မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Wednesday 19 February 2014

မြစ်သားကျောက်စာ



စောလူးမင်း ( ဗဇြာဘရဏဒေဝ ၊ ဂြီဝဇြာဘရဏ (အေဒီ ၁၀၇၇-၁၀၈၄) ) ၏ မြစ်သားမြို့ နယ်တွင် ပြုခဲ့သော ကုသိုလ်များမှာ
၁ ။ ရွှေစောလူးစေတီ (သက္ကရာဇ် ၄၁၃ ) ။
၂ ။ စောလူးမင်းစေတီ (သက္ကရာဇ် ၄၁၅ (သို့) ၄၄၁ မသိရသေး ) ဘွဲ့အမည် မသိ ။
၃ ။ ရွှေစေတီ ( သက္ကရာဇ် ၄၂၃)
၎ ။ ရွှေစောလူးစေတီ ( ခုနှစ်မသိ ) တို့ဖြစ်သည် ။


အမှတ်စဉ် ၂ ပါ စောလူးမင်းစေတီမှာ ပြိုကျပျက်စီး သွားပြီဖြစ်ပြီး ဌာပနာထား သော ရွှေဆင်းတုတော် နှစ်ဆူကို ဓါတ်ပေါင်းစုစေတီတည်ရာတွင် ပြန်လည်၍ ဌာပနာထား ခဲ့ကြောင်းသိရပါသည် ။ ထိုဓါတ်ပေါင်းစုစေတီကို ယခုမျက် မှော က်ကာလတွင် ပေတောပရဟိတ လူငယ်ဖွံ့ဖြိုးရေးကျောင်းတွင် သွားရောက် ဖူးတွေ့နိုင်ပါသည် ။

သို့သော် ထိုဘုရားတည် ကျောက်စာမှာမူ မြစ်သားမြို့ ပေတောကျောင်း တိုက်ဝင်း အတွင်းတွင်တွေ့ရှိခဲ့သည် ။ အမည်းရောင် ထုံးကျောက်တုံးကို ထုလုပ်၍ ကျောက်စာရေးထိုးထားသော ရှေးဟောင်း ကျောက်စာတစ်ချပ် လည်း ဖြစ်သည် ။ တွေ့ရသောအခြေအနေမှာ ငါးပိုင်းကွဲလျက် အနေ အထား နှင့်ဖြစ်ပြီး တစ်ပိုင်းပျောက်ဆုံးလျက် လေးပိုင်းသာ ကျန်ခဲ့ပါသည် ။ ရှေး ဟောင်း သမိုင်းသုတေသန ပညာရှင်များသွားရောက်ပြီး လေ့လာကာ လေး ပိုင်းကို ပြန်ဆက်ပေးခဲ့ပါ သည် ။ ဤကျောက်စာသည် ပုဂံခေတ်ဦး ၁၁ရာစု တွင် မျက်နှာပြင် နှစ်ဖက်ဖြင့် ရေးထိုးထား ခဲ့သော စောလူးမင်း၏ ကုသိုလ်ပြု ကျောက်စာဖြစ်သည် ။ ကျောက်စာကြီး၏ အလျားမှာ ၅ပေ၉လက်မ အနံမှာ ၃ပေ၆လက်မနှင့် အထူမှာ အရင်းတွင် ၇လက်မ အဖျားတွင် ၅လက်မ ရှိပါ သည် ။ အက္ခရာရေးထိုးထားသော မျက်နှာ နှစ်ဖက်တွင် တစ်ခြမ်းတွင် ပျူ ဘာသာ ၊ တစ်ခြမ်းတွင် မွန်ဘာသာဖြင့် အသီးသီးရေးထိုးပါရှိသည်ဟု အကြမ်းဖျဉ်း သတ်မှတ်ထားသည် ။ ပျူစာရေးထိုးထားသော ဘက်တွင် မြန်မာဘာသာဟု ယူဆရသော စာကြောင်းရေ ရှစ်ကြောင်း ပါရှိသည်ဟု ဆိုကြသော်လည်း အတည်မပြု နိုင်သေးပါ ။ (၁၂ ၊ ၁၂ ၊ ၂၁၀၁၃ ) ရက်နေ့ အခြေအနေမှာ မြန်မာဘာသာဟုယူဆထား သော်လည်း ( Unknown Language ) အဖြစ်သာ သတ်မှတ်ထားပါသည် ။ ထိုပျူ စာမျက်နှာတွင် အတည်မပြုနိုင်သေးသော စာကြောင်း(၈)ကြောင်း ၊ ပျူပါဠိ (၁၃)ကြောင်းနှင့် ပျူစာစစ်စစ် (၇)ကြောင်းပါရှိသည် ။ မွန်မျက်နှာတွင် မွန်ပါဠိ (၈) ကြောင်းနှင့် မွန်ဘာသာ (၁၅)ကြောင်းနှင့် ယွန်း(သို့) ကျွမ်းဘာသာ(၄)ကြောင်း(နောက်တွင် မွန်ဘာသာဟုအတည်ပြု) ပါရှိပါသည် ။ စောလူးမင်း နန်းတက် ပြီး ၂နှစ်အကြာတွင် ဤဒေသသို့ လာရောက်၍ ဘဝပန်းတိုင်အတွက် ဘုရား ဆုပန်သော ကျောက်စာဖြစ်ပါသည် ။

မြစ်သားမြို့သည် ပုဂံခေတ် အနော်ရထာမင်းကြီးလက်ထက်ကတည်းက လယ်တွင်း ဆယ့်တစ်ခရိုင်တွင် နိုင်ငံ၏ စပါးကျီအဖြစ် ရာဇဝင်သမိုင်းတွင် ထင်ရှားသော မြို့ဖြစ်သည် ။ ယခုတွေ့ခဲ့သော ကျောက်စာမှာ လွန်ခဲ့သော နှစ်ပေါင်း ကိုးရာကျော်က သမိုင်းတန်ဖိုးကြီးမား လှသောကျောက်စာဖြစ်ပြီး မြစ်သားမြို့ဂုဏ်ကျက်သရေကို မြင့်မား စေပါသည် ။ ဤကျောက်စာသည် သမိုင်းဆရာတို့ကို အတွေးစများပေး၍ လွပ်လပ်စွာ ထင်မြင်ယူဆခွင့် ၊ ငြင်းခုံ ခွင့် ၊ အတည်ပြုခွင့် ပေးလျက်ရှိနေပါသည် ။ မျိုးဆက်သစ် ပညာရှင်များကို အခွင့်အရေးများစွာပေး၍ မြန်မာ့သမိုင်းကို ပိုမိုလေးနက်စေပါသည် ။

စောလူးမင်း ကျောက်စာကိုသွားရောက်လေ့လာခဲ့သောပညာရှင်များမှာ
မန္တလေးမြို့မှ ဗိသုကာပညာရှင် တမ္ပဝတီဦးဝင်းမောင်
မွန်ကမ္ဗည်းကျောက်စာပညာရှင် နိုင်ဘရှင်
ပျူစာပညာရှင် Mr. Mickey Heart
ပေစာသုတေသီ ဦးစိုးကျော်သူ
သမိုင်းသုတေသီ ဦးမင်းဆွေ
ပုရိသစာပေသမိုင်းပညာရှင် ဦးနန်းလှိုင်
ရှေးသု နှင့် သမိုင်းပါမောက္ခ(ငြိမ်း) ဒေါက်တာတိုးလှ
လန်ဒန်တက္ကသိုလ် ရှေးသု ပါမောက္ခ Dr. E. H . Moore တို့ဖြစ်ပါသည် ။

(၁၄ ၊ ၁၂ ၊ ၂၀၁၃) တွင် ဆရာကြီးဦးမောင်မောင်တင်၏ (၉၇)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲ တွင် ဆရာကြီး တမ္ပဝတီဦးဝင်းမောင် မှ ယခုအသစ်တွေ့ရှိခဲ့သော စောလူးမင်းကျောက်စာနှင့် ပတ်သတ်ပြီး ပ ဏာမလေ့လာတွေ့ရှိချက်ကို တင်သွင်း ဖတ်ကြားပေးခဲ့ပါသည် ။ မွန်ကမ္ဗည်း ကျောက်စာပညာရှင် ဆရာကြီး နိုင်ဘရှင် သည်လည်း မွန်စာမျက်နှာ ကို ဘာသာပြန်ပေးခဲ့ပါသည် ။ စောလူးမင်းကျောက်စာသည် ဘာသာစကား အမျိုးမျိုးဖြင့်ရေးထိုးထားခြင်းကြောင့် တစ်ဦးတစ်ယောက် အဖွဲ့အစည်း တစ်ခု တည်းနှင့် ဖော်ထုတ် အတည်ပြု၍ မရပဲ သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ပူးပေါင်းအဖြေရှာရမည်ဖြစ်ပါသည် ။

သျှင်လေညင်း ။
၁၉ ၊၂ ၊ ၂၀၁၄ ။

AddThis