မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Sunday 9 March 2014

ရှေးခေတ် ပြက္ခဒိန်များ ။



ပြက္ခဒိန်သည် လူတို့၏ နေ့စဉ်လူနေမှုဘ၀အတွက် မရှိမဖြစ်လိုအပ်သော အရာတစ်ခုဖြစ်၏။ လူမှုရေး လုပ်ငန်းများစွာ အတွက်လည်း ပြက္ခဒိန်မှ ရက်စွဲများသည် မရှိမဖြစ် လိုအပ်သည် ။ ဘာသာရေးပွဲလမ်း သဘင်များ ကျင်းပသည့်အခါ၌လည်း ကဆုန် လပြည့်နေ့၊ ၀ါဆိုလပြည့်၊ သီတင်းကျွတ်လပြည့် စသဖြင့် ပြက္ခဒိန်ကိုပင် ရည်ညွှန်းရသည် ။ အစိုးရဌာန များသည်များစွာသော စီမံခန့်ခွဲရေး လုပ်ငန်းများ ၊ စည်းဝေးပွဲ များ ၊ တရားရုံးများမှ ရုံး ချိန်းများ စသည်တို့တွင် ပြက္ခဒိန်နှင့် ကင်းကွာ၍ မရစကောင်းပေ ။ ထို့ကြောင့်ပင် ရှေးယခင် ခေတ်များ ကပင် ကမ္ဘာအရပ်ရပ်မှ လူသားတို့သည် မိမိနည်း မိမိဟန်ဖြင့် ပြက္ခဒိန်များကို တီထွင်ခဲ့ကြလေသည်။ ဤသို့တီထွင်ကြရာတွင် တစ်နေ့နှင့်တစ်ညကို တစ်ရက် ၊ ကောင်းကင်မှ လမင်းကြီး စပေါ်လာချိန်မှ နောက်ထပ် တစ်ကြိမ် ထပ်မံပေါ်လာချိန်ထိကို တစ်လ စသဖြင့် သတ်မှတ် ကြသည် ။ တနင်္ဂနွေနေမင်း ကိုဗဟိုပြုလျှက် ကမ္ဘာ အပါအဝင် ဂြိုလ် ၊ နက္ခတ်များ သည် လှည့်လည် ရွှေ့လျားနေကြရာ တစ်ဆယ့် နှစ်ရာသီ အံသာ ၃၆၀ပတ် ပြည့်သောအခါ နေ သွားကာလ တစ်ခု ဖြစ်ပေါ်လာသည်ကို သဘော ပေါက် လာကြပြီး ထိုအချိန် ကာလကို နှစ်၏ ကာလ အပိုင်းအခြားဟု သတ်မှတ်၍ တစ်နှစ်ဟု ခေါ်သည် ။ ပြက္ခဒိန် သမိုင်းဆို သည်မှာ ဤကဲ့သို့ နေသွား ၊ လသွား ကာလများကို ညှိယူရသော သမိုင်းကြောင်းပင်ဖြစ် တော့၏ ။


ရှေးအီဂျစ်ပြက္ခဒိန် ။

ယဉ်ကျေးမှုမှာ ထိပ်တန်းရောက်ခဲ့သော ရှေးခေတ် အီဂျစ်လူမျိုးတို့သည် ပိရမစ်ကြီးများ ၊ စဖင့်ကြီးများ နှင့်အတူ ပြက္ခဒိန်အမွေအနှစ်ကိုပါ ကျွန်ုပ်တို့အားပေးခဲ့၏ ။ ရှေးအီဂျစ် ပြက္ခဒိန်ကို ဘီစီ ၄၂၃၆မှစတင် အသုံးပြုခဲ့သည် ဟုဆိုကြသည် ။ အီဂျစ်ပြက္ခဒိန်ကား ရိုးစင်းသည်။ တစ်နှစ်တွင် ရက်ပေါင်း ၃၀ ရှိသောလပေါင်း ၁၂ လရှိပြီး ထို ၁၂ လအပြင် နှစ်ကုန် ပိုင်း၌ ၅ ရက်အပိုဆောင်းပေးသည်။ ထို ၅ ရက်သည်ကား အီဂျစ်တို့၏ နတ်ဘုရားများ မွေးနေ့ဖြစ်ပြီး နှစ်စဉ်ပွဲလမ်းသဘင်များ ကျင်းပကြသည်။ ထို့ကြောင့် အီဂျစ်ပြက္ခဒိန်တွင် တစ်နှစ်၌ ၃၆၅ ရက် ရှိသည်။ ရှေးအီဂျစ် ပြက္ခဒိန်သည် နေသွားခြင်း ကိုအမှီပြုထားသဖြင့် ရက်ပေါင်း (၃၆၀)ရှိသောကာလကို တစ်နှစ်ဟုသတ်မှတ်သည် ။ နိုင်း မြစ်၏ဒီရေအတက်အကျဖြင့် ပြန်လည် ချိန်ကိုက်ကြည့်ကြသော် တစ်နှစ်တွင် ရက်ပေါင်း (၃၆၅ -၁/၄ ရက်ရှိကြောင်း သိလာကြသည် ။ ထို့ပြင် စန္ဒရ လဆန်းအချိန်မှ နောက်လ ဆန်း အချိန်တိုင် (၂၉ -၁/၂)ရက် ရှိကြောင်း အသေးစိပ် သိလာကြပြန်သည် ။ ထိုအခါမူလသုံး စွဲနေသည့် ရက် ၃၀ရှိ သော လပေါင်း ၁၂လအတွက် (၃၆၀)ရက် နောက် လေးနှစ်တစ်ကြိမ် တွင် တစ်ရက်တိုး၍ (၃၆၆) ရက်ရှိသော ရက်ငင်နှစ် ကိုထည့်သွင်း သတ်မှတ်ကြ ပြန်ပါသည် ။ နှစ်စဉ် ရက်ပို ငါးရက်နှင့် လေးနှစ်တစ်ကြိမ်ပိုသည့် ရက်ခြောက်ရက်တွင် နှစ်သစ်ကို ကြိုဆိုသည့် ပျော်ပွဲ ရွှင်ပွဲများ ကျင်းပလေ့ရှိသည် ။ ရှေးအီဂျစ် ပြက္ခဒိန်တီထွင်ခဲ့စဉ်က တနင်္ဂနွေ ၊ တနင်္လာ စသော နေ့အမည်များ မရှိသေးပဲ တစ်လတွင် ရက်ပေါင်း ၃၀ ရှိရာ ဆယ်ရက်စီရှိသော ဒီကိတ်သုံးခုခွဲထားလေသည် ။ ရာသီဥတု သုံးပိုင်း ထားရှိကာ ဥတုတစ်ပိုင်းတွင် လေးလ ရှိသည် ။ ရေတက်ရာသီ ၊ ကောက်စိုက်ရာသီ ၊ကောက်သိမ်းရာသီများဖြစ်သည် ။ ဂျူလီ ယန်ပြက္ခဒိန် မပေါ်မီအချိန်ထိ လနှင့်နှစ်များကို ပုံသေ သတ်မှတ် သုံးစွဲသည့် လူထုသုံး ပြက္ခဒိန်ဟူ၍ အီဂျစ် ပြက္ခဒိန်တစ်ခုသာ ပေါ်ခဲ့ဖူးသည် ။

နုမာ ပြက္ခဒိန် ။

ဥရောပတွင် အသုံးပြုခဲ့သော ရှေးအလွန်ကျသည့် ပြက္ခဒိန်ဖြစ်သည်။ ရောမတို့က သူတို့၏ ပြက္ခဒိန်ကို ရိုမျူလပ်စ် (Romulus ) က ၇၅၃ဘီစီ တွင် စတင်တီထွင်ခဲ့သည်ဟု ယုံကြည် ကြသည် ။ ရှေးရောမ ပြက္ခဒိန်မှာ ဂရိမြို့ပြနိုင်ငံသုံး ပြက္ခဒိန်ကဲ့သို့ပင် လသွားနှုံးပေါ်အခြေခံသော ပြက္ခဒိန် ဖြစ်သည် ။ နေသွားနှုံးနှင့် လသွားနှုံးမှာ မတူသဖြင့် လထပ်ပေးရသော နှစ်များရှိ၏ ။ ဤပြက္ခဒိန်သည် တစ်နှစ်လျှင် ဆယ်လရှိပြီး အင်္ဂလိပ်ဘာသာ အခေါ်အားဖြင့် မတ်-၃၁ ၊ ဧပြီ-၂၉ ၊ ကွင်းတီလစ်-၃၁ ၊ စက္ကစတီးလစ်-၂၉၊ စက်တင်ဘာ- ၂၉၊ အောက်တို ဘာ-၃၀၊ နိုဝင်ဘာ-၂၉ နှင့် ဒီဇင်ဘာ-၂၉ ပေါင်း ၂၉၈ရက်ရှိသည် ။ ကျန်သောကာလများမှာ ဆီးနှင်းများဖုံးလွှမ်း နေသောကြောင့် လုပ်ငန်းဆောင်တာများ ထမ်းဆောင်ခြင်း မပြု နိုင်သဖြင့် အတည်တကျ ရက်သတ်မှတ် ထားခြင်းမရှိပေ ။ အာဏာပိုင် ဘုရင်များ၏ အလိုအတိုင်း အစီအစဉ်ပြုရသည် ။ ရောမ ဘုရင် နုမာပွန်ပီလီရပ်ခေတ်တွင် ဇန်နဝါရီ-၂၉ နှင့် ဖေဖော်ဝါရီ- ၂၈နှစ်လထပ်တိုးကာ တစ်နှစ်လျှင် ၃၅၅ရက်ရှိသော ပြက္ခဒိန်ကိုသတ်မှတ် ၍ နုမာခေတ် ပြက္ခဒိန်ကို တီထွင်ခဲ့သည် ။ နုမာဘုရင်က တစ်နှစ်တွင် ၃၅၄ရက်ရှိစေလို သည် ။ ထို့ကြောင့် မူလပြက္ခဒိန်တွင် ၅၁ ရက် ထပ်တိုးလိုက်၏ ။ သို့သော် အယူသီးလှသော ရောမလူမျိုးများက ပြက္ခဒိန်လများကို မ, ဂဏန်းများသာ ထားလိုသဖြင့် ဖေဖော်ဝါရီလမှ လွဲ၍ ကျန်လများကို မ,ဂဏန်းများဖြင့် စီစဉ်လိုက်သည် ။ နုမာပြက္ခဒိန်သည် လေးနှစ်တွဲ ပြက္ခဒိန် ဖြစ်၏ ။

ဂျူလီယန် ပြက္ခဒိန် ။

ဘီစီ ၄၅ မတိုင်မီ ရှေးရောမ လူမျိုးတို့၏ ပြက္ခဒိန်စီစဉ်မှုသည် အတည်တကျ မရှိသေးချေ ။ တစ်နှစ်ကာလ အပိုင်းအခြားကို နေသွားဖြင့် သတ်မှတ်၍ လအပိုင်းအခြားကို လသွားဖြင့် သတ်မှတ်သောကြောင့် မြန်မာ့ ပြက္ခဒိန်ကဲ့သို့ပင် နေလသွား ပြက္ခဒိန် ( Luni-Solar Calen- dar ) ဖြစ်သည် ။ ဂျူလီယန်ပြက္ခဒိန် ဖြစ်လာစေရန် အဓိက ဒီဇိုင်းရေးဆွဲခဲ့သူမှာ ဂရိနက္ခတ္တ ဗေဒနှင့် သင်္ချာပညာရှင် စိုဆီဂျင်းနစ် (Sosigenes of Alexandria; 1st century BC) ဖြစ် ၏ ။ ရောမပြည်တွင်းစစ် (၄၉ဘီစီ မှ ၄၅ဘီစီထိ) ပြီးသွားသောအခါ ဆီဇာသည် အကွဲကွဲ အပြားပြား၊ အမှားမှား အယွင်းယွင်းဖြစ်နေသည့် ပြက္ခဒိန်များကို စုစည်းကာ ပြည့်စုံမှန်ကန် သော ပြက္ခဒိန်တစ်ခုကို ရောမ လက်နက်နိုင်ငံတော်တွင် သုံးစွဲနိုင်ရန် ကြိုးပမ်းခဲ့သည် ။ ဂျူလီယန်ပြက္ခဒိန်၏ အခြေခံမှာ တစ်နှစ်တွင် ၃၆၅.၂၅ ရက် ရှိသည်ဟု ယူဆခြင်းဖြစ်၏ ။ တစ်နှစ်တာ ကာလမှာ ၃၆၅.၂၅ ရက်ထက် အနည်းငယ်ပင် လျော့နည်းသော်လည်း ထိုမိနစ်ပိုင်းကို ထည့်သွင်း မစဉ်းစားဘဲ တွက်ရလွယ်စေရန် လေးနှစ်လျှင် တစ်ရက်တိုးခြင်းဖြင့် ပြက္ခဒိန်ကို စီစဉ်ခဲ့သည်။ နှစ်တစ်နှစ်တွင် ရောမပြက္ခဒိန်မှ ယူခဲ့သော ၁၂ လ အတိုင်းထားကာ တစ်နှစ်တာကာလကိုမူ ၃၆၅ ရက် အဖြစ်ပြင်ဆင်သုံးစွဲခဲ့၏ ။ တစ်နှစ်တွင် စွန်းနေသော ရက်တစ်စိတ်အတွက် လေးနှစ်ပြည့်တိုင်း ဖေဖော်ဝါရီလတွင် တစ်ရက်တိုးပေးသည် ။ ရက်များကို ချိန်ညှိပြီးနောက် ယခင်က ဖေဖော်ဝါရီတွင် လထပ်သည့် စည်းမျဉ်းကိုလည်း ပယ်ဖျက်လိုက်သည် ။ ထိုအစား ၄နှစ်တွင် ဖေဖော်ဝါရီ၌ တစ်ရက်တိုးသည့် စနစ်ကို ကျင့်သုံးခဲ့၏ ။ သို့တိုင် အထက်တွင် ဖော်ပြခဲ့သလို အစပိုင်းနှစ်များက ၄နှစ်တစ်ကြိမ် ရက်ထပ်ခြင်း မဟုတ်ဘဲ ၃နှစ်တစ်ကြိမ် ရက်ထပ်ခဲ့ကြသည် ။ ထိုသို့သုံးလာခဲ့ပြီး ၃၆ နှစ်ကြာသည့်အခါမှ ရက်ထပ်နှစ်များ များနေသည်ကို သတိပြုမိကာ ပြန်လည်စိစစ် တွက်ချက်ကာ ပိုထပ်မိသော ရက်များကို ပြန်လည်ချိန်ညှိရန် ၁၂ နှစ်အတွင်း ကြုံရသည့် ရက်ထပ်နှစ်များကို ရက်မထပ်စေဘဲ သာမန်နှစ်များအတိုင်း ထားခဲ့သည် ။ ထိုမှ နောက်ပိုင်းတွင် လေးနှစ်တစ်ကြိမ် ရက်ထပ်ခဲ့သည်။ နှစ်များ၊ ရက်များကို ပြန်လည် ချိန်ညှိသကဲ့သို့ ရောမတို့သည် လအမည်အချို့ကိုလည်း ပြောင်းခဲ့သည် ။ ၄၄ဘီစီတွင် ဂျူလီယက်ဆီဇာ၏ မွေးလကို ဂုဏ်ပြုသောအားဖြင့် ကွင်းတီးလစ်လ (Quintilis) ကို ဇူလိုင်လ (Iulius) (July) ဟုလည်းကောင်း ၊ ၈ဘီစီ တွင် သြဂပ်စတပ် အထွတ်အထိပ်ရောက်ရေးအတွက် အလွန်ထင်ရှားလှသော အဖြစ်အပျက်များ ဖြစ်ခဲ့သောဆက်စ်တီးလစ်လ (Sextilis) ကို သြဂုတ်လ (Augustus)(August) ဟုလည်း ကောင်း ပြောင်းလဲခဲ့သည် ။

ဂရေဂေါရီယန် ပြက္ခဒိန် (Gregorian Calendar) ။

ဂရေဂေါရီယန် ပြက္ခဒိန်ကို အနောက်တိုင်း ပြက္ခဒိန် သို့မဟုတ် ခရစ်ယာန် ပြက္ခဒိန်ဟုလည်း ခေါ်ပါသည် ။ ဂျူလီယန် ပြက္ခဒိန်ကို ဥရောပနှင့် အာဖရိက မြောက်ပိုင်းတို့တွင် ၁၅၈၂ခုနှစ်ထိ သုံးစွဲခဲ့ကြသည် ။ သို့သော် ဂျူလီယန် ပြက္ခဒိန်၏ အားနည်းချက်မှာ တစ်နှစ်တာကာလကို ၃၆၅.၂၅ ဟု ယူထားသဖြင့် အမှန်ရှိရမည့် ကာလထက် တစ်နှစ်လျှင် ၁၁ မိနစ်ခန့်ပိုနေကာ ရက်ထပ်ခြင်းများ မလိုလားအပ်ဘဲ ပိုနေလေသည် ။ ဤသို့ပြက္ခဒိန်ရက်များ အလွဲလွဲ အမှားမှားဖြစ်နေသည်ကို ပုပ်ရဟန်းမင်းကြီး ဂရေဂေါရီ ၁၃ (Pope Gregory XIII: 7 January 1502 ~ 10 April 1585) ကပြန်လည်ပြင်ဆင်ခဲ့သည် ။ ဂရေဂေါရီက ဦးဆောင် လုပ်ကိုင် ပြဌာန်းပေးခဲ့ သောကြောင့် ထိုပြက္ခဒိန်ကို ဂရေဂေါရီယန်ပြက္ခဒိန်ဟု ခေါ်ခဲ့ကြ၏ ။ ထိုပြက္ခဒိန်ကို ကမ္ဘာတစ်ဝှမ်းမှနိုင်ငံများ ယခုထိ လက်ခံသုံးစွဲခဲ့ကြသည် ။ ဂျူလီယန် ပြက္ခဒိန်တွင် တစ်နှစ်လျှင် ၁၁မိနစ်ဖြင့် အနှစ် ၄၀၀ ကြာတိုင်း ၃ ရက် လွဲနေလေရာ ရောမပြက္ခဒိန်ကို စတင်သုံးစဉ် ကတည်းက ပုပ်ရဟန်းမင်းကြီး လက်ထက်ထိဆိုလျှင် ၁၀ရက်ခန့်လွဲနေလေသည် ။ ထိုအခါ ခရစ်တော် ရှင်ပြန်ထမြောက်ခြင်း ပွဲတော်ဖြစ် သည့် အီစတာ (Easter) ပွဲတော် ကျင်းပသည့် ရက်များမှာ အမှားမှား အယွင်းယွင်း ဖြစ်နေလေ၏ ။ အီစတာပွဲတော် ရက်များကို နေသည်အီကွေတာကိုဖြတ်သည့်ရက် (Spring Equinox) နှင့် ချိန်ညှိထား သည် ။ နက္ခတ္တဗေဒအရ ထိုရက်မှာ နှစ်စဉ် မတ် ၂၁ ရက်ဖြစ်၏ ။ ထို့ကြောင့် အီစတာပွဲတော်ရက်မှာ မတ်လ ၂၂ ရက်မှ ဧပြီလ ၂၅ ရက်အတွင်း ဖြစ်လေသည် ။ ဂရေဂေါရီယန် ပြက္ခဒိန် ပြင်ဆင်ခြင်း၌ နှစ်ပိုင်းပါ၏ ။ တစ်ပိုင်းမှာ ယခင်ရှိပြီးသား ဂျူလီယန် ပြက္ခဒိန်အတိုင်း နေသွားချိန်ကို မူတည်သည့် ပြက္ခဒိန်အား ပြင်ဆင်ပြီး ဆက်လက်သုံးစွဲခြင်းနှင့် နောက်တစ်ပိုင်း မှာ ခရစ်ယာန် ကျောင်းတော်များအတွက် အီစတာ ပွဲတော်များ တွက်ချက်ရန်လသွားချိန်ကို မူတည်တွက်ချက်သော ပြက္ခဒိန်ဟု ဖြစ်၏ ။ ပြက္ခဒိန်တွက်နည်း အသစ်ကို အီတလီနိုင်ငံ ၊ ကယ်လဘရီယန်နယ်သား အလွိုင်ဆိယုစ် လိလိယုစ် (Aloysius Lilius) ဟု အမည်ရသည့် ဆရာဝန်တစ်ဦးက ရေးဆွဲခဲ့သည် ။ လိလိယုစ်၏ အစ်ကိုဖြစ်သူ အန်တိုနီယို (Antonio) က ပြက္ခဒိန် ပြန်လည် ပြင်ဆင်ရေးဆွဲရေးကော်မရှင်သို့ ၁၅၇၅ ခုနှစ်တွင် တင်ပြခဲ့သည် ။ ပြက္ခ ဒိန်ပြင်ဆင်မှု အတည်ပြုခြင်းမှာမူ လိလိယုစ် သေဆုံးပြီး ၆ နှစ်အကြာ ၁၅၈၂ ခုနှစ်မှအောင် မြင်ခဲ့သည် ။ နောက်ဆုံး အတည်ပြု ပြီးသောအခါ ပြက္ခဒိန် အသစ်ကို ပုပ်ရဟန်းမင်းကြီးက အမိန့်စာချွန် (Papal Bull) လက်မှတ် ရေးထိုး၍ ၁၅၈၂ ဖေဖော်ဝါရီ ၂၄ရက်နေ့တွင် အတည်ပြုပြဌာန်း ပေးခဲ့၏ ။ ဤအမိန့်အရ လိုနေသော ၁၀ ရက်ကိုထပ်ဆောင်း ကာ ၁၅၈၂အောက် တိုဘာလ ၅ ရက် သောကြာနေ့ကို ၊ ၁၅၈၂ အောက်တိုဘာလ ၁၅ ရက် သောကြာနေ့အဖြစ် ပြင်ဆင် သတ်မှတ်လိုက်၏ ။ ထို့ကြောင့် ဂျူလီယန် ပြက္ခဒိန်၏ နောက်ဆုံးနေ့မှာ ၁၅၈၂ အောက်တိုဘာ ၄ ရက်၊ ကြာသပတေးနေ့ဖြစ်ပြီး ဂရေဂေါရီယန် ပြက္ခဒိန်အစမှာ ၁၅၈၂ ၊ အောက်တို ဘာလ ၁၅ ရက် သောကြာနေ့ဖြစ်လေသည် ။ သို့တိုင် ဂရေဂေါရီယန် ပြက္ခဒိန်မှာ နှစ်ပေါင်း ၃၃၀၀ ကြာလျှင် ၁ ရက် လွဲမှားနေဦး မည်ဖြစ်၏ ။ ထိုအမှားကိုပြင်ရန် ၁၉ရာစု အတွင်းက ဆာဂျွန်ဟာရှယ် ဆိုသူက အနှစ် ၄၀၀၀ အတွင်း အကြိမ် ၉၇၀ ရက်ထပ်မည့် အစား ၉၆၉ ကြိမ်သာထပ်ရန် ၊ ၄၀၀၀ ပြည့်နှစ်ကို ရပ်ထပ်နှစ် မလုပ်ဘဲ သာမန်ရက်အဖြစ် သာထားရန် တင်ပြခဲ့၏ ။ သို့သော် အနှစ် ၄၀၀၀ မှာ သိပ်ဝေးလွန်း သေးသဖြင့် မည်သူမျှ စိတ်ဝင်စားဟန်မတူ။ ယခုထိတိုင် ထိုအဆိုကို အတည်မပြုပါ ။

ဂရေဂေါရီယန် ပြက္ခဒိန်ကို အတည်ပြုပေးသော ပုပ်ရဟန်းမင်းကြီး၏ အမိန့်စာချွန်တော်မှာ ကက်သလစ် ကျောင်းတော် အာဏာသက်ရောက်ရာ နယ်မြေ (Papal States) မှအပြင်သို့ သြဇာသက်ရောက်နိုင်စွမ်း မရှိပါ ။ သို့သော် နှစ်ကာလကြာလာ သည့်အခါ ဂရေဂေါရီယန် ပြက္ခဒိန်ကို ကမ္ဘာ့နိုင်ငံအတော်များများက မူရင်းအတိုင်း လက်ခံသုံးစွဲလာခဲ့ကြပါသည် ။ ဂရေဂေါရီယန် ပြက္ခဒိန်ကို မသုံးသည့်နိုင်ငံများမှာ ဆော်ဒီ အာရေဗျ ၊ အီသီယိုးပီးယား ၊ နီပေါ ၊ အီရန် ၊ အာဖဂန် နစ္စတန် တို့ဖြစ်သည် ။ မြန်မာ ၊ အိန္ဒိယ ၊ ဘင်္ဂလား ဒေ့ရှ် ၊ အစ္စရေး နိုင်ငံများမှာ မိမိတို့ကိုယ်ပိုင် ပြက္ခဒိန်ရော ဂရေဂေါရီယန် ပြက္ခဒိန်ကိုပါ တွဲသုံးကြပါသည် ။ ဂရေဂေါရီယန် ပြက္ခဒိန်ကို ပြန်လည် ပြင်ဆင်သုံးစွဲသော နိုင်ငံများလည်းရှိ၍ ထိုနိုင်ငံများမှာ သီရိလင်္ကာ ၊ ကမ္ဘောဒီးယား ၊ ထိုင်း ၊ ဂျပန် ၊ မြောက်ကိုးရီးယားနှင့် ထိုင်ဝမ်တို့ဖြစ်ပါသည် ။ ယင်းပြက္ခဒိန်သည် ယခုအခါ ကမ္ဘာတဝှမ်းရှိ နိုင်ငံအသီးသီးမှ လက်ခံသုံးစွဲ ကြသဖြင့် ကမ္ဘာ သုံးပြက္ခဒိန်ဟု လူသိများပါသည် ။

ကမ္ဘာ့ပြက္ခဒိန် (World Calendar)

နှစ်စဉ်နှစ်တိုင်း ပြက္ခဒိန်များကို တွက်ချက်နေရခြင်း ဒုက္ခမှ ကင်းလွတ်စေရန် ဂရေဂေါရီယန် ပြက္ခဒိန်ကို ပြန်လည် ပြုပြင်ကာ ကမ္ဘာ့ပြက္ခဒိန် ပြုရေးအတွက် အီတလီ ဘုန်းတော်ကြီးတစ်ဦး ဖြစ်သူ မာကိုမက်စ်ထရို ဖိနိ (Marco Mastrofini) က ၁၈၃၄ ခုနှစ်တွင် တင်ပြခဲ့ပါသည် ။ ၎င်းတင်ပြခဲ့သော ကမ္ဘာ့ ပြက္ခဒိန်မှာ နှစ်အားလုံးအတွက် အတူတူပင်ဖြစ်၏ ။ ဘာမှ ပြုပြင် ပြောင်းလဲရန်မလိုပေ ။ ထိုပြက္ခဒိန်ကို နှစ်တိုင်း တနင်္ဂနွေနေ့ဖြင့်စပြီး စနေနေ့ဖြင့် ဆုံးသည် ။ ပြက္ခဒိန်၌ တူညီသော အပိုင်းလေးပိုင်းပါသည် ။ အပိုင်းတိုင်း ကို တနင်္ဂနွေနေ့ဖြင့်စပြီး စနေနေ့ဖြင့်ဆုံးသည် ။ တစ်ပိုင်းလျှင် ၉၁ ရက် (သို့မဟုတ်) ၁၃ ပတ် (သို့မဟုတ်) သုံးလစီ ပါသည် ။ ထိုသုံးလတွင် ၃၁ ရက်ပါသောလ, တစ်လ၊ ရက် ၃၀ ပါသောလ, နှစ်လစီပါသည် ။ ပထမပိုင်းကို ၃၁ ရက်ပါသည့် ဇန္န၀ါရီလဖြင့် လည်းကောင်း ၊ ဒုတိယပိုင်းကို ၃၁ ရက်ပါ သည့် ဧပြီလဖြင့် လည်းကောင်း ၊ တတိယပိုင်းကို ၃၁ ရက်ပါသည့် ဇူလိုင်လဖြင့် လည်း ကောင်း ၊ စတုတ္ထပိုင်းကို ၃၁ရက်ပါ သည့် အောက်တိုဘာလဖြင့်လည်းကောင်း စသည် ။ တစ်ပိုင်းလျှင် ၉၁ ရက်ကျဖြင့် ၄ ပိုင်းတွင် စုစုပေါင်း ၃၆၄ ရက်ဖြစ်၏ ။ ထို့ကြောင့် ၃၆၅ ရက်ပြည့်ရန် ဒီဇင်ဘာလပြီး နောက်တစ်ရက်ထပ်ဖြည့်လိုက်သည် ။ ဤရက်ကို ကမ္ဘာ့နေ့ (Worldsday) ဟုခေါ်ပြီး သင်္ကေတ “W” ဖြင့် သတ်မှတ်သည် ။နှစ်တစ်နှစ် ကုန်ဆုံးသည့် အထိမ်းအမှတ်အဖြစ် တစ်ကမ္ဘာလုံး၏ အလုပ်ပိတ်ရက်ဟု သတ်မှတ်မည် ။ ထိုရက်သည် ဒီဇင်ဘာလ ၃၀ ရက် ၊ စနေနေ့၏ နောက်တစ်ရက် ဖြစ်သော်လည်း ၎င်းရက်ကို နေ့အမည် မပေးဘဲ ဖျောက်ထားလိုက်၏ ။ ထိုရက်၏ နောက်တစ်ရက်မှာ ဇန္န၀ါရီလ ၁ ရက် ၊ တနင်္ဂနွေ ၊ နှစ်ကူး ရုံးပိတ်ရက်ဖြစ်သည် ။ အကယ်၍ ရက်ထပ်နှစ်ဖြစ်ပါက ဇွန်လ နောက်ဆုံးရက်တွင် နောက်ထပ်တစ်ရက် ထပ်ထည့်ကာ သင်္ကေတ “W” ဖြင့် သတ်မှတ်ပြီး ‘ရက်ထပ်နှစ်ရက်’ (Leap Year Day) ဟုခေါ်ဆိုမည် ဖြစ်သည် ။ ထိုရက်သည် ဇွန်လ ၃၀ ရက် ၊ စနေနေ့၏ နောက်တစ်ရက် ဖြစ်သော်လည်း ၎င်းရက်ကိုနေ့ အမည်မပေးဘဲ ဖျောက်ထားလိုက်သည် ။ ထိုရက်၏ နောက်တစ်ရက်မှာ ဇူလိုင်လ ၁ ရက်၊ တနင်္ဂနွေနေ့ ဖြစ်သည် ။ အဲလစ်ဇဘက် အခေလစ်ဇ် (Elisabeth Achelis) က ၁၉၃၀ ခုနှစ်တွင် ကမ္ဘာ့ ပြက္ခဒိန်ကို နိုင်ငံတကာမှ လက်ခံလာစေရန် ကမ္ဘာ့ပြက္ခဒိန်အဖွဲ့ (The World Calendar Association - TWCA) ကို ဖွဲ့စည်းလှုပ်ရှားခဲ့သည်။ ၎င်းတို့အဖွဲ့ သည် နှစ်ပေါင်းအစိတ်ကျော် ကြာသည်ထိ လှုပ်ရှားခဲ့ကြသည် ။ ၁၉၃၀ ခုနှစ်များက (ယခု ကုလသမဂ္ဂဖြစ်လာမည့်) နိုင်ငံပေါင်းချုပ် အသင်းကြီးကပါ ကမ္ဘာ့ ပြက္ခဒိန်ကို ထောက်ခံ ခဲ့သည်။ အခေလစ်ဇ်သည် ၁၉၃၁ ခုနှစ်မှစကာ ပြက္ခဒိန် ပြန်လည်ပြင်ဆင်ရေး ဂျာနယ် (Journal of Calendar Reform) ကို ထုတ်ဝေခဲ့သည့်ပြင် ပြက္ခဒိန်နှင့် ပတ်သက်၍လည်း စာအုပ် ၅ အုပ် ရေးခဲ့သည် ။ ဒုတိယကမ္ဘာစစ်ကြီးပြီးသည့်နောက်တွင်လည်း အခေလစ်ဇ်သည် ကမ္ဘာ့ပြက္ခဒိန်ကို နိုင်ငံတကာမှ ထောက်ခံမှုများရရန် ကြိုးပမ်းခဲ့သည် ။ ကမ္ဘာ့ ပြက္ခဒိန်ကို ၁၉၅၆ ခုနှစ် ဇန္န၀ါရီလ ၁ ရက်နေ့မှ စတင် အသုံးပြုရန် ကုလသမဂ္ဂတွင် အမေရိကန် ကိုယ်စားလှယ်က အဆိုတင်သွင်းခဲ့ရာ လိုအပ်သော ထောက်ခံ ချက်များ ပြည့်စုံအောင် မရရှိခဲ့သဖြင့် နောက်ဆုံးတွင် အခေလစ်ဇ်သည် သူမ၏ TWCA အဖွဲ့ကြီးကို ၁၉၅၆ ၌ ဖျက်သိမ်းလိုက်တော့သည်။

ဆက်ပါဦးမည် ။

သျှင်လေညင်း ၉ ၊ ၃ ၊ ၂၀၁၄ ။

ကိုးကား ။ ဦးအုန်းကြိုင် မြန်မာ ပက္ခဒိန် သုတေသနကျမ်း။
---------။ ဦးအေးငြိမ်း မြန်မာ ပြက္ခဒိန် တွက်နည်း ။

ပြက္ခဒိန် သမိုင်း ။
---------------
http://hirstoryistruth.blogspot.com/2014/02/blog-post.html

photo : အတည်မပြုလိုက်ရသော ကမ္ဘာ့ပြက္ခဒိန် ။

AddThis