မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Saturday 23 February 2013

ရွှေနန်းဆီသို့(၁)

(ဂ) ရာဇဝင်တိုက်ပွဲ G . H . Luse ၏ Old Kyauk-se and Coming of Burma မြန်မာအစကျောက်ဆည်ကစာတမ်း၏လိုအပ်ချက်ရှိနေသေး သော အကိုးအကားများ ။ G . H . Luse သည် မြန်မာ့သမိုင်းဆိုင်ရာစာတမ်းအချို့ကိုရေးသားခဲ့ပါသည်။ (၁) Fu-Kan-Tu-Lu (၂)Geography of Burma (၃)Note on the people of Burma (၄)Burma down to fall of Pangan (၅)The Ancient Pyu (၆)The Economic Life of Burma စာတမ်းများက်ု ဒုတိယကမ္ဘာစစ်မတိုင်မီ ၁၉၂၀ မှ ၁၉၄၂ ခုနှစ်ကြားတွင် ရေးသားဖတ်ကြားခဲ့ပြီး Journal of Burma Research Society စာအုပ်များတွင်ပုံနှိပ်ဖော်ပြခဲ့ပါသည်
။မြန်မာနိုင်ငံ လွပ်လပ်ရေး ရပြီးခါစ ပြည်တွင်းသောင်းကျန်းမှုများ အရှိန်လျော့ ရှုံးနိမ့် သွားချိန်ဝန်းကျင် ၁၉၅၇ ခုနှစ်တွင် Old Kyauke- se and coming of Burma( မြန်မာအစ- ကျောက်ဆည်)အမည်တပ် သုတေသနစာတမ်းတစ်စောင်ကို ရန်ကုန်တက္ကသိုလ် ၌ တင်သွင်း ဖတ်ကြားခဲ့ပါသည်။ ယင်းစာတမ်းသည် ယခင်က Mr . Luce ရေးခဲ့သော စာတမ်းများပါ မြန်မာသမိုင်းဆိုင်ရာ အယူအဆများကိုစုစည်းချဲ့ထွင်ရေးသားဖော်ပြထားခြင်းဖြစ်ပါသည်။ ယင်းမြန်မာ့သမိုင်းသစ် အယူအဆအတွက် ပြည်ပမှတ်တမ်း အကိုးအကားအဖြစ် ပြည်ပမှတ်တမ်းများစွာ ရှိသည့်အနက် အေဒီ ၈၆၄ ခုနှစ် တရုတ်စစ်သူကြီး ဖန်ချောမှ မြန်မာနိုင်ငံကို ရောက်ဖူးခြင်းမရှိပါပဲ ဟနွိုင်မြို့ရိုးပေါ်တဆင့်ကြား စကားဖြင့် ရေးသားခဲ့သော *မန်ရှု ( Man Shu) တောင်ပိုင်းမှ အရိုင်းများအမည်ရှိ မှတ်တမ်းတစ်စောင်တည်းကိုသာ ကိုးကား အသုံးပြုခဲ့ပြီး ၎င်းသည် အခြားစာတမ်း ( မြန်မာလူမျိုး၊ မြန်မာ့သမိုင်းနှင့်မဆိုင်သော စာတမ်းများတွင်သိရှိ ကျမ်းကိုး အသုံးပြုခဲ့သော အရေးကြီးသော ရှေးတရုတ်မှတ်တမ်းပါ အနော်ရထာမတိုင်ခင် ရှေးခေတ်မြန်မာနိုင်ငံ အထောက်အထားများကို ) လုံးဝဖော်ပြခြင်းမရှိပဲ ချန်လှပ်ထားခဲ့ပါသည်။ရှေးအိန္ဒိယ မှတ်တမ်းများကို လည်း သမိုင်းအတွက်ကြည့်ရှုစရာမလို ဟူ သောတစ်ဖက်သတ် ထင်မြင်ယူဆချက်ဖြင့် ချန်လှပ်ထားခဲ့ပါသည်။သမိုင်းပြုစုလျှင် အားမထားရာသောတဆင့်ကြားစကားဖြင့်မှတ်တမ်းတင်ထားသောတရုတ်မန်ရှုမှတ်တမ်းကိုအဘယ့်ကြောင့်သုံးစွဲခဲ့ရပါသနည်း။ ထိုစာတမ်းထဲတွင် အေဒီ ၈၃၂ ခုနှစ်တွင် နန်စောတို့ တိုက်ခိုက်လုယက်သဖြင့် ပျူနိုင်ငံ၊ ပျူလူမျိုး ပျက်သုန်း တိမ်ကောကာ ပျူနိုင်ငံနေရာတွင် ဗလာဖြစ်သွားကြောင်းကို ထည့်သွင်းဖော်ပြထားပါသည်။ ထို့ပြင် အေဒီ ၈၃၅ ခုနှစ်တွင် နန်စောတို့ လက်ချက်ဖြင့်ပင် မိချန်ခေါ် မြို့ ( ၎င်း၏ထင်မြင်ချက်ဖြင့်မွန်တို့ နေသော ပဲခူးမြို့တော် ဟု အထောက်အထားမပါပဲ သတ်မှတ်ထားသော ) ပျက်သုန်းပြန်၍ မွန်တို့ တိမ်ကောရကြောင်းအပြင် ပျူကော မွန်ကော ပျက်သုန်း ၍ နှစ်ထပ်ကွန်း ဗလာဖြစ်နေသော ကျောက်ဆည်လွင်ပြင်ကို နန်စော တို့ရန်မှ ထွက်ပြေးလာသော(မာန်၊ ချိယန်)ခေါ် မြန်မာတို့ အခြေချ နေထိုင်လာကြောင်းဖြင့် မန်ရှုမှတ်တမ်းအကိုးအကားဖြင့် သုံးသပ်တင်ပြထားလေသည်။ သို့သော် မန်ရှု မှတ်တမ်း၌ အေဒီ ၄၃၂ တွင်နန်စောတို့ တိုက်၍ ပျူနိုင်ငံ၊ ပျူမင်းနေပြည် ၊ ပျူလူမျိုး ပျက်သုန်းရသည်ဟု မပါဝင်ကြောင်းလေ့လာတွေ့ရှိရပြန်သည်။ ယူနန် ကျေးတုံ ရောက် ပျူသုံ့ပန်းတို့ ဆင်းရဲရကြောင်းသာပါဝင်ပေသည်။ ထိုမန်ရှုမှတ်တမ်းတွင်ပင် အေဒီ ၈၆၄ ခုနှစ်အထိ ယူနန်နှင့် ကုန်သွယ်ရေးအဆက်အဆံ ရှိနေသော ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ဆုံတဝိုက်ရှိ ပျူနိုင်ငံ၊ ပျူတပ်မြို့များနှင့်ပျူလူမျိုးတို့ထွန်းကားလျက်တည်ရှိနေကြောင်း ကို ထင်ရှားစွာဖော်ပြထားပြန်သည်။ နောက်တဖန် ယူနယ်နယ် တောင်ပိုင်းအစွန်အဖျားနေ (မာန်၊ ချိယန်)လူမျိုးစုသည် ၈၆၃ ဟနွိုင်းမြို့တိုက်ပွဲ တွင် နန်စောတို့ ဖက်မှ ပါဝင်တိုက်ခိုက်ပေးသည်ဟု မန်ရှုမှတ်တမ်း တွင်ဖော်ပြထားသေးရာ အေဒီ ၈၆၄ ခုနှစ်အထိ ယူနန်နယ်၌သာ (မာန်၊ ချိယန်)တို့သည် နန်စောတို့အုပ်ချုပ်မှု အောက်ရှိ လူမျိုးစုတစ်စုအဖြစ်နေထိုင်လျက်ရှိကြောင်း သိရသည်။မိုးလဲန်တောင် နန်စောခံတပ်တွင် (မာန်၊ ချိယန်)တို့အပါအဝင် လူမျိုးစု ဆယ်စုကို နန်စောတို့စုစည်း အုပ်ချုပ်ထားကြောင်း မန်ရှု ကျမ်းတွင် ဖော်ပြထားသည်။ ထိုသို့ဆိုလျှင် အကိုးအကားပြုထားသော ကျမ်းတစ်ခုတည်း၌ပင် လိုရာကိုသာယူထားသည်မဟုတ်ပါလော ။အေဒီ ၈၃၅ တွင် ထွက်ပြေးလာသော (မာန်၊ ချိယန်)တို့သည် အေဒီ ၈၆၄ ဟနွိုင်း တိုက်ပွဲတွင် ကူညီတိုက်ခိုက်ခဲ့သော (မာန်၊ ချိယန်)နှင့် အတူတူပင်ဖြစ်ကြောင်း၎င်းတို့ကို နန်စောတို့ ခေါ်ဝေါ်သော ယူနန်တောင်ပိုင်းနေ အရိုင်းအစိုင်းများ ဟူသောဝေါဟာရဖြင့်ဆက်စပ်ရနိုင်ပါသည်။ထို့ကြောင့် ဤကောက်ချက်၂ ခုမတိုက်ဆိုင်သည်ကို ထင်ရှားစွာတွေ့ရှိရပြန်ပါသည်။ ရှေးတရုတ်နန်းတော်မှလည်း ယူနန်နှင့် တောင်ပင်လယ်ကြားရှိ နိုင်ငံ ကြီးကို ဘီစီ ၂ရာစု ၊ အေဒီ ၄ ရာခေတ်၏ ဗရမ္မာ နိုင်ငံ ၊ ပျူနိုင်ငံ ဟု အမည် ၂ မျိုးဖြင့် တရုတ်တို့ ခေါ်ဆို မှတ်တမ်း တင်ထားပါသည်။တရုတ်သုံးပြည်ထောင်စုခေတ် (အေဒီ ၂၂၀-၂၆၈) မှတ်တမ်းအရ ရှေးခေတ် မြန်မာနိုင်ငံ ကိုဗရမ္မာဟုလည်းကောင်း ၊ ပျူ ဟူ၍လည်းကောင်း နာမည် ၂ မျိုးလုံးဖြင့် သိရှိမှတ်တမ်းတင်ထားခဲ့ပါသည်။ ထို့အပြင် ဝေ့ နိုင်ငံသည် အေဒီ ၂၂၀-၂၆၈ ဗရမ္မာ နိုင်ငံကို ဗရမ္မာနှင့် ပျူဟူသော အမည်နှင့်တကွ ပုဂံနိုင်ငံဟူသောအမည်ဖြင့်ပါ ဖော်ပြမှတ်တမ်းတင်ခဲ့ရာ ထိုမှတ်တမ်းနှစ်ခုအရ ပုဂံနိုင်ငံသည် အေဒီ ၃ ရာစုတွင် ထွန်းကားတည်လျက် ရှိနေသည့်အကြောင်းပေါ်ပေါက် နေပါသည်။ အေဒီ ၆ ရာစု လျန်မင်းဆက်မှတ်တမ်းကလည်း ဗရမ္မာနိုင်ငံဟု ဆက်လက်ဖော်ပြထားသည် ။ အေဒီ ၁၁ ရာစု စုန့်ခေတ်က တရုတ်မှတ်တမ်းသည် မြန်မာနိုင်ငံ ကို ပျူနိုင်ငံဟူ၍လည်းကောင်း ၊ ၁၃-၁၄ ရာစု ယွန်ရှီ ခေတ် တရုတ်မှတ်တမ်းတို့သည် မြန်မာနိုင်ငံကို ပျူနိုင်ငံ ၊ ဖူကန်နိုင်ငံ ၊ ဗရမ္မာနိုင်ငံ ဟု ၂ နိုင်ငံ သံအဆက်အဆံလုပ်ယင်း ဖော်ပြသွားပါသည် ။ထို့ကြောင့် ဘီစီ ၂ ရာစုနှင့် အေဒီ ၁၃ ကြားတွင် ရှေးတရုတ်တို့ ရှေးခေတ်မြန်မာနိုင်ငံကို သိရှိခေါ်ဝေါ်သော အမည်များမှာ ဗရမ္မာ၊ ပျူ ၊ ဖူကန်ဟူ၍ မှတ်သားမိပါသည်။ မှတ်သားစရာ နောက်တစ်ခုမှာ G . H . Luseသည် ၎င်း၏ Fu-Kan-Tu-Lu စာတမ်းတွင် အေဒီ ၃ ရာစု အဆိုပါ တရုတ်မှတ်တမ်းပါ ဖူကန် ခေါ် ပုဂံနိုင်ငံအကြောင်းဆွေးနွေး သုံးသပ်ပြီး အေဒီ ၃ ရာစု ပုဂံနိုင်ငံရှိကြောင်း ယင်းပုဂံနိုင်ငံကို တရုတ်တို့သိရှိသည်မှာယုတ္တိ အထောက်အထားရှိကြောင်း သဘောတူ လက်ခံ ဖော်ပြခဲ့ပါသည်။ ထို့ကြောင့် မြန်မာအစ - ကျောက်ဆည် စာတမ်း ၌ အေဒီ ၈၄၉ ခနှစ် ဝါ အေဒီ ၉ ရာစုအခါကျမှ မြန်မာလူမျိုးနဲ့ ပုဂံပြည် ပုဂံနိုင်ငံ စတင်ပေါ်ပေါ်က်သည် ဟူသောရေးသားပြောဆိုချက်တို့မှာ ၎င်း ကိုယ်တိုင် ရေးထားသည့် ဖုန်ကန်တူလူ စာတမ်း ပါ အေဒီ ၃ ရာစု ပုဂံနိုင်ငံနှင့် ရှေ့နောက်မညီကြောင်း၊ အေဒီ ၃ ရာစု ပုဂံနိုင်ငံကို စစ်ချီတိုက်ခိုက်ကြောင်း ဖော်ပြထားသည့် ဝေ့နိုင်ငံမှတ်တမ်းနှင့် မကိုက်ညီပဲ မှားယွင်းနေကြောင်း ပေါ်ပေါက်လျက် ရှိပါသည်။ အခြားမှတ်တမ်း ထဲမှမြန်မာတို့ကို ခေါ်ဝေါ်မှုများ။ ရှေအိန္ဒိယသားတို့သည် သရေခတ္တရာနိုင်ငံနှင့် လူမျိုးများကို ဗြဟ္မာ ( အသံထွက် ဗရမ္မာ ) ဟုသိရှိခေါ်ဆိုခဲ့ကြကြောင်း ၊ဗရမ္မာ ခေါ် မြန်မာလူမျိုး ၊ မြန်မာနိုင်ငံ အေဒီ ၃ ရာစု ကတည်း ကပေါ်ပေါက် ထွန်းကားခဲ့ပြီဖြစ်ကြောင်း Burma Sketches ( မြန်မာ့သမိုင်းကောက်ကြောင်း ) ဟူသောစာအုပ်၌ ဆရာကြီးတော်စိန်ခို ( ကျောက်စာဝန် )ကဖော်ထုတ်တင်ပြခဲ့ပါ သည်။ ဤ Burma Sketches စာအုပ်ကို Mr . Luce က ကျမ်းကိုး အဖြစ်အခြား စာတမ်းတစ်စောင်တွင် အသုံးပြု ထားသော်လည်း သရေခတ္တရာ ၊ မြန်မာနိုင်ငံ ၊မြန်မာလူမျိုး အကြောင်းကိုတော့ မြန်မာ့သမိုင်းပြုစု ရာတွင် မှီငြမ်းကိုးကားခြင်းမရှိပဲ တစ်လုံး တစ်ပါဒမှလည်း ဖော်ပြခဲ့ခြင်းမရှိခဲ့ပါ။ ရှေးမစ္ဇျိမသားတို့သည် မြန်မာနိုင်ငံကို အစဉ်အလာအားဖြင့် ဗရမ္မာ ဒေ့ရှ် ( Burma- ar Deisai) ဟုခေါ်ကြလေ့ရှိကြောင်း ဆရာကြီး W S Deisai ( သမိုင်းပါမောက္ခ -ရန်ကုန်တက္ကသိုလ် ၁၉၄၆-၄၇ )၏စာအုပ်တွင်ဖော်ပြထားပါသည်။ ဒုတိယ ကမ္ဘာစစ်မတိုင်မီ မြန်မာနိုင်ငံသို့ ကူးသန်းရောင်းဝယ်ရန်လာရောက်ကြသော အိန္ဒိယ သားတို့သည်လည်းကောင်း၊ယင်း ကာလ မြန်မာနိုင်ငံတွင်လာရောက်အခြေချ နေထိုင်ကြသော အိန္ဒိယ သားတို့သည်လည်းကောင်း ယခုခေတ် အိန္ဒိ ယ သီရိလင်္ကာ ဘင်္ဂလားဒေ့ရှ်တို့သည်လည်းကောင်းလွပ်လပ်ရေး ရပြီး မြန်မာ့အစိုးရ ဘက်မှ သတ္တိရှိရှိ ရွတ်ရွတ်ချွံချွံ ရဲရဲ ရင့်ရင့် ကာကွယ်တိုက်ခိုက်ခဲ့သော ဂေါ်ရခါးတပ်သား ဂေါ်ရခါးစစ်ဗိုလ်တို့ သည်လည်းကောင်း မြန်မာတို့အား ရှေးယခင်ကတည်းကအတိုင်းပင် ဗရာမ္မာ ဟုခေါ်ဆိုခြင်းတို့မှာသတိချပ်ဖွယ် စဉ်းစားဖွယ်ဖြစ်နေပါသည်။ အေဒီ ၂ ရာစုမှ ၄ ရာစုကာလအတွင်း အေဒီ ၃ ရာစုတွင်ေ ဝ့နိုင်ငံမှ နာမည်ကျော် တရုတ်စစ်သူကြီး ချူကောလိယန်း ခေါင်းဆောင်သော တရုတ်စစ်တပ်ကြီးတိုက်ခိုက်ရန်စစ်ချီလာပြီး ပထမ ပုဂံပြည်ခေတ် ပုဂံနိုင်ငံကို တိုက်ခိုက်ဖူးကြောင်း တရုတ်နိုင်ငံ ဝေ့မှတ်တမ်းတွင်အတိအလင်း ဖော်ပြထားပါသည်။ အေဒီ ၄ ရာစုတည် ဒုတိယပုဂံခေတ်သီရိပစ္စယာ အမည်ကို ပုဂံခေတ်ကျောက်စာများတွင် ရေးထိုးပါရှိပါသည် ။ဗရာမ္မာဟု ရှေးတရုတ်တို့ခေါ်ဝေါ်သော ပျူနိုင်ငံတော်ကြီးမှ အင်အားတောင့်တင်းပြီး ထင်ရှားကျော်ကြားသော မြို့ကြီး ၃၂ မြို့ အမည်စာရင်းဝင် တမ္ပအမည်ရှိမြို့ကြီးတစ်မြို့ကို အေဒီ ၇ ရာစု -၁၀ ရာစုက ထန်ခေတ် ၊ထန်မင်းဆက် မှတ်တမ်းသစ်ကြီးတွင် မှတ်တမ်းတင်ပါရှိပြီး ယင်းတမ္ပမြို့ကြီးသည် တတိယ ပုဂံပြည် တမ္ပဝတီဖြစ်ကြောင်း ဆရာကြီး ဦးရည်စိန်နှင့် ဆရာကြီး ဒေါက်တာသန်းထွန်း တို့မှ ဆိုပါသည်။ စတုတ္ထ ပုဂံပြည်ကြီးကား အများသိထင်ရှားပြီးဖြစ်သော အေဒီ ၁၃ -၁၄ ရာစု ယွန်းရှိ မှတ်တမ်းဝင် ပုဂံနိုင်ငံကို ပုဂံနိုင်ငံ ပျူနိုင်ငံ မြန်မာနိုင်ငံ ဟု သုံးနာမည်လုံးဖြင့် သိရှိမှတ်တမ်းတင်ထားပါသည်။ စာရေးသူအမြင်။ ယခု ဆောင်းပါး တွင်တင်ပြထားသော Mr .Luce ၏ မန်ရှုမှတ်တမ်း အပေါ်ကိုးကားချက်များသည်--- (၁) မန်ရှု မှတ်တမ်းတစ်ခုတည်းကိုကိုးကား၍ ကောက်ချက်ချထားသည်။ (၂) ထိုသို့ ကိုးကားရာ တွင် ၏သည်မရွေး အလုံးစုံ အသုံးချထားခြင်းမဟုတ် လိုအပ်ရာကိုသာ ကောက်နှုတ်ထားသည်။ (၃) အခြားခေတ်ပြိုင်မှတ်တမ်းများကို လက်လှမ်းမီ နိုင်သော်လည်း မိမိ အယူအဆနှင့် မကိုက်ညီ၍ ကိုးကားခြင်း အလျဉ်းမရှိ။ (၄) တစ်ဦးတည်း ရေးသားထားသော သုတေသန စာတမ်းတို့တွင် အယူအဆ ခြင်း ဆန့်ကျင်ဖက်ဖြစ်နေ ပြီး ရှေ့နောက်လုံးဝလွဲမှားနေသော်လည်း အယူအဆကို ပြင်ဆင်ခြင်းမရှိ။ (၅) နောက်တွေ့အထောက်အထားတို့ကို လေ့လာပြင်ဆင်ရန် ဆန္ဒမရှိ ။ (၆) သုတေသန ပညာရှင်ကြီးဖြစ်လင့်ကစား အင်မတန် အရေးကြီးသော နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးတို့၏ အရေးပါသော သမိုင်းကို မပြည့်စုံသော အထောက်အထား များနှင့် ကောက်ချက်ဆွဲ အတည်ပြုသည်။ (၇) အရေးကြီးသော သမိုင်းဖြစ်ရပ်ကို အထောက်အထားထက် အတွေး များစွာဖြင့်အတည်ပြုသည်။ ဟုအကြမ်းဖျင်းသုံးသပ်မိပါသည်။ G . H . Luseသည် မြန်မာနိုင်ငံကို အင်မတန်ချစ်မြတ်နိုးသည်ဟု မှတ်သားဖူးပါသည်။ အထူးသဖြင့် ပုဂံမြေ ပုဂံအလှ နှင့် ပုဂံခေတ် စေတီပုထိုးများ ပုဂံခေတ်ထိုးကျောက်စာချပ်များ ကို သံယောဇဉ်ကြီးလွန်း၍ လွန်စွာသဘောကျမြတ်နိုး တန်ဖိုးထားသူဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ ပုဂံမြေပေါ်သို့ မဟာမိတ်များ ဗုံးကျဲချမည်ကို ကန့်ကွက်အရေးဆို၍ ယနေ့ကျက်သရေဆောင် ပုဂံမြေကြီးကို ကာကွယ်ပေးခဲ့သူလည်းဖြစ်ပေသည်။ တော်လှန်ရေးကောင်စီအစိုးရ တက်လာချိန်မှာ မြန်မာပြည်ကို စွန့်ခွာသွားရသော်လည်း သူ့စိတ်မှာ ပုဂံကို တဝဲလည်လည်ဖြစ်နေကြောင်းကို ငါသေရင် ငါ့အရိုးပြာကို ပုဂံသို့ ဆောင်ကျဉ်းပေးပါရန် မှာသွားခြင်းကထင်ရှားစေသည်။ ထို့ကြောင့်မှားခဲ့သည်ဆိုပါကလည်း ပုဂံကို သံယောဇဉ်တွယ်မိသောစိတ်ကြောင့် မြန်မာ့သမိုင်းအလယ်တွင် ပုဂံသည် ပထမနေရာ၌ ရှိစေရန် စေတနာအမှားသာဖြစ်ပေလိမ့်မည်။ သို့သော် စာရေးသူတို့ ဖက်တွင်တော့ သမိုင်းကြောင်းကို ဤမျှလောက်ကမောက်ကမအဖြစ်မခံပါ။မည်သို့လျှင် မျိုးချစ်စိတ်ကို ကိုင်စွဲ ၍ ပြန်လည်ချေပသည် ဟုသတ်မှတ်စေကာမူ အမိမြေ၏ သမိုင်းကျွေးဝန်ပိနေမှုမျိုးကိုတော့အဖြစ် လုံးဝမခံနိုင်ပါ။ရေခံမြေခံ အင်မတန်ကောင်းခဲ့သော သဘာဝသယံဇာတ တွင်းထွက်များကြွယ်ဝသော ကူသန်းရောင်းဝယ်ရေး အတွက် အလွန်အဆင်ပြေသော မြစ်ကြီး ဧရာ နှင့် ရှည်လျား လှသော ပင်လယ်ထွက်ပေါက်ကြီးနှင့်ပြည့်စုံလှသော ဤမြေပေါ်တွင်အတည်တကျ အမြဲနေထိုင်သောလူမျိုးတရပ် မရှိ ဆိုသည်မှာကား ယုတ္တိတော့မတန်လှပေ။ လူမျိုးတစ်မျိုးအတွက် မှာကား ရုပ်ဝတ္ထုတိုးတက်မှု ဆိုတာထက် စိတ်ပိုင်းဆိုင်ရာပြည့်စုံမှုကပို၍အရေးပါပါသည်။ အတိတ်ကာလ ရွှေထီးဆောင်း မှုကိုတမ်းတ၍ လက်တွေ့တိုးတက်မှုကို ရှာဖွေရန် မေ့လျော့နေခြင်းမျိုးလည်းမဟုတ်ပါ။သို့သော် လူတို့အတွက် ဗီဇ ဇစ်မြစ်ခြေခြေမြစ်မြစ်ရှိရန် ဇာတိအခိုင်အမာပြသနိုင်ရန် ရပ်တည်မှု ပီပီပြင်ပြင်ရှိရန်မှာကား အရာအားလုံးထက်အရေးပါဆုံးသောကိစ္စပင် မဟုတ်ပါလား ။ မှတ်ချက်။ ။ဤဆောင်းပါးပါ အချက်အလက်များသည် ဆရာ ဘုန်းတင့်ကျော် ၏ လွန်ခဲ့သောနှစ်၂၂၀၀ ကျော်အထောက်အထားရှိခဲ့သည့် မြန်မာတို့၏သမိုင်းအမှန် (၂၀၁၀) စာအုပ်တစ်အုပ်ထဲမှ မှီငြမ်းထားပါသည် ။ လွန်ခဲ့သော ၃ နှစ်ခန့်က ထုတ်ဝေခဲ့သော စာအုပ်ဖြစ်ပြီး တွေ့ရှိမှု အသစ်၊ အယူအဆအသစ်၊ ချေပချက် အထောက်အထားအသစ်များနှင့် အင်မတန်ပြည့်စုံ၍ အားရစရာကောင်းလှပါသည်။ဆရာသည် ဇွဲကြီးလှပါသည် ။ သုတေသန တွေ့ရှိချက်အသစ်များ ရရှိရန်အတွက် အင်မတန်မှအပင်ပမ်းခံထားသည်ကိုလည်းလေ့လာမိပါသည်။သို့သော် စကားအသိမ်းအနှုတ် အတွေးအခေါ် အယူအဆ တွေ့ရှိချက်များကိုဆက်စပ်ပုံနှင့် ဆုံးဖြတ်ချက်များ အရဲကိုးလွန်းသည်ကိုတော့ တွေ့ရပါသည်။အချို့အထောက်အထား တွေ့ရှိမှုများကိုတော့ စာရေးသူ ကိုးကားရန် လက်ခံရန် မဝံ့ရဲသည်ကိုတော့ ဝန်ခံမိပါသည်။ -- သျှင် လေညင်း ။ (၂၂၊၂၊၂၀၁၃) https://www.facebook.com/photo.php?fbid=474958875886302&set=a.474475725934617.100938.474473762601480&type=1 Photo Credit to : Glasglow Museum .com

AddThis