မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Thursday 28 February 2013

ရာဇဝင်တိုက်ပွဲ။ ( ဃ )။ မန်ရှုကျမ်းလာ အခေါ်အဝေါ်၊ နာမည်ပေးပုံ ၊အနက်တူ၊ အသံတူ ၊ ယင်း မြစ်တူသော ပုဒ်များဖြင့် မန် နှင့် မြန်မာ နီးစပ်မှုရှိသလား။

ပထမ ။ "ဖန်ချောသည် ယုန်ချန်နယ်တစ်ဝိုက်တွင် နေထိုင်ကြသော မူလ ဗမာ ( Proto-Burman ) များနှင့်ပတ်သက်၍အတော်များများသိ ရှိလေသည်။" G.H.Luce,Old Kyaukse,pp.77 ဤစကားစုသည် မန်ရှုမှတ်တမ်း အားပြုစုခဲ့သူဖန်ချောပြောသော စကားလုံးဝမဟုတ်ပေ။မန်ရှု မှတ်တမ်းတွင်လုံးဝမပါဘဲ ယခုခေတ်မှယူနန်နယ် ယုံချန်တဝိုက်နေ မူလဗမာများဟု Mr.Luce ဘာသာပြောသော Mr.Luce အသုံးအနှုန်းသာဖြစ်သည်
။မန်ရှုတွင် မန်လူမျိုးတို့ကို မူလဗမာ၊ဗမာ၊မြန်မာ ဟူ၍ဖန်ချောလုံးဝပြောဆိုခြင်း သုံးနှုန်းခဲ့ခြင်း မရှိ ပါ။သူအဓိက ကိုးကားထားသော မန်ရှုကျမ်းတွင် ယူနန်နယ် မန်လူမျိုးစု စာရင်းတွင် ဗမာလူမျိုးလုံးဝမပါရှိပါ။ဤမှတ်တမ်း တွင် ဖန်ချောဖော်ပြထားသော မန်လူမျိုးစုများအမည်မှာ တတန်းမန် ၊ချန်မန်၊ရှန်ခွန်မန်၊ဆီရန်မန်၊ရှိမန်တို့သာဖြစ်၍ ဗမာလူမျိုးမန်မပါ ဝင်ပေ။ထို့ပြင် ဖန်ချော၏မန်ရှုမှတ်တမ်းအရ ယင်းမန်လူမျိုးတို့ ကသူတို့၏ အကြီးအကဲ မန် ဟုခေါ်သည်။စော မပါ။ စော ကိုမသုံးပေ။မန်စော ဟု မန်တို့မခေါ်ဝေါ်။ထို့ပြင် မန်တို့၏အကြီးအကဲကိုသာဘေးလူနန်စောတို့ကမန်စောဟုခေါ်ကြောင်းဖန်ချောက မန်ရှု တွင် အတိအလင်းဖော်ပြထားပေရာ မန်တို့၏အသုံးအနှုန်းမဟုတ်ပဲနန်စောတို့၏အသုံးအနှုန်းသာဖြစ်ကြောင်း သိသာလှပေသည်။ယင်းအချက်ကို Mr.Luce သည် မန်ရှုမှတ်တမ်းအတိုင်းမဖော်ပြပဲနန်စောအခေါ်အဝေါ်သာဖြစ်သော မန်စော ကို မန်တို့၏အခေါ်အဝေါ် ဖြစ်ကြောင်း မှားယွင်းဖော်ပြခဲ့ပါ သည်။ ၁။ မန် ၊မင် ဆိုတာ သရအသံထွက် နီးစပ်သလား။ ယင်းအပြင် မန် ဝေါဟာရနှင့် မင်းဝေါ်ဟာရတို့မှာ သရသံခြင်းမ တူ ခြားနားလှပေသည်။မန်သည် အန်သရသံဖြစ်၍ မင်းသည် အင်း သရသံဖြစ်သောကြောင့် သရသံခြင်းမတူ ကွဲပြားပါသည်။ တရုတ်တို့သည် အန်သရသံနှင့် အင်းသရသံကို ခွဲခြားဖော်ပြနိုင် စွမ်းရှိပါသည်။ရှေးတရုတ်တို့သည် ပျူဟူသောဝေါဟာရကို အသံထွက်ရာ၌ ဖျူ၊ ပျူဟုပင်အသံထွက်နိုင်သလို ပုကမ် ကို ပူကန်(ဝါ)ပုကမ်ဟုအန်သရသံအတိုင်းအသံထွက်ရေးသားခဲ့ပါသည်။ယင်း အူသရသံ အန်သရသံ အင်သရသံတို့ကို တရုတ်တို့တွင်ရှိသည်။တရုတ်တို့က မန်လူမျိုး၊ဟန့်မင်းဆက်၊ ကျင့်မင်းဆက်ဗ၊မင်မင်းဆက်၊ချင်မင်းဆက်၊မန်ရှုဟူ၍ အန်သရ သံနှင့် အင်သရသံကို သီးခြားခွဲ၍ တရုတ်တို့ သုံးနှုန်းပါသည်။ထို့ ကြောင့် မန်ရှုမှတ်တမ်းပါ အန်သရ မာန်သည်၊အင် သရသံပေါက်သော မင်မဟုတ်ကြောင်း ကောင်းစွာပေါ်ပေါက်လျက် မန်သည် မင်းမဟုတ်၍ မန်စော နှင့် မင်စော မတူပေ။ထို့ပြင် ယူနန်တောင်ပိုင်းရှိ နန်စောတို့နယ်ကို မဲင့်ရှဲစော(Meng She Cho) ဟုဦးရည်စိန် ဘာသာပြန်ချက်အရဆိုလျှင် နန်စောတို့၏ မျိုးနွယ်အမည်သည် မဲင့် ဖြစ်ပါသည်။နန်စောတို့၏ မဲင့် Me^ng ဝေါဟာရသည်သာ ဗမာတို့ ၏ မင်းနှင့်နီးစပ်မှုရှိပါသည်။ ထိုသို့ သရသုံးပုံ ဆင်တူသည့်တိုင်အောင် နန်စော နှင့် ဗမာ လူမျိုး မတူကွဲပြားလျက် ရှိရာ သရသံ မတူသော မန်လူမျိုး နှင့် ဗမာလူမျိုးကွဲပြားမည်မှာထင်ရှားပါသည်။ထို့နောက်မန်ဝေါဟာရသုံး ဆင်တူတိုင်း လူမျိုးမတူနိုင်သည်ကို လေ့လာ ကြည့်လျှင် မန်ကိုမြန်မာနိုင်ငံရှိ အချို့သော တိုင်းရင်းသား တို့အမည်မှည့်ခေါ်ရာတွင်သုံးလေ့ရှိကြောင်း ဖော်ပြပါမည်။ ကျိုင်းတုံချိုင့်ဝှမ်းမှ " ဝ " လူမျိုးတို့သည် ၎င်း တို့အကြီးအကဲကို မာန်နှင့်စ၍ခေါ်တတ်ကြသည်။ဥပမာ- မာန်ကွိုင်။ အခြားသာမန် ဝ ယောင်္ကျားအ မည်တို့သည်လည်းမာန်ဝေါဟာရတို့နှင့် စတင်၏ ။မွန်တိုင်းရင်းသားတို့တွင် ယောကျာင်္းအမည်ရှေ့တွင် မန်းထည့်၍ မန်းသက်စံ၊မန်းဝင်းတင် စသဖြင့် " မန်း " ဝေါဟာရကို သုံးစွဲခေါ်ဝေါ်လေ့ရှိသော မျိုးနွယ်များ ရှိသည်။အချို့ ကရင်အမျိုးသား အမည်ရှေ့တွင်လည်း " မန်း " ဖြင့် မန်းဘကြည် ဟူ၍ အမည် စတင်မှည့် ခေါ်ခြင်းရှိ ကြောင်းတွေ့ရသည်။ချင်းတိုင်းရင်းသား မျိုးနွယ်စု များတွင်တော့ အမည်၏ နောက်တွင် " မန်း " ထည့်၍ ကျင်ခမန်း စသဖြင့် ပေးလေ့ရှိပြန်သည်။အဆိုပါအတိုင်း မွန်၊ ဝ၊ကရင်၊ချင်းလူမျိုးတို့ကြားတွင် မာန်၊မန်း ဝေါဟာရ အသုံးအနှုန်း ချင်းဆင်တူမှု ရှိနေသည့်ကြားက လူမျိုးခြင်း မတူလှကြောင်းထင်ရှားလှသည်။ထို့ပြင် နန်စောဟု အခြားလူမျိုးတို့က ခေါ်ခြင်းခံရသော လူမျိုးစုသည် မဲင့် ဖြစ်ပါသည်။ ယူနန်နယ် အန်နင်မြစ်ဝှမ်းရှိ ချုန်ရှမ်း မျိုးနွယ်စုသည် အကြီးအကဲကိုခေါ်ရာ၌ မဲင်း ဝေါဟာရကိုသုံးသည်။ဗမာ လူမျိုး တို့သည်အကြီးအကဲ ရှင်ဘုရင်ကိုခေါ်ရာ၌လည်းကောင်း ယောကျာင်္းမိန်းမ အမည်မှည့်ခေါ်ရာ၌လည်းကောင်း မင်းဝေါ ဟာရကိုသုံးစွဲသည်။ တရုတ်၊ထိုင်း၊ တိဘက်တို့က ကြီးမား ၊ ကြီးကဲ ၊ မြင့်မြတ်၊ အလွန်များ ဟူသော အဓိပ္ပါယ်တို့ဖြင့် မင်း ဝေါဟာရ ကိုသုံးနှုန်းခေါ်ဆိုလေ့ရှိကြောင်း ဆရာကြီးဦးဖိုးလတ် ထောက်ပြဖူးပါသည်။မန်ဝေါဟာရ သုံးနှုန်းပုံတူသော်လည်း မွန်၊ဝ၊ကရင်၊ချင်းတို့လူမျိုးမတူကွဲပြားကြောင်း မင်းဝေါဟာရ သုံးနှုန်း ပုံတူသော်လည်း ချုန်ရှမ်း၊နန်စော၊မွန်၊ဗမာ၊တရုတ်၊ထိုင်း၊စော၊ နန်စောနှင့် ဗမာတို့ လူမျိုးမတူကွဲပြား ကြောင်းသိနိုင်ပါသည်။ ထို့ ကြောင့် ဝေါဟာရသုံးနှုန်းပုံ ဆင်တူရုံနှင့် လူမျိုးတူသည်ဟု အထောက်အထားမပြည့်စုံပဲ ထင်ကြေးဖြင့် ကောက်ချက်မဆွဲနိုင်ပါ။ ၂။ စောဟူသော စကားလုံးကို မည်သူသုံးခဲ့သနည်း။ စော ဟူသော ဝေါဟာရအသုံးအနှုန်းကိုလေ့လာကြည့်လျှင် ရှမ်း၊ ပလောင်၊ကရင်၊ ကယား လူမျိုးစုတို့သည် အကြီးအကဲကို ခေါ်ဝေါ်ရာ၌လည်းကောင်း အမည်ရှေ့၌လည်းကောင်း သုံးစွဲလေ့ ရှိကြသည်။ကျူးလိအန့် စောနယ်၌ မျိုးနွယ်စုတစ်စု၏ အမည်မှာစောဖြစ်သည်။နန်စောတို့၏ မျိုးနွယ်စုအမည်မှာ မဲင့် ဖြစ်ပြီး အကြီးအကဲကို စောဟုခေါ်ဝေါ်ကြသည်။ဗမာတို့သည်လည်း အကြီးအကဲကို စောအနော်ရထာ၊စောရဟန်း စသဖြင့် အကြီးအကဲ ကိုခေါ်ဝေါ်ရာတွင် စောကိုအသုံးပြုသည်။ အေဒီ ၇၈၈ ယူနန်နယ် မြစ်ဝှမ်းရှိ ရှမ်းမျိုးနွယ်စုတို့၏ မင်းအမည်သည် ကျူမဲင်ချန် ဖြစ်ကြောင်း ကျူဟူသောတရုတ်စာလုံးသည် စောနှင့်ထပ်တူဖြစ်၍ ကျူမင်သည် ရှမ်းဘာသာစကား စောမင်း ( နိုင်ငံအရှင် ) ဟုအနက်ထွက်ကြောင်း ချူန်ကား အန်နင် မြစ်ဝှမ်းရှိ ထိုင်း ( ရှမ်း ) အမျိုးအနွယ်စု၏ အမည်ဖြစ်ကြောင်း ( ကျူမဲင်ချူန် စောမင်ချုန် ) မှာ ချုန်မျိုးနွယ်စုတို့၏ အရှင်ဟု အဓိပ္ပါယ်ထွက်ကြောင်း ဆရာ ဦးရည်စိန်က ဆိုထားပါသည်။ ထို့ကြောင့် တရုတ်ဘာသာ ကျူမဲင်၊ ချူန်အမည်ပါ ကျူမဲင်သည် ရှမ်းဘာသာတွင် စောမင်းဖြစ်ကြောင်း ၊ချူန် မျိုးနွယ်စု၏ အကြီးအကဲ မင်းဖြစ်ကြောင်း တွေ့ရပါမည်။ ယင်းကျူမဲင် (ဝါ) စောမဲင်သည် ပုဂံခေတ် ဗမာကျောက်စာတို့ပါ အကြီးအကဲ ရှင်ဘုရင်ကို ခေါ်ဝေါ်သည်နှင့် ဆင်တူကြောင်း ဥပမာ - စောမင်း ဥိဇိနာ ပါ စောမင်း နှင့်ဆင်တူကြောင်းသိရပါသည် ။သို့ပင် ဝေါဟာရ သုံးနှုန်းပုံ ဆင်တူသော်လည်း ချူန်ရှမ်းအမျိုးနွယ်သည် ဗမာမဟုတ်သကဲ့သို့ ဗမာသည် ချူန်ရှမ်းအမျိုးအနွယ် မဟုတ်ကြောင်း ထင်ရှားလှပါသည်။ ချူန်ရှမ်း၊တရုတ်၊ ထိုင်ရှမ်း၊ထိုင်း၊နန်စောနှင့် ဗမာတို့ မှာ စော ဝေါဟာရ သုံးနှုန်းပုံ ခေါ်ဝေါ်ပုံ ဆင်တူကြသော်လည်း လူမျိုးစု လည်းမတူ လူမျိုးချင်းလည်း ကွဲပြား သည်မှာသိသာလှပါသည်။မန်စော နှင့် မင်းစော ဟူသော ဝေါဟာရလည်းမတူ အဓိပ္ပါယ်လည်းကွဲသည့် စကားလုံး နှင့် မန် လူမျိုးနှင့် ဗမာလူမျိုးကို ဆက်စပ်၍မရနိုင်ပါ။ထို့ကြောင့် မန်- မန် ချင်း၊ စော- စောချင်း၊ မင်း - မင်းချင်း ၊စောမင်း - စောမင်းချင်း၊ဝေါဟာရ သုံးနှုန်းခေါ်ဆိုပုံ အချို့ထပ်တူညီနေသည့်တိုင် လူမျိုးခြင်း မတူ လူမျိုးကွဲများ ဖြစ်နေကြောင်း ထင်ရှားနေပြီး သရ သံခြင်းမတူသော မန် နှင့် မင်း ချိတ်ဆက်ခြင်းမှာ ယုတ္တိတော့ မတန်လှပေ။ထို့အပြင် မန်စော နှင့်မင်းစော ဝေါဟာရ သုံးနှုန်းပုံ ဆင်သယောင်ရှိ၍ ယင်းလူမျိုး နှစ်မျိုးကို လူမျိုးတူဖြစ်ရမည်ဟုပြောချင်လျှင် မန်လူမျိုးနှင့် ဗမာလူမျိုးကို ပြောရမည်မဟုတ်ပဲ နန်စော နှင့် ဗမာ တို့သာ ထပ်တူညီသင့်ပါသည်။မန်စော ဟူသောအသုံးအနှုန်းသည် မန်လူမျိုး အသုံးအနှုန်းမဟုတ် နန်စောတို့ အသုံးအနှုန်းသာဖြစ် ကြောင်း အထက်တွင် ရှင်းပြပြီးဖြစ်သည်။ဤတွင် Mr.Luce သည် အေဒီ -၈၆၄ ခုနှစ်တွင် တရုတ်စစ်သူကြီး ဟနွိုင်းမြို့ရိုးပေါ်မှ ရေးခဲ့သော မန်ရှု - (တောင်ပိုင်းမှအရိုင်းများ) အမည်ရ ကျမ်းတစ်စောင်တည်းသာ ကိုးကား၍ အခေါ်အဝေါ် အသုံးအနှုန်းကို သေချာမလေ့လာပဲ စကားလုံးသုံးနှုန်းပုံ ဆင်တူ ယုံမျှနှင့် မည်သည့်အထောက်အထားဖြင့် တိုက်ဆိုင် ရမည်ကို မဆန်းစစ်ပဲ အလောတကြီး ကောက်ချက်ဆွဲ ပုံကိုတွေ့ နိုင်ပါသည်။ ၃။ ကျောက်စာတို့မှ အခေါ်အဝေါ်များကိုလေ့လာခြင်း။ ပုဂံခေတ်၊ပင်းယခေတ်၊မူလထိုး ကျောက်စာများတွင် ဗမာတို့သည် မိမိတို့ အကြီးအကဲရှင်ဘုရင်ကို လည်းကောင်း၊ မိဖုရား မင်းညီမင်းသား မင်းသမီးတို့ကိုလည်းကောင်း၊ စော၊ စောမင်း၊ စိုဝ်မင်း၊ သိင်စစ် ကြီးဟု၍သုံးအနှုန်း ခေါ်ဝေါ်လေ့ရှိကြောင်း တွေ့ရပါသည်။ ရှေး ဟောင်းမြန်မာ့ကျောက်စာများစာအုပ်တွင်လေ့လာနိုင်ပါသည်။ ရှေးဗမာရာဇဝင်တို့တွင်လည်း ပျူစောထီး၊စောရဟန်း၊စောခင်နှစ် စသည်ဖြင့် တွေ့ရပြန်ပါသည်။ ပုဂံဗမာတို့သည် အကြီးအကဲ ရှင်ဘုရင်တို့နှင့်ပတ်သက်၍ စော၊စိုဝ်စသော စကား လုံးတို့ကို ရေမြေ၊ နိုင်ငံကို အစိုးရရသည်ဟူသော ကြိယာ၏ နာမ်စားစာလုံးအဖြစ်သုံးကြောင်း ပုဂံခေတ်မူလထိုး ကျောက်စာ များမှသိရပါသည်။နယ်မြေ၊နိုင်ငံတို့ကို အစိုးရသူသည် အစော၊စော၊ စိုင် တို့ဖြစ်ပါသည်ဟု ကျောက်စာတို့ကိုအနက်ဖော်ယင်း အတည်ပြုနိုင်ပါသည်။ တဖန်အကြီးအကဲ ရှင်ဘုရင်နှင့်ပတ်သက်၍ မင်းစောဟူသောအသုံးအနှုန်းကို ပုဂံခေတ်မူလထိုးကျောက်စာများတွင် မတွေ့ရပဲ ၊အင်းဝခေတ် ရှမ်းမျိုးနွယ်မင်းဆက်တို့ ခေတ်ဆင့်ထိုးနှင့် မူလထိုးကျောက်စာ များတွင်သာ တွေ့ရပြန်ပါသည်။ဤအချက်ကို ဆရာကြီးဦးဖိုးလတ်နှင့် ဆရာကြီးဒေါက်တာထင်အောင် တို့မှလည်း ထောက်ပြဝေဖန်ထားခဲ့ပါသည်။အနော်ရထာမင်းစော ဟူသောဝေါဟာရ အသုံးအနှုန်း အမည်ကို ပုဂံခေတ်မူလထိုး ကျောက်စာ တို့တွင်မတွေ့ရပါ။ပုဂံခေတ်ထိုး ဂဝံကျောင်း ကျောက်စာတွင် -စ်အနောရုဓါမင်ကြီးဟုလည်းကောင်း၊မင်းကြီး စွာစော်ကဲ ပြန်ထိုးသော တန့်ကြည်တောင်အနော်ရထာ ကျောက်စာတွင် အစ်အနုရုဓါမင်ကြီး ဟုလည်းကောင်း ၊အင်းဝ ခေတ်ကျောက်စာအချို့တွင် အနုရထာစဝ်မင်ရယ်၊အနောရဒ္ဓါ စဝ်မည်သောမင်းကြီး ၊အနုရဓာစဝ် မင်းမ္လတ်ဓမ္မရာဇ်၊အနုရဓါစဝ် မင်းကြီးဟု၍လည်းကောင်း၊ အခြားသောအင်းဝခေတ်ကျောက်စာတို့တွင် မင်စဝ် နောရထာ မင်စ်၊ အနေရတ္ထာမင်စ် စသည်ဖြင့် ရေးထိုးထားသည်ကိုတွေ့ ရသည်။ပုဂံခေတ်လွန် နောက်ထိုး၊ နောက်ရေး ကျောက်စာ တို့ တွင်မှ အနောရဒ္ဓါမင်းစော ၊အနောရဒ္ဓါ စဝ်၊အနိရတ္ထာစ်၊အနိရတ္ထာမင်စ်၊အနောရတ္ထာမင်စပ် ဟုတွေ့ရပါသည်။ပုဂံခေတ် ကျောက်စာများတွင် စောမင်းနှင့် နောက်ထိုး ကျောက်စာများတွင်တော့ ပြောင်းပြန် မင်းစောဖြစ်နေခြင်းက သိသာထင်ရှား လှပါသည်။ ထို့ကြောင့် ပုဂံခေတ် ဗမာတို့သည် ပုဂံနိုင်ငံ၏ အကြီးအကဲ ရှင်ဘုရင်တို့ကို စဝ်၊စဝ်မင်း၊စိုင်မင်၊သ္ဓိင်စဝ်ကြီး၊မင်ကြီးဟူသော ဝေါ်ဟာရအသုံးအနှုန်း တို့ဖြင့်ခေါ်ဆိုကြောင်း ပုဂံခေတ်မူလထိုး ကျောက်စာများက သက်သေခံလျက်ရှိပါသည်။မင်စဝ်၊မင်စော ဟူသောဝေါ်ဟာရအသုံးအနှုန်းသည် ပုဂံခေတ်လွန်ပြီး ရှမ်းမင်း နွယ်တို့ပါဝင်သော အင်းဝခေတ်အသုံးအနှုန်းများဖြစ်ကြောင်း တွေ့ရပါသည်။မန်စော နှင့် မင်စောကို ဆွဲယူချိတ်ဆက်ချင်ပါက ပုဂံခေတ်နှင့် မသက်ဆိုင်တော့ပဲ အင်းဝခေတ်နှင့်သာ သက်ဆိုင် သွားပါသည်။မန်ရှုအရ မန်လူမျိုးတို့ ၏အကြီးအကဲကိုခေါ်ဝေါ် ရာတွင် သုံးလေ့မရှိသော စော၊စိုဝ်၊သ္ဓိင်၊စဝ်ကြီး ဝေါ်ဟာရတို့ကို ပုဂံခေတ်မူလထိုးကျောက်စာများတွင် တွေ့ရသည်ဖြစ်၍ " ရှေးဘိုဝ် လောင်စဝ်တို့- "ဟူသော ကျောက်စာပါအသုံးအနှုန်း အရ ဗမာသည် စောမသုံး၍ မန်လူမျိုး မဟုတ်ကြောင်းသိသာ ထင်ရှားစေပါသည်။ ခေတ်ပြိုင် ကျောက်စာ ပစ္စည်းစာရင်း မှတ်တမ်းမျိုးများ ခေတ်ပြိုင်ပြည်ပမှတ်တမ်း တွင်ပါရှိသော အထောက်အထားတို့ကို ခေတ်ပြိုင်ရာစုနှစ်အချိန်ကာလ ကိုက်ညီစွာ ဖော်ပြ ဆက်စပ်ပြောဆိုရပါမည်။( ခုနှစ် အချိန် မကိုက်ညီစွာ လွဲမှား ဆက်စပ် ဖော်ပြခြင်းမျိုး မဖြစ်ရပါ ဟူသော သုတေသနထုံးနှင့် ဆန့်ကျင်လျက် အချိန်ကာလ အကြောင်းတရား နှင့် ဖြစ်နိုင်ချေကို မချိန်ဆပဲ ကွဲလွဲစွာ ဆက်စပ်ထားပါသည်။ ဒုတိယ ။ အေဒီ-၃ ရာစုက ပျူစောထီးအကြောင်း။ ပျူစောထီး ဇာတ်လမ်းသည် ယူနန်ဖူမှ မန်လူမျိုးတို့သယ်ဆောင် လာ၍ ဗမာနိုင်ငံသို့ ပျံ့နှံ့လာကြောင်း၊ ပျူစောထီးမင်းမှ ဆင်းသက်လာသော သားစဉ်မြေးဆက်တို့သည် အဖအမည်ကို ရှေ့ဆုံးမှထား၍ မှည့်ခေါ်သော နန်စောစနစ် ဓလေ့အတိုင်း သူတို့၏ အမည်များကိုဆက်လက်မှည့်ခေါ်လျက်ရှိသေးကြောင်း ကို Burma Down to the fall of Pagan စာတမ်းတွင် Mr.Luce ဆိုခဲ့ပါသည်။ကျောက်ဆည်စာတမ်းတွင်လည်း ဖျောင်ကြုတိ (ပျူစောထီး )ဇာတ်လမ်းသည် ယူနန်နယ်မှ ဇာတ်လမ်းသာဖြစ်ကြောင်း၊မန်လူမျိုးတို့ ယူနန်နယ်မှ ရွေ့ပြောင်းရာမှ သယ်ဆောင်လာခြင်း ဖြစ်ကြောင်း၊နောင်သော် ဖျောင်ကြုတိ ဇာတ်လမ်းမှ ငှက်ပစ်တောင်ကို ဗမာတို့က ညောင်ဦးအနီး ရွှေ့ပြောင်း ၍ ပြောဆိုကြကြောင်း ဆိုထားပါသည်။ Mr.Luce ၏The Tan and Ngai-Lao နှာ ၂၁၉ တွင် ဖျောင်သည် ပျူဖြစ်ကြောင်း ၊ဖျောင်ကို ပျူဟု ကန်တုန်နယ်သား တို့ ယနေ့တိုင် အသံထွက်ဆဲဖြစ်ကြောင်း ပြဆိုထားပြန်ပါသည်။ ဖျောင်သည်ပျူဖြစ်ကြောင်း ဆရာကြီးဦးတော်စိန်ခိုနှင့် ဆရာ ဦးရည်စိန်တို့ကလည်း အထောက်အထား ဖြင့် ဖော်ပြခဲ့သည်။ ကျူဟူသော စကားလုံးမှာ နန်စောတို့၏ မြို့တော်အမည် ယောင်ကျူမျေကို ကန်တုံမြို့ ဆွန်ယက်ဆင် တက္ကသိုလ်မှ တရုတ်ပါမောက္ခ စေန်ကျုင် ချဲန် က အဓိပ္ပါယ် ဖွင့်ရာတွင် ယောင်ကျူမျေတွင်ပါဝင်သော ကျူမှာ ဖျေုာင်ကျူတိတွင် ပါဝင် သော ကျူနှင့် အတူတူပင်ဖြစ်ကြောင်း ထိုကျူမှာ နန်ကျောက် နန်စောပါ ကျောက်နှင့် ပြောင်းလဲသုံးနိုင်ကြောင်း ကျူက အသံပေါ့ ၍ ကျောက် က အသံလေးသည်သာကွာခြားကြောင်း ရှင်းလင်းဖော်ပြထားသည်။ အဆိုပါ ကျူဟူသော တရုတ်စာလုံးသည် စောနှင့်ထပ်တူဖြစ်ကြောင်း ဆရာဦးရည်စိန်မှလည်း ဖော်ပြထားပြန်ပါသည်။ကျောက်( ကျူ ) ဝေါဟာရသည် တရုတ်ဘာသာနှင့်သော်မင်းဧကရာဇ်ဟု အဓိပ္ပါယ် ရသည်။ထို့ကြောင့် ဖျောင် သည်ပျူ၊ ကျူသည် စော ဖြစ်၍ ဖျောင်ကျူတိမှာ ပျူမင်း ပျူစောထီးသာဖြစ်သည်။ ပျူနိုင်ငံ - ပုဂံနိုင်ငံ -ဗြဟ္မာနိုင်ငံဟု အမည် သုံးမျိုးဖြင့် အေဒီ-၃ ရာစု တရုတ်တို့ခေါ်ဝေါ်သော ပုဂံနိုင်ငံမှသူရဲကောင်းမင်း ပျူစောထီး ကို တရုတ်သံလှယ်ထားခြင်းဖြစ်ကြောင်း ထင်ရှားပါသည်။ထို့ပြင် နန်စောတို့က ပျူစောထီးကို ယူနန်သားဟုမဆိုပဲ ယူနန်နယ်ပြင်ပ အာသောကအဆက်အနွယ်ဖြစ်ကြောင်းဖော်ပြထားပါသည်။ထို့နောက် ယူနန်ဇာတ်လမ်းမှသားတော်ထိမဲင်ကျူမှာလည်း ပုဂံထီးမင်းစော(ဝါ)ထီးမင်းရှင်( အရှင်သခင်)(ဝါ)ထီးမင်းယဉ်ဟု အသံဖလှယ်ယူနိုင်သည်။ထို့ကြောင့် ယူနန်သားတို့ လေးစားလောက် ၍ယူနန်နယ်တွင် ပြောစမှတ်တွင်နေရသော ပျူစောထီးနှင့် သားတော်ထီးမင်းယဉ် ရာဇဝင်မှာ ဗမာတို့ထံမှ ယူနန်သားတို့လက်ခံယူထားခြင်းဖြစ်ကြောင်း ထင်ရှားသည်။ နောက်တစ်ကြောင်းက ပုဂံရာဇဝင်တွင် ပျူစောထီး မင်းက ယူနန်တောင်ပိုင်းကိုစစ်အောင်နိုင်ခဲ့သည်မှာ ဤမင်းနှစ်ပါးအကြောင်းအားယူနန်သားတို့က မင်းဧကရာဇ် အခေါ်အဝေါ်ဖြင့် မှတ်တမ်းတင်ထားသည်ကိုကြည့်၍ သော်လည်းကောင်း၊ ပျူစောထီးအားလေးစားအားကျ အသိအမှတ်ပြု၍သော်လည်းကောင်း ၊ အေဒီ ၃ ရာစု တွင် ပုဂံရာဇဝင်မှ ပျူစောထီး အမှန်တကယ် ရှိခဲ့ကြောင်း ကိုယူနန်သားတို့ သိရှိ နေခြင်းကြောင့် လည်း ကောင်းဖြစ်နိုင်ချေ ရှိသည်ဟုယူဆနိုင်ပါသည်။ထို့ကြောင့် ပုဂံရာဇဝင်မှ ပျူစောထီး ဇာတ်လမ်းသည် ဒဏ္ဍာရီ (Legend ) မဟုတ်ပဲ သမိုင်းဖြစ်ရပ် ၊ သမိုင်းသဘော ၊သမိုင်းအချက်အလက်တို့ ပါဝင်ကိန်းဖွဲ့နေသော မစ်သာ ( Myth )ဖြစ်ကြောင်း အထောက်အထား သိရပါသည်။ Mr.Luce နှင့် ဆရာကြီး ဗိုလ်မှူး ဘရှင်တို့က ပျူစောထီး ၊ထီးမင်း ယဉ်၊ ယဉ်မင်းပိုက် ၊ ပိုက်သဉ်လည်၊ သဉ်လည်ကြောင်၊ကြောင်ဒူရစ်ဟူ၍ အဖအမည် နောက်ဆုံးအလုံးကို သားအမည် ရှေ့ဆုံးထား၍ မှည့်ခေါ်တက်ပုံမှာ ကော်လော်ဖန်၊ဖန်လောဖီ၊ ဖီကျိအာယိ ၊ ယီမိုယွန် စသည့် ယူနန် နန်စောမင်းများနှင့် အမည်မှည့်ပုံ ဆင်တူ၍ပုဂံ ဗမာလူမျိုးများ သည် ယူနန်နယ်မှဆင်းသက်လာကြောင်း၊ နန်စောမင်းတို့အမည်မှည့်ပုံကို ဗမာတို့ အတုယူကြောင်း ပြောဆို ခဲ့ကြသည်။ (၁)။Luce and Pe, The fall of Pagan ,pp.394 (မင်းဆက်အမည်မှည့်ပုံ)။ (၂)။ ဗိုလ်မှူးဘရှင်၊အနော်ရထာအရင်က မြန်မာနိုင်ငံ၊ နှ-၁၄၇ ( ပျူစောထီး၊မင်းဆက်အမည်မှည့်ပုံ ) သို့သော် အချိန်ကာလအားဖြင့် ပြောင်းပြန်ဖြစ်နေကြောင်း တွေ့ရပါသည်။နန်စောမင်းဆက်သည် အေဒီ ၇-၈-၉ ရာစုမှ ဖြစ်ပြီး ပျူစောထီးမင်းဆက်သည် အေဒီ ၂ ရာစု ၃ ရာစုမှဖြစ်၍ နန်စောမင်းဆက် အမည်မှည့်ခေါ်ပုံသည် ပုဂံ ပျူစောထီးမင်း ဆက် အမည်မှည့် ခေါ်ပုံထက် နှစ် ၅၀၀ ခန့်နောက်ကျ နေပါသည်။ထို့ကြောင့် နှစ် ၅၀၀ ပိုစောသော ပုဂံမင်းတို့က နန်စောမင်းတို့အမည်မှည့်ပုံကို နောက်လိုက်အတုခိုးခြင်း မဟုတ်ပဲ နန်စောမင်းတို့ကသာ နာမည်ကျော်ကြား ထင်ရှားလှ သော ပုဂံပျူစောထီးမင်းဆက်အမည်မှည့်ပုံကို အတုခိုးခဲ့ခြင်း ဖြစ်ဟန်ရှိသည်။စာရေးသူသည် မြန်မာတို့၏သမိုင်းကြောင်း အပေါ် စတင်စိတ်ဝင်စား၍ ပထမဆုံး လေ့လာ မိသည်မှာ ဗိုလ်မှူး ဘရှင်၏ အနော်ရထာ အရင်က မြန်မာနိုင်ငံစာအုပ်ဖြစ်သည်။ ဆရာကြီးသည် စာအရေးအသား အင်မတန်ကောင်း၍ ပျင်းစရာ အကြောင်းများသာပါဝင်သော ဤအကြောင်းအရာကိုပင် လက်ကမချချင်လောက်အောင် ဆွဲခေါ်နိုင်သည်။ ထိုစာအုပ်အပေါ် အခြေခံ၍ ဆောင်းပါးတစ်ပုဒ်ရေးမိသောအခါ သမိုင်းကြောင်းနားလည်သူတစ်ယောက်က အလောမကြီးရန်နှင့် ဆက်လက် လေ့လာရန် အကြံပေး၍ ဦးဖိုးကျား၊ဦးဖိုးလတ်၊ဒေါက်တာထင်အောင်၊ဦးရည်စိန်၊ဦးချစ်စံဝင်း၊ဦးဘုန်းတင့် ကျော် တို့၏ ရှုထောင့် အသီးသီးမှ ချေပထားသော စာပေများကို လေ့လာမိပါတော့သည်။စာရေးသူသည် စာဖတ်တိုင်း ထိုစာအုပ်အပေါ် အမြင်သုံးမျိုးဖြင့် သုံးသပ်လေ့ရှိသော်လည်း ဗိုလ်မှူး ဘရှင်၏ အနော်ရထာ အရင်က မြန်မာနိုင်ငံဆို သောစာအုပ်တွင်ကား ဟာကွက်မရှိပြည့်စုံ လှသည်ဟု ယူဆမိသွားပါသည်။သုတေသန အမြင်နည်းပါး၍လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ထိုမှ တဆင့် မည်သည့် အခါမှ တွေ့ရှိချက် တစ်ခု တည်းနှင့် လက်ခံလိုက်ရန်မသင့် အပြန်အလှန်ချေပချက်များကို ထပ်မံ လေ့လာ ပြီးမှ လက်ခံသင့် ကြောင်း သင်ခန်းစာတစ်ခုရမိပါသည်။ စာရေးသူအမြင်။ Mr.Luce သည် မင်းစောဟူသည့်စကားအသုံးအနှုန်း အတွက် ပုဂံခေတ်၊ အင်းဝခေတ်ကျောက်စာတို့ကို ကျမ်းကိုးမပြုပဲ ဦးကုလား၊ မဟာရာဇဝင် ၊ မှန်နန်းရာဇဝင် စသည့် နောက်ရေးရာဇဝင်တို့မှ ယူငင်သုံးစွဲ ပြောဆိုသောလုပ်ရပ်သည် သူကိုယ်တိုင်ပစ်ပယ်ခဲ့သော နောက်ရေး ဗမာရာဇဝင် တို့ကို သူတကယ်တမ်း မပစ်ပယ်နိုင်ကြောင်းတွေ့ရသည်။ ထို့ပြင် ရေမြေဒေသချင်း နီးစပ်သောဒေသမှ လူမျိုးတို့သည် ဘာသာစကား အသုံးအနှုန်း တူရုံမျှနှင့် လူမျိုးခြင်းလုံးဝ မတူနိုင် သည့်သာဓက များစွာရှိသည်။ Mr.Luce သည် ဖြစ်နိုင်ချေ Possibilities များထဲက တစ်ခုကို ယူပြီး ဆက်စပ် ပြသွားသည်။ ထို့ကြောင့် conclusive / explicit မဟုတ်သောကြောင့် generalisation မှာဘဲ အဆုံးသတ် သွားခြင်းဖြစ်သည်။ တိကျသော ရလာဒ်ကို မရောက်ခဲ့ပေ။ ဤသည်ကို နောက်တွင်ထပ်တွေ့ရှိလာမည့် အထောက်အထားနဲ့ ပြန်ပြီး ဖြည့်စွက်တာတို့ အမှန်ကိုပြင်တာတို့ လုပ်ရမှာဟာ နောက်ပိုင်းခေတ်၏ သုတေသနသမားတွေရဲ့တာဝန်သာဖြစ်သည်။ သို့သော် တာဝန်ပေမယ့် အပြောလွယ်သလောက်အလုပ်နှင့် သက်သေပြရန်မှာ အင်မတန်ခက်ခဲပါသည်။ ကနဦးတွေ့ရှိခဲ့သူမှလည်း နောက်လူတို့ပြင်ဆင်နိုင်ရန် လမ်းစဖွင့်ပေးထားရပါမည်။အပင်ပမ်းခံ၍ ပြင်ဆင်လိုက်ပြီးဖြစ်ပါကလည်း သေချာလေ့လာ၍ လက်ခံသင့်ကလက်ခံရမည်ပင်ဖြစ်သည်။၁၉၂၀ ဝန်းကျင် ကိုလိုနီခေတ် ဘုန်းမီးအတောက်ပြောင်ဆုံးအချိန် မြန်မာတို့၏ ဇာတိသွေး ဇာတိမာန် ရပ်တန့်နေချိန် အဆင့်မြင့်ပညာရေးနှင့် စတင်ဆုံဆည်းမိကာလ အချိန် ဖြစ်သည်။ ယင်းအခါတွင် စနစ်ကျ၍ တိကျသောတွေးခေါ်မှုများ နှင့်စတင် ထိတွေ့မိသောကြောင့်သော်လည်းကောင်း ယင်းခေတ်ယင်းအခါ ၌ လက်လှမ်းမမီသေးသော အထောက်အထားများကြောင့် သော်လည်းကောင်း မြန်မာအစ ကျောက်ဆည်က ဟူသော အယူအဆမှာ ၁၉၃၆ ခုနှစ်မှ ၂၀၀၄ ခုနှစ်ထိ၆၈ နှစ်ကြာ ဖြေရှင်းခဲ့ရသောပုစ္ဆာကြီးဖြစ်ခဲ့သည်။ မြန်မာ့ ပညာရှင် များ အပင်ပမ်းခံ၍ အပတ်တကုတ် ကြိုးစားဖော်ထုတ်ပေး ခဲ့သည်ကို အာဃာဓ ရှင်းရှင်းဖြင့် တိုက်ဆိုင်လေ့လာ သင့်ပေသည်။လူမျိုးစွဲ၊ ပုဂ္ဂိုလ်စွဲ၊ဆရာစွဲ၊အယူဝါဒစွဲ၊ငါစွဲ တို့ဖြင့်မိမိစိတ်ကို ပိတ်လှောင်မထားသင့်ပေ။ အထူးသဖြင့် ဝါဒဆိုသည် ဘုရားဟောမဟုတ်သ၍ အတည်မယူ ထားသင့်ပေ။ ယုံကြည်လောက်သော လက်ခံလောက်သော အထောက်အထား နှင့်ပြင်ဆင်ပြ နိုင်လျှင် မိမိ ကိုယ်တိုင်လေ့လာ ပြီး လက်ခံသင့်က လက်ခံရမည်မဟုတ်ပါလား။ သျှင် လေညင်း ။ (၁၊၃၊၂၀၁၃) မှတ်ချက် ။ ။ ဆရာဘုန်းတင့်ကျော်၏ နှစ်ပေါင်း နှစ်ထောင်ကျော်ခဲ့ပြီဖြစ်သော မြန်မာ့သမိုင်း - အပိုင်း (၁) စာအုပ်မှ အခန်း (၂) လု့စ်၏ ဗမာ့သမိုင်းအယူအဆသည် ပြည်ပ မှတ်တမ်းကျမ်းကိုး များနှင့် ကွဲလွဲမှားယွင်းခြင်း ခေါင်းစဉ်အောက်မှ ခေါင်းစဉ်ခွဲ (၁) မန်ရှုကျမ်းလာ မန်လူမျိုးနှင့် မြန်မာလူမျိုး မတူကွဲပြားခြင်း ၏ စာမျက်နှာ ၁၉ မှ ၃၀အထိ အကြောင်းအရာ တူရာများကို အကျဉ်းချုပ် ဖော်ပြပေးပါသည်။

AddThis