယ်လွန်ချိန်တွင် အသက် (၆၈နှစ်) သာရှိသေးသည်။ ၎င်း၏ ကွယ်လွန်မှုမှာ မြန်မာနိုင်ငံ အတွက်သာမက ကမ္ဘာ့ပညာရှင် လောကအတွက်ပါ ဆုံးရှုံးမှုတစ်ရပ်ပင်ဖြစ်သည် ။ ကွယ်လွန်ချိန်တွင် ရေးလက်စ စာအုပ်မှာ ဗုဒ္ဓဘာသာ ဝိနည်းဥ ပဒေသ ( Buddhist Canon Law ) ဖြစ်သည် ။

(၁၄ ၊ ၃ ၊ ၂၀၁၃ )

special thanks to : https://www.myanmariisp.com/Biography/faumous/foldar_summary_view?b_start%3Aint=1345&-C
Photo ; Shan Yoma

AddThis