မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Tuesday 12 March 2013

တိဘက် - မြန်မာတို့ ၏ ရနိုင်သမျှ ခြေရာ။


( ၁ )။ ယျေဘုယ လူမျိုးစုများ ခွဲခြားပုံ ကမ္ဘာပေါ်တွင် လူမျိုးစု များ ( ဝါ ) မျိုးနွယ်စု သုံးမျိုး ခွဲခြားထား ပါသည်။ အသားမည်း လူမျိုး ၊ အသားဖြူလူမျိုး နှင့် အသားဝါ လူမျိုးတို့ ဖြစ်ကြသည်။ အသားမည်း မျိုးနွယ်စု ကြီးကို Neroid ဟူ၍လည်းကောင်း ၊ အသားဖြူ လူမျိုးကို Europoid ဟူ၍လည်းကောင်း ၊ အသားဝါ လူမျိုးကို Mongoloid ဟူ၍ လည်း ကောင်း ခေါ်ကြသည်။ အာဖရိက တိုက်ရှိလူမျိုး အားလုံး လိုလို အသားမည်း မျိုးနွယ်စုကြီးတွင် ပါဝင်သည်။ အသားဖြူ မျိုးနွယ်စုကြီးသည် အများအား ဖြင့် ဥရောပတိုက်တွင် နေထိုင် သည်။ အသားဝါ လူမျိုးစု ကြီးမူကား အာရှတိုက် အရှေ့ပိုင်း တွင် နေထိုင်ကြသည်။ အမေရိက တိုက်တွင်လည်း နေထိုင်သည်။မွန်ဂိုလွိုက် သည်အသားဝါ မျိုးနွယ်စုများ အားလုံးကို ခြုံ၍ခေါ် သော အမည် ဖြစ်သည်။ ယင်းထဲတွင် မွန်ဂိုလ် လည်းအပါအဝင် ဖြစ်သည် ။ မွန်ဂိုလ် နှင့် မွန်ဂိုလွိုက် ဟူသော ဝေါဟာရ မတူပေ။ မွန်ဂိုလ် သည် လူမျိုးဖြစ်၍ မွန်ဂိုလွိုက်သည် မျိုးနွယ်စုဖြစ်သည် ။အမေရိကတိုက် ရှိ Red Indian များလည်း အပါ အဝင် ဖြစ်သည် ။ အသားဝါ မျိုးနွယ်စုကြီးတွင် တိဘက် - မြန်မာ လူမျိုးတို့ ပါဝင်လျှက် ရှိသည် ။ အကြမ်းအားဖြင့် တိဘက် - မြန်မာ ကို အုပ်စုနှစ်မျိုး ခွဲခြားနိုင်သည် ။ ခရစ်တော် မပေါ်မီ နှစ်ပေါင်း များစွာခန့်က ရှေးတရုတ် တို့၏ ရာဇဝင်ကျမ်းများတွင် ရှေးတရုတ် နိုင်ငံ၏ အနောက်ဖက် တွင် ချိယန် ( Chi'ang ) ဟူသော မျိုးနွယ်စု ကြီးတစ်စု ရှိခဲ့ ကြောင်း ထင်ရှားစွာ ဖော်ပြထား သည်။ ယခု တရုတ်နိုင်ငံ၏ အနောက်ပိုင်းတွင် တိဘက် အနွယ်စု ၊ ယှီဖန် အနွယ်စု စသည့် တိဘက် - မြန်မာ အနွယ်စု များပျံ့နှံ့ နေထိုင်သည်က တစ်ကြောင်း ၊ စီချွမ်နယ် အနောက်မြောက်အပိုင်းတွင် ချိယန် အမည်ရှိအနွယ်စု တစ်စု၏ ဘာသာစကားသည် တိဘက် - မြန်မာ ဘာသာစကားနှင့် နီးစပ် သည်ကတစ်ကြောင်းကြောင့် ထိုသို့ ကောက်ချက်ချခြင်း ပင်ဖြစ် သည်။


( ၂ )။ အခေါ်အဝေါ်မှ မှန်းဆရမည့် ချိယန်- မန်-တိဘက်-မြန်မာ တို့၏ မူရင်းနေထိုင်ရာအရပ်။

တိဘက် - မြန်မာတို့သည် သီးသန့် လူမျိုးတစ်မျိုး အနေနှင့် မည်သည့် ကာလတွင် မည်သည့်ဒေသ ၌ဖြစ်ပေါ်နေထိုင်ခဲ့သည်ကို
ရာဇဝင် သုတေသီ တို့သည် အတိအကျ အသေချာ မဟုတ်စေကာမူ အကြမ်းဖျဉ်း ခန့်မှန်းချက်ပေးရာဝယ် တစ်ဦးနှင့်တစ်ဦး သဘောထား ကွဲလွဲချက် သိပ်မရှိလှပေ။ ထို့ကြောင့် ၎င်း တို့မူလကနဦး နေထိုင်ရာအရပ်ကို ခန့်မှန်းရာ၌ အာရှတိုက်အလယ်ပိုင်း၊ တရုတ်ပြည်၏ အနောက်မြောက်ဖက် နှင့် တိဘက်ပြည်၏ အရှေ့မြောက်ဘက် စပ်ကြားလောက်၌ ခရစ်တော်မပေါ်မီ ဘီစီ ၂၀၀၀ လောက်က နေထိုင်ကြသည် ဟူ၏။သို့သော်နေရာဒေသကို ညွှန်းဆိုကြရာ အချို့က တိဘက်ပြည်အရှေ့မြောက်ဖက်ရှိ ကိုကိုနောအိုင်ကြီး ဟု၎င်း အချို့က တရုတ်ပြည် အနောက်မြောက်ဖက်ရှိ ကန်စုပြည်နယ်အတွင်း ဟုကွဲပြန်ပါသည်။သို့သော အတိအကျ သက်သေအထောက်အထား ဖြင့်တော့ မဟုတ်ပဲ၊ တိဘက်- မြန်မာ ၊မွန်ဂို ၊တရုတ် တို့၏ သွားလာ လှုပ်ရှားပုံကို ကြည့်၍ အကြမ်းဖျင်း ခန့်မှန်းရခြင်းသာ ဖြစ်ပေသည် ။ ဤသည်ကို မြန်မာ့ အရပ်အခေါ်အဝေါ်ဖြစ်သော တောင်အရပ်၊ မြောက်အရပ်နှင့်တိုက်ဆိုင်ကြည့်ပါမည်။တောင်ကို ရှေးခေတ် ပုဂံကျောက်စာများတွင် မသြက်(ဝါ)မြစ်အောက်ဟုခေါ် ကြောင်း တွေ့ရသည်။ တိဘက်-မြန်မာများ၏ အရပ်လေးမျက်နှာ အခေါ် အဝေါ်များကို လေ့လာ ကြည့်သောအခါ အရှေ့အနောက်ကို ယျေဘုယျ အားဖြင့် နေထွက်ရာ နှင့် နေဝင်ရာ ဟု ခေါ်၍ တောင် မြောက်ကို မိမိတို့စွဲမြဲနေထိုင်ရဒေသ၏ထူးခြားသော ပထဝီဝင် မြေမျက်နှာသွင်ပြင် အနေအထား ကိုလိုက်၍ ခေါ်ကြကြောင်း သိရသည်။ ရှမ်း၊မုဆိုး၊တင်ခုလ်နာဂတို့က တောင်ဖက်တွင်မြေနိမ့်၍ မြေနိမ့်ရပ် မြောက်ဖက်တွင် မြေမြင့်၍ မြေမြင့်ရပ်ဟု၎င်း၊မဲခေါင်၊သံလွင်၊ဧရာဝတီမြစ်ဝမ်းများတွင်အနေ ကြာခဲ့သော မရူ နှင့် လီစုတို့က တောင်ကို မြစ်ကြေဖက် မြောက်ကို မြစ်ညှာဖက် ဟု၎င်း၊ကချင်လူမျိုးတို့က ၎င်းတို့နေထိုင်ရာဒေသ၏တောင်ဖက်ရှိ ကျယ်ပြန့်သော ဧရာဝတီမြစ်ဝှမ်းရှိပြီး မြောက်ဖက်၌ ကျဉ်းမြောင်းသော လျှိုမြောင်များ ရှိသဖြင့် တောင်ဖက်ကို ကျယ်ပြန့်ဖက် မြောက်ဖက် ကို ကျဉ်းမြောင်းဖက် ဟုအသီးသီးခေါ်ကြသည်။တိဘက်-မြန်မာ အခေါ်အရ အရှေ့နေထွက်ရာက်ုမျက်နှာမူ၍လက်ဆန့်ပါက ယာဖက်ကိုတောင်ဟုခေါ်သည် ။ ထိုအရပ်၌ တောင်ရှိမည်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်းတော့ တောင်ဖက်တွင် မြေနိမ့်များသာရှိသည်။လက်ဝဲဖက်ကိုတော့ ကုန်းရိုးများသာရှိ၍ မြစ်အောက် / မြောက် ဟုခေါ်ပါသည်။မြန်မာနိုင်ငံအတွင်းမှာကားမြောက်ဖက်တွင်တောင်တန်းများသာ ရှိသည်။တောင်မြောက် အခေါ် အရ လက်ရှိမြန်မာနိုင်ငံအတွင်း နေထိုင်သောသူများသည် မူလပထမ ဇာတိအခေါ် အဝေါ်ကို ယူငင်သုံးစွဲသည်မှာထင်ရှား၏။ တိဘက်-မြန်မာတို့ တောင် မြောက် အခေါ်နှင့်ကိုက်ညီသော အရပ်မှာ အာရှတိုက်အလယ် ပိုင်း တရုတ်ပြည်ရှိ ဟိုအင်ဟိုမြစ်ကြီးမြစ်ဖျားခံရာ မှ မြောက်ဖက်သို့ စီးဆင်းသွားသော အစိတ်အပိုင်းနှင့် ထိုအစိတ်အပိုင်း၏ တောင်ဖက်တွင်တည်ရှိသော ယဗန်ခရဥလ ( ဝါ ) ယဗန်ခလတောင်ကြီး ၏အကြားမြေပြန့်လွင်ပြင်သာဖြစ် မည်။

( ၃ ) ။တိဘက် - မြန်မာ ဆိုတာ။

နောင်တွင် တိဘက်လူမျိုး၊ မြန်မာလူမျိုး ဟု ခေါ်တွင်ရမည့်သူ များသည် ထိုဒေသ ကြီးတဝိုက်တွင် ချိယန်များ အဖြစ် တလုံးတ စည်းတည်း နေထိုင်ကြပေသည်။ထိုစဉ်အခါက တိဘက်၊ မြန်မာ ၊ ချိယန် ဟုမခွဲခြားသေးပဲ ချိယန် တို့အနေနှင့်သာ ခေါ်ဝေါ်နေကြ သည် ။ ထိုလူမျိုး အကြောင်းကို စောစောပိုင်း တရုတ်ရာ ဇဝင်မှတ်တမ်းတို့၌ တော်တော်များများ ပါဝင်ခဲ့လေသည်။ခရစ်တော်မပေါ်မီ လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ကျော် သုံးထောင် အတွင်းကပင် တရုတ်တို့ ၏ရှေးဟောင်း မှတ်တမ်း များတွင် မှတ်တမ်းတင် ထားသည်ကို တွေ့ရပါသည် ။ S.W.Thomas ရေး နန်းဘာသာ ဟူသောစာအုပ် ၏နိဒါန်းပိုင်း တွင် ၎င်း တို့အကြောင်းကိုဖော်ပြထားရာ ချိယန် ဟူသောစကား ၏ အနက်မှာ လူဖြစ်ကြောင်း ၊ ချိယန်တို့သည် အနောက်ဖက် မာချမြစ်ကြီးမှ တောင်ဖက် ဗိချအန် နယ်မြေတို့ အထိ ပျံ့နှံ့ နေထိုင် လျက်ရှိကြောင်းသိရပါသည်။၎င်း တို့သည် ကောက်ပဲသီးနှံကို အနည်းငယ်သာ စိုက်ပျိုး၍ ယေဘုယျအား ဖြင့် တိရိစ္ဆာန် မွေးမြူ ရေးလုပ်ငန်း များကိုသာ အဓိကလုပ်ကိုင် ကြသည်။ သူတို့ အတွင်း၌ တိတ် ၊ တေဟူ၍လည်းကောင်း ၊ စာမရီ လူမျိုး ၊ မြင်းဖြူလူမျိုး ၊ မြေခွေး သုံးကောင် ( ဝါ ) ရောပြွမ်း လူမျိုး ဟူ၍လည်း အချင်းချင်း ခွဲခြားခေါ်တတ်ကြသည်။ တရုတ်တို့က ၎င်းတို့ကို ခရစ်တော် မပေါ်မီ ၁၃၂၄-၁၂၆၅ အတွင်း၌ အကြီးအကျယ် သွားရောက် နှိမ်နင်း ခဲ့ရသည် ဟုလည်း ဖော်ပြပါရှိသည်။ ဤ သို့ဖြင့် နောင်တွင် မြန်မာဟု ခေါ်တွင် လာရမည့် သူတို့သည် ထိုကာလမှစ၍ မိမိတို့ နေထိုင်ရာ ဒေသမှ အစုလိုက် တောင်ဖက်သို့ တစ်သုတ်ပြီး တစ်သုတ် တဖြည်းဖြည်းခြင်း ပြောင်းရွှေ့လာခဲ့ကြ သည်။ ရာဇဝင် ဆရာကြီးများဖြစ်သော D.G.E.Hall နှင့် G.H.Luce တို့က လည်း ဤသို့ ယူဆခဲ့ ဟန်တူပေသည်။ အဘယ့် ကြောင့်ဆိုသော် ၎င်း တို့၏ ရေးသားဆို မိန့်ချက်တွင် မြန်မာတို့သည် အာရှတိုက် အလယ်ပိုင်းမှ ခရစ်တော်မပေါ်မီ အနှစ် နှစ်ထောင်စု လောက်တွင် စတင် ဆင်းသက်လာသည် ဟု ဖော်ပြပါရှိပါသည်။

( ၄ ) ။တိဘက် - မြန်မာ တို့ တောင်ဖက် တခုတည်း ကိုသာ ဆင်းသက် လာပါသလား။

-- တရုတ်နိုင်ငံ ကန်စုနယ်၏ အနောက်ပိုင်းနှင့် တောင်ပိုင်း ဒေသ သည် ချိယန်တို့ မူလဒေသဖြစ်ရာ ၊ ကန်စုနယ်နှင့် စီချွမ်နယ်တို့ နယ်မြေဆက်စပ် မှုကြောင့် မူရင်းဒေသမှ အနွယ်ကြီးတစ်စုသည် စီချွမ် အနောက်မြောက်ပိုင်းသို့ ထိုမှ စီချွမ် အနောက်ပိုင်းသို့ ပြောင်းရွှေ့သွားသည်။

--- စီချွမ် အနောက်ပိုင်း တွင်ပြန့် နှံ့နေထိုင်ပြီးနောက် တချို့သည် ယန်စီမြစ်ကိုကူးဖြတ်၍ ယူနန်နယ် အရှေ့မြောက်ပိုင်းသို့ လော်လော် အနွယ်စု အဖြစ် ထွက်ခွာ နေထိုင် ပြန်ပါသည် ။

--- မူရင်း ဒေသတွင် ကျန်ရှိခဲ့သော နောင်အခါ တိဘက် - မြန်မာ ဟုခေါ်တွင်မည့် ယှီဖန် မျိုးနွယ်စုသည် တောင်ဖက်သို့ မရွှေ့ ပြောင်း တော့ပဲ အနောက်ဖက်ရှိ ကိုကိုနော ရေအိုင်ဆီသို့ ပြောင်း ရွှေ့ခဲ့သည်။

--- နောင်အခါ အနောက်ဖက် တိဘက် - မြန်မာ ဟုခေါ်တွင်မည့် အနွယ်စုကြီးသည် မြစ်ဝါ မြစ်ညာ အတိုင်း အနောက်တောင်ဖက် ရှိ စီချွမ် နယ်ခြားဒေသသို့ ရောက်လာသည် ။၎င်း တို့မှာ မြန်မာပြည် တွင်း ဝင်ရောက်လာမည့် နာဂအနွယ်စု ၊ သက်/ကတူး အနွယ်စု ၊ ချင်းအနွယ်စုနှင့် ကချင်အနွယ်စု တို့ဖြစ်သည်။

--- ဟန့်မင်းဆက်ကာလ တွင် ကိုကိုနောအိုင်ကြီးမှ အနောက် ဖက် နှင့် တောင်ဖက် ရှိ တိဘက်နယ်၊ ယှီခါင်နယ်၊ချိင်ဟိုင်နယ် နှင့် ယူနန်နယ် များသို့ ပြောင်းရွှေ့သည်။

--- ကိုကိုနော အိုင်ကြီးမှ အနောက်ဖက် သို့ ယခု တရုတ်နိုင်ငံ နှင့် ရှရှား နယ်ခြားသို့ ပြောင်းရွှေ့ ခဲ့သည်။

( ၅ ) ။ မြန်မာဘာသာနှင့် တိဘက်တို့၏ နမ်းဘာသာတို့ တူညီချက်များ။

မြန်မာဘာသာ တိဘက်တို့၏တစိတ်တဒေသဖြစ်သောနမ်းဘာသာ တို့သည် ဘာသာတစ်ခုထဲ မှဆင်းသက်လာသည်ဟူသော အထောက်အထား ဖြစ်သည့် အနက်တူ အသံတူ အရင်းအမြစ်တူ ပုဒ်ပေါင်း မြောက်များစွာ ကိုတွေ့ရသည်။တဖန် တုံ၊ မြန်မာဘာသာ၊တိဘက်ဘာသာ တို့ သည် တရုတ်ဘာသာ၊ မွန်ဂိုဘာသာ တို့နှင့် မိတ်တူ ပုဒ်ပေါင်း တူညီမှုများရှိသည်ကို တွေ့ရသည်။အကြောင်းမှာ အရှေ့ဖက်တွင်ကပ်၍နေထိုင်ကြသော တရုတ်တို့နှင့်၎င်း မြောက်ဖက်တွင်ကပ်၍နေထိုင်သော မွန်ဂိုတို့နှင့် ရင်းနှီးစွာပေါင်းသင်းဆက်ဆံ လာခဲ့သောကြောင့်ဖြစ်သည်။တဖန် ဘီစီ (၄) ရာစုတွင် စီချွမ်နယ် အနောက်ပိုင်း ၏အရှင်ကို ရှေးတရုတ်တို့က ဝါင်တိ ဟုခေါ်သာ်။ ဝါင်ဆိုသည်မှာ တရုတ်စာ လုံးတို့ ၏ ရှေးဟောင်းအသံထွက် မင် ဖြစ်သည်။ မြန်မာတို့ကလည်း အရှင်ကို မင်းဟုခေါ်ပါသည်။ တိဘက် - မြန်မာ အနွယ်ဝင် လော်ဖလ်ာအနွယ်စုမှ လော်လော်တို့နှင့် မြန်မာ အနွယ်စုမှ လရှီ၊ မရူတို့ မှာ ဘိုး ဘ အမည်ဆက်ခံယူ သောစနစ် ( Patronymic Link- name )ရှိကြောင်းလည်း သိရသည်။ဆိုလိုသည်မှာ အဖအမည် ၏ နောက်ဆုံးတလုံးကို သားအမည် ပထမတလုံး ယူထားသည် ။

( ၆ ) ။ တိဘက် - မြန်မာ နှင့် ရှေးတရုတ်တို့ ဆက်ဆံရေး ။

လိပ်ခွံနွားရိုးစာ မှရရှိသော အထောက်အထား အရ ရှာင်မင်းဆက် ဝုတိင်မင်း လက်ထက် ၁၃၁၄-၁၂၈၁ ဘီစီအတွင်း ရှာင်မင်းဆက် တရုတ်တို့ သည် ချိယန် အမျိုးသား တို့နှင့် မကြာခဏ စစ်ပွဲ များ ဆင်နွဲ ရကြောင်း ၊ တခါသော စစ်ပွဲတွင် ရှာင်တရုတ်တို့က စစ်သည် (၁၃၀၀၀) အထိ စေလွှတ်၍ တိုက်ပွဲ ဆင်နွဲရကြောင်း ပါရှိပါသည်။ ချိယန် တို့ကို ဤမျှ အင်အား ကြီး မားသော စစ်တပ် စေလွှတ်ရသည် ထောက်သော် ချိယန်တို့ မှာလည်း အင်အား မသေးလှကြောင်း ခန့်မှန်းနိုင်သည်။ ရှာင်တ ရုတ်တို့သည် ကျွဲ ၊နွား မွေးမြူ ၍ ချိယန်တို့မှာ သိုး ၊ ဆိတ် မွေး မြူ ကြရာ စစ်ပွဲဆင် နွှဲ ရသည့် အကြောင်း အရင်းမှာ မြက်ခင်း ပြင်၊ မြက်စားကျက် ကိုရယူထား လိုခြင်း ကြောင့် ဖြစ်နိုင်သည်။ ထိုအချိန် မှစ၍ ချိယန် တို့မှာ ကန်စုနယ်အတွင်းမှ စီချွမ် နယ်သို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ဘီစီ -၁၁၁၂ တွင် ရှာင်မင်းဆက် အနောက်ဖက်ဒေသရှိ ကျိုဝုဝေါင်သည် ရှင်မင်းဆက်ကို ပုန်ကန်၍ ကျိုမင်းဆက်ကိုထူထောင်သည်။ ၎င်းစည်းရုံးခဲ့သော အနောက်ဖက်နှင် အနောက်မြောက် တွင် တိဘက် - မြန်မာ လူမျိုးတို့ပါဝင် လေသည်။တဖန် ချိ( န်) ပဒေသရာဇ်မင်း လိကုင် ဘီစီ -၄၇၆-၄၂၉ လက်ထက်တွင်လည်း အနောက်ဖက်ရှိချိယန် တို့ကို စစ်အောင်ခဲ့သည်။ ယွဲန်ကျဲန် အမည်ရှိ ချိယန်အမျိုးသား တစ်ဦးကို ဖမ်းမိရာ သုံ့ပန်းအဖြစ်နေစဉ် လယ်ယာ စိုက်ပျိုး အတတ်ကို တတ်မြောက်ခဲ့၏ ။ ထိုမှ ပြန်လည်ထွက်ပြေးလွတ် မြောက်လာရာ ချိယန်တို့ဒေသသို့ ပြန်ရောက်ခဲ့သော် အရပ်သား များအား ပြန်လည်သင်ကြားပေရာ အရိုသေခံရ၍ မင်းအဖြစ်ကို ရသည်။ ထိုမင်း၏ မြစ်တော်စပ်သူ ရဲန် မင်းလက်ထက်တွင် ချိ(န်) ပဒေသရာဇ်မင်း ယှိ- အဲန်ကုန် ဘီစီ ၃၈၄-၃၇၆ သည် စစ်ပြုပြန် ရာ ချိယန်တချို့မှာ မြစ်ဝါမြစ်ညာ အတိုင်း တောင်ဖက်သို့ ရွေ့ြေ့ပာင်းရပြန်သည်။ ဟန်မင်းဆက် အေဒီ ၂၅ - ၂၂၀ တွင် ဟန်တရုတ် တို့နှင့် တိဘက် - မြန်မာ လူမျိုးစု တို့အပြန်အလှန် စစ်ဆင်နွဲခဲ့ကြသည်။ တိဘက် - မြန်မာ လူမျိုးတို့၏ မူရင်းဒေသ မှာ ယခု ဟုာင်မြစ်ဝှမ်း (ဝါ) မြစ်ဝါမြစ် ညာပိုင်းနှင့် ဝေ့မြစ် ညာ ပိုင်း ပင်ဖြစ်သည်။ ယင်းဒေသသို့ မည်သည့် အချိန်က အခြေချ နေထိုင် သည်ကို ခန့်မှန်းရလျှင် ရှေးတရုတ်တို့ မြစ်ဝါမြစ်ဝှမ်း အလယ်ပိုင်းဒေသ မြစ်ဝါကုန်းမြင့်တွင် အခြေချ နေထိုင်စဉ်ကပင် တိဘက် - မြန်မာ လူမျိုးတို့ ထိုနေရာသို့ အခြေချ နေထိုင်ပြီ ဟု ခန့်မှန်းရပါသည်။

( ၇ ) ။ တိဘက် - မြန်မာ တို့၏ အသက်မွေး ဝမ်းကျောင်း။

အနောက်ဖက် တိဘက် - မြန်မာ များသည် တိရိစ္ဆာန် မွေးမြူ၍ ရေကြည်ရာ မြက်နုရာသို့ ရွှေ့ပြောင်းသွားလာနေသော မျိုးနွယ် စုကြီးဖြစ်သည်။မြို့ပြအတည်တကျမရှိခဲ့ပေ ။ ရှေးတရုတ် တို့နှင့် ဆက်ဆံခြင်းကြောင့် လယ်ယာလုပ်ငန်း ကိုသိရှိခဲ့ပါသော်လည်း တိရိစ္ဆာန်မွေးမြူရေးသည်သာ ၎င်းတို့၏ အဓိက စီးပွားရေး လုပ်ငန်း ဖြစ်သည်။ ယနေ့တိုင်အောင် ကန်စုနယ် အနောက်ပိုင်း မှာ တိရိစ္ဆာန် မွေးမြူရေး လုပ်ငန်းသည်သာ ၎င်းတို့၏ အဓိက စီးပွားရေးလုပ်ငန်းဖြစ်နေသေးသည်။ အရှေ့ဖက် တိဘက် - မြန်မာ များကား စီချွမ်နယ် အနောက်ပိုင်းသို့ ရောက်ရှိပြီးနောက် မြို့ရွာတည် ထောင်၍ လယ်ယာလုပ်ငန်းဖြင့် အသက်မွေး ကြပါ သည်။ ရှေးအခါက စီချွမ်နယ် မှထွက်သော ပိုးထည်ပစ္စည်း သည် အလွန် ထင်ရှားကျော်ကြား၍ အနောက်ဖက် နိုင်ငံများသို့ပင် ရောက်ခဲ့သည်။ ဘီစီ ၃၁၆ က စီချွမ်နယ် အနောက်ပိုင်းတွင် နေထိုင်ခဲ့ဘူးသော မြန်မာတို့သည်လည်း ပိုးထည်အတတ်ကို တတ်မြောက်နိုင်ပေလိမ့်မည်။

စာရေးသူအမြင် ။

စာရေးသူ လေ့လာခဲ့သော မှတ်တမ်းများအရ တိဗက်- မြန်မာတို့သည် ရှေးတရုတ်တို့ တိုက်ခိုက်မှု ကြောင့် ဘီစီ ၂၀၀၀ ခန့်မှစတင်ကာ မူရင်းဒေသကိုစွန့်ခွာလျှက် အရပ်မျက်နှာ အသီးသီးသို့ ပြောင်းရွှေ့ခဲ့ကြပါသည်။ ထိုအချိန် နောင်မြန်မာနိုင် ငံဟုတွင်မည်ဖြစ်သော ဒေသရှိ မူရင်းလူမျိုးများ နေထိုင်လျှက်ရှိပုံ နှင့် မည်သို့ အဆင့်ဆင့် တစ်စုခြင်း ဝင်ရောက်လာပုံ ကို အကျဉ်း ဖော်ပြပေးပါမည် ။

(၁) မူရင်း လူမျိုးများနေထိုင်လျှက်ရှိပါသည် ။

(၂) ၎င်း တို့ နေရာကို မွန်- ခမာ တို့ယူလျှက် နေထိုင်လျှက် ရှိပါသည်။

(၃) နာဂတို့က မြန်မာနိုင်ငံ မြောက်ဖက်အစွန်တွင် နေရစ်ခဲ့ပါသည် ။

(၄) သက်တို့သည် အနောက်ဖက် မဏိပူရနယ်မှ အရှေ့ဖက် ဧရာဝတီ မြစ်အထိ ဝင်ရောက်နေထိုင်ပါသည် ။

(၅) ၎င်း နေရာကို ချင်းတို့က ထိုးဖောက်လျှက် ချင်းတွင်းမြစ် ကြောင်းတလျှောက်နှင့် ထိုမှ အနောက်ဖက်ရှိ တောင်တန်းများ တွင် ပျံ့နှံနေထိုင်ကြပါသည်။

(၆) တိုင်သျှမ်းတို့က သည် ဒုတိယ ဝင်ရောက်လာသူ များဖြစ်၍ တကောင်းနယ် တဝိုက် တွင်နေထိုင်ခဲ့သည် ။

(၇) ပျူတို့သည် အရှေ့မြောက်ဖက်မှ ဝင်ရောက်လာ၍ ဗိဿနိုး နှင့် သရေခတ္တရာ တို့ကို ထူထောင်ခဲ့ကြသည်။

(၈) ကရင်တို့ သည် သံလွင်မြစ်ကြောင်းအတိုင်း ဝင်ရောက်လာ၍ ယခု ကယားနှင့် သံလွင်ခရိုင် သို့ ဝင်ရောက်ပါသည်။

(၉) နောက်ဆုံး မြန်မာတို့ ကျောက်ဆည်သို့ ဝင်ရောက်လာဟူ သောအယူသည် ဖြစ်နိုင်ဖွယ်မရှိ၍ ပန်းဒင်း ( pending ) အဖြစ်သတ်မှတ်သည်။

တိဘက်- မြန်မာ မျိုးနွယ်စုများသည် သီးသန့်အစု အဖွဲ့အဖြစ် နေထိုင်လာကြသည် ။ နေထိုင်ရာ ဒေသအတွင်း သီးသန့် အုပ်စု ဖြင့်သာ နေထိုင်ခဲ့ ကြသည် ။ တရုတ်တို့ ၏ အတိုက်အခိုက် အဖျက်ဆီးခံ လာရသောအခါ အခြေကျ နေပြီး ဖြစ်သော ဒေသကို ပင် စွန့်ခွာလာခဲ့ကြသည် ။ သူတပါး လက်အောက် မနေလို ။ လွပ်လပ်သော ဘဝကိုသာမြတ်နိုး ကြသည် ။ ထို့ကြောင့် ဖြစ်လိုရာဖြစ်ပါစေ လွပ်လပ်ရေးကို အထိမခံ ဟူသောအချက်သည် ယခု ပြည်ထောင်စုသား တို့၏ မျိုးချစ်စိတ် ( ဝါ ) ဇာတိမာန် သည် ဤကနဦး အချိန်ကတည်း ကပင် မြန်မာတို့ နှင့် ကပ်ပါ လာသည် ဟု မြင်မိပါသည်။ ဤတွင် ကျွန်မ တို့ မြန်မာလူမျိုး တိုင်းရင်းသားတို့သည် ဇာတိမာန် ဟူသော ခေါင်းစဉ် အောက်တွင် ယဉ်ပါးနေပြီး ဗီဇ သွေးတွင် စွဲမြဲနေသော အမျိုးချစ် စိတ်အောက်တွင် ဧရာဝတီကို သက်သေတည်ရင်း ခေတ်ကာလများစွာကိုဖြတ်သန်းခဲ့ကြသည်။ ကိုယ်ပိုင်ယဉ်ကျေးမှု ကိုယ်ပိုင်စာပေ ကိုယ်ပိုင်ဘာသာစကား တို့နှင့် ကိုယ်ပိုင် အမိမြေကို ဇွဲနပဲ နှင့် အသက်သွင်း ခဲ့ကြပါသည်။
မိမိ လူမျိုး၏ စိုးမိုးအုပ်ချုပ်မှု ကိုသာ ခံယူချင်သော သမိုင်း အရ အကာလ ကွဲပြား ၍ ညီ အကို သွေးဝေးသွားချိန်တွင် အချင်းချင်း တိုက်ခိုက်ခဲ့ သော သာဓက များလည်း များစွာ ကြုံတွေ့ခဲ့ရသည်ကို သိရှိပြီးဖြစ်ပေမည်။သို့သော် ယခုအချိန်တွင် ပြည်ထောင်စု မြန်မာနိုင်ငံ ဟူသောခေါင်းစဉ် အောက်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် နေကြသည်မှာလည်း လက်တွေ့မျက်မြင်ပင်ဖြစ်သည်။
ထို့ကြောင့် မြန်မာပြည်ဖွား တိုင်းရင်းသားတို့၏ ဇာတိသွေး ဇာတိမာန် အပေါ်မေးခွန်းထုတ်မှုများကြုံတွေ့လာပါက ဇာတိမာန် ဟူသည် တိုက်တွန်း၍လည်းမဟုတ် ပြုလုပ်ယူ ၍လည်းမရ မိမိတို့၏ သာဘာဝ ပင်ကိုယ် ဇစ်မြစ်၏ မြစ်ဖျားခံရာ ဘူမိနက်သန်ကား နက်ရှိုင်းလှပေသောကြောင့် မြန်မာ့ ဇာတိမာန်အား အမြဲတစေ ဂုဏ်ယူဝံ့ကြွားတတ်စေရန် စေတနာဖြင့် ရေးသား အသိပေးအပ်ပါသည်။

သျှင်လေညင်း ။ ။ (၁၂ ၊ ၃ ၊ ၂၀၁၃ )

AddThis