မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Friday 25 March 2016

သင်္ကြန်

သင်္ကြန်ဟူသည် သက္ကဋဘာသာ သင်္ကရန္တိ (Samkaranti) (အဓိပ္ပါယ် -Going from one place to another) မှ ဆင်းသက်လာပြီး ‘ကူးပြောင်းခြင်း’ ဟု အဓိပ္ပါယ်ရပါသည် ။ ထိုမှ သင်္ကရန္တိ-သင်္ကြန္တ -သင်္ကြန် ဟုရွေ့လျောလာ ခြင်းဖြစ်သည် ။ တစ်နည်းအားဖြင့်လည်း သင်္ကြန် = သင်္ကြန္တ = သီသကရ + အန္တ = (သီသ = ဦးခေါင်း + ကရ = ပြုခြင်း + အန္တ = အဆုံး) = သက္ကရာဇ်ဦး ခေါင်း အဆုံးပြုခြင်း ဟုလည်း ဖွင့်ဆိုကြပါသေးသည် ။ အဘယ်အရာ ကူးပြောင်း ၀င်ရောက် သနည်းဆိုလျှင် တနင်္ဂနွေဂြိုဟ်မင်း (နေမင်း) ကူးပြောင်းဝင် ရောက်ခြင်းဖြစ်သည် ။ ကူးပြောင်းဝင် ရောက်သော တနင်္ဂနွေဂြိုဟ်မင်းသည် သင်္ကြန်မင်း(သင်္ကြန္တရာဇာ) ပင် ဖြစ်၏ ။ တနင်္ဂနွေဂြိုဟ်ကို မင်းဟူ၍အဘယ် ကြောင့်ခေါ်သနည်း ။
“ ဥဒေတယံ၊ စက္ခုမာ၊ ဧကရာဇာ ” ဟူသော မောရသုတ် ပရိတ်တော်ကို ထောက်၍ခေါ်ပါသည် ။ ဂြိုဟ်အပေါင်းတို့ ၏မိခင်ဖြစ်သော တနင်္ဂနွေဂြိုဟ် ကိုအလေးဂရုပြု ၍ နှစ် ၊ လ ၊ရက်တို့ ကိုမှတ်သားကြ သောကြောင့် တနင်္ဂနွေဂြိုဟ် ပြောင်းရွှေ့ကူးပြောင်းခြင်းကို သာလျှင် "သင်္ကြန်"ဟု လည်းကောင်း ၊ "သင်္ကြန်ကြီး- မဟာသင်္ကြန်" ဟုလည်းကောင်း အလေးအမြတ်ပြု မှတ်သားလျက် သင်္ကြန်ပွဲတော် ဆင်နွှဲကျင်းပ ကြပါတယ် ။သင်္ကြန်နှစ်မျိုးရှိရာ စူဠ၀ိသုဝ သင်္ကြန်နှင့် မဟာဝိသုဝ သင်္ကြန်တို့ဖြစ်သည် ။ မဟာဝိသုဝ သင်္ကြန်ဆိုသည်မှာ တနင်္ဂနွေဂြိုဟ် နေမင်းသည် မိန်ရာသီမှ မိဿရာသီသို့ ကူးပြောင်းဝင်ရောက် ချိန်ကိုရည်ညွှန်းသည် ။ အသုံးပြုရာ ဘာသာရေး ပြက္ခဒိန်ကို လိုက်၍ ခွဲခြား သတ်မှတ်၍ မြန်မာပြည်တွင် ကျင်းပသော သင်္ကြန်မှာ မဟာဝိသုဝ သင်္ကြန် အောက်တွင် အကျုံးဝင်သော နိရာယနသင်္ကြန် ဖြစ်သည် ။မိဿရာသီသို့ ဖုဋတနင်္ဂနွေဂြိုဟ်ဝင်ချိန်အား မြန်မာပြက္ခဒိန်တွင် သင်္ကြန်ကျချိန်ဟု သတ်မှတ်ပြီး မိဿသင်္ကြန်ဟုခေါ်သည် ။ မိဿရာသီသို့ မဓျတနင်္ဂနွေဂြိုဟ် ၀င်ချိန်အားသင်္ကြန်တက်ချိန် ဟုသတ်မှတ်သည် ။ ထို့ကြောင့် သင်္ကြန်ကာလ ဟူသည် ဖုဋတနင်္ဂနွေဂြိုဟ်စင် မိဿရာသီသို့ စတင်ဝင်ချိန်မှ မဓျတနင်္ဂနွေဂြိုဟ် မိဿရာသီ ၀င်ချိန်တိုင်အောင် သွားခဲ့ရသော ဖုဋတနင်္ဂနွေဂြိုဟ် ၏ ခရီးတာကာလကို ခေါ်ဆိုသည် ။ အကြမ်းဖျင်းအားဖြင့် သင်္ကြန်ကျမည့် ရက်ကို အလွယ်တကူ သိနိုင်သောနည်းမှာ လွန်ခဲ့သောနှစ် သင်္ကြန်အတက်ရက်မှ စ၍ ရေတွက်လျှင် ၃၆၄ရက်မြောက်နေ့ သည် ယခုရောက်ဆဲနှစ်၏ သင်္ကြန် အကျနေ့ပင် ဖြစ်သည် ။ အတိအကျအားဖြင့် လွန်ခဲ့သောနှစ် သင်္ကြန်ကျသော နေ့ရက် အချိန်မှ ၃၆၅ ရက် ၊ ၆ နာရီ၊ ၁၂ မိနစ် ၃၇ စက္ကန့်ပြည့်သော အချိန် နေ့ရက်သည် ယခုရောက်ဆဲနှစ်၏ သင်္ကြန်အကျနေ့ ဖြစ်ပါသည် ။ သင်္ကြန်ကျချိန် ၊ တက်ချိန်များကို သူရိယသိဒ္ဓန္တကျမ်းလာနည်းဖြင့် လည်းကောင်း ၊ တနင်္ဂနွေဂြိုဟ်၏ တည်နေရာမှသော် လည်းကောင်း ၊ ယမန်နှစ်များမှ သင်္ကြန် ကျချိန် ၊ တက်ချိန်များကို ရည်ညွှန်း၍ လည်းကောင်း နည်းအမျိုးမျိုးဖြင့် အတိအကျ တွက်ချက် ရပါသည် ။
" မဟာသင်္ကြန် " နှင့် တွဲဖက်၍ " အတာ " ဟူသော ဝေါဟာရ ၊ " အတာစား "ဟူသော ဝေါဟာရ တို့ကို ပြောဆို သုံးစွဲ နေတာကို တွေရပါတယ် ။ " အတာ "ဟူသည် လောကီအလိုဖြင့် ဒဏ်သင့်ခြင်း ဖြစ်သည် ။ တနည်းအားဖြင့် " အန္တ-အဆုံး End "ဟူသော ပါဠိပုဒ်မှ " အတာ " ဖြစ်လာသည်ဟုလည်း ကြံဆ ကြပါတယ် ။ ထို့ကြောင့် " အတာ "ဟူသည် " နောက်ဆုံး ကာလ ၊ အကျပိုင်း ကာလ " ကို ဆိုလိုပါတယ် ။ " အတာရက် "မှာ သင်္ကြန် အတက်ရက် ဖြစ်သော နှစ်တနှစ်၏ နောက်ဆုံးရက်ပင် ဖြစ်ပါတယ် ။ သင်္ကြန် အတက်ရက်နှင့် မွေးနေ့တိုက်ဆိုင် သူများသည် " အတာသင့် "သူများ ဖြစ်၍ “ အတာစားသည် ”ဟု ပြောဆို သုံးစွဲ နေကြပါတယ် ။ အတာစားသည့် နေ့နံသားသမီးတို့သည် အတာတက်မည့်အချိန် အတိအကျတွင် “အတာစား” ရပါတယ် ။ အတာစားဟူသည် အတာတက်ချိန်မှာ ကောင်းမွန် သန့်ရှင်းစွာ ဝတ်စား ဆင်ယင်လျက် အရှေ့တောင်အရပ်သို့ မျက်နှာမူကာ ပူဇော်ရိုသေ ထိုက်သူများကို လှူဖွယ် ပစ္စည်းတို့ဖြင့် ဆက်ကပ်ခြင်း လှူဒါန်းပူဇော်ခြင်း ပြုကြရတယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ် ။ အတာအိုးကို သင်္ကြန်ကို စောင့်ကြို သည့်အနေဖြင့် သင်္ကြန်မကျခင် ကြိုတင် ပြင်ဆင်ရသည် ။ (၇)ရက် သားသမီးတို့ အတွက် ရည်ရွယ်၍ ပန်း ၇ မျိုးဖြစ်စေ ၊ အညွန့် ၇ မျိုးဖြစ် စေရေပြည့်အိုး မှာ ထည့်ကြလေ့ ရှိပါတယ် ။
သင်္ကြန်ကျပြီဆိုလျှင် ဘာကြောင့် ရေကစားကြသနည်း ဟုအမေးရှိ၍ ဝေဒပညာ ရှုထောင့်မှကြည့် သော် သင်္ကြန်ကျချိန်သည် အာပေါဓာတ် မိုးနက္ခတ် ရေရာသီ ငါးကြင်းရုပ် အမှတ်အသားရှိသော မိန်ရာသီမှ ဆိတ်ရုပ်သဏ္ဍာန် ပူသော သဘောရှိသော မိဿရာသီသို့ တနင်္ဂနွေဂြိုဟ်မင်းကူးပြောင်း ၀င်လာခြင်းဖြစ်သည် ။ ကူးပြောင်းသော ရာသီအိမ်အလျောက် သင်္ကြန်ရေတို့ဖြင့် ကြိုဆိုပက်ဖျန်း ကြခြင်းဖြင့် ရှေးအခေါ် " ရေဖျန်းသဘင် " ဖြစ်ပေါ်လာခဲ့ပါသည် ။  ရှေးမြန်မာမင်းများ လက်ထက် က ရေဖျန်းသဘင်ကို နံနက်နှင့် ညနေ အချိန်များတွင်သာ ကျင်းပစေခဲ့သည် ။ ငွေဖလားတွင် ရေကြည်ရေအေး သို့မဟုတ်အမွေးနံ့သာ ထုံရည်များကို အပြည့်ဖြည့်၍ သပြေခက်ဖြင့် ယဉ်ကျေးစွာ တစ်ဦးကို တစ်ဦးရေပက်ခြင်း ၊ ရေကစားခြင်း ပြုခဲ့ကြသည် ။ ဆရာမောင်ထင်ကမူ ဂွမ်းနှင့်ဆွတ်၍ ရေလောင်းကြသည် ဟု ဆိုထားပေ၏ ။ ရှေးမှတ်တမ်းများအရ ရေကစားပွဲတော်ကို ပထမဆုံး စတင်ခဲ့သည့် ဘုရင်မှာ ပုဂံခေတ် နရသီဟပတေ့မင်း လက်ထက်တွင် ဟု သိရပါသည် ။
ယနေ့ခေတ်တွင် သင်္ကြန်ရေလောင်း ခြင်းကိုထေရ၀ါဒ ဗုဒ္ဓဘာသာအတွက် အရေးပါသော ပွဲတော်တခု ဖြစ်လေဟန် ဟောပြောလာသည်ကို တွေ့ရ၏ ။ သို့ဖြစ်ပါ၍ သင်္ကြန်ကာလအတွင်း သားသတ်လွတ်စားခြင်း ၊ ဥပုသ်သီလ ဆောက်တည်ခြင်း ၊ အလှူဒါနအမျိုးမျိုး ပြုလုပ်ကြခြင်း များအပြင် နှစ်ဆန်းတစ်ရက်နေ့၌ ဇီဝိတ ဒါနပြုလုပ်ကြခြင်း ၊ သက်ကြီးရွယ်အို ပူဇော်ပွဲများ ၊ အဖိုးအဖွားတို့ကို ခြေသည်းလက်သည်း ညှပ် ၊ ခေါင်းလျှော် ၊ လှူဖွယ်ပစ္စည်းများနှင့် ကန်တော့ ကြခြင်း တို့အပါအဝင် ဘုရားကျောင်းကန်များသို့ သွားရောက် ကုသိုလ်ယူကြခြင်းမှာ ဘာသာရေး ပွဲတော် ဟူသော အယူအဆမှ ဖြစ်ပေါ်လာခြင်း ဖြစ်ပေမည် ။ သင်္ကြန်ဆိုသည်ကား သက္ကရာဇ် ကူးပြောင်းခြင်းဖြစ်၍ ကမ္ဘာကနေကို (ယခင်က နေကကမ္ဘာကို)တစ်ပတ်အပြည့်ပတ်နိုင်သည့် အထိမ်းအမှတ်သာဖြစ်သည် ။ ပြက္ခဒိန်တစ်ခု အကူးအပြောင်းကာလဖြစ်သည် ။ တနည်းဆိုရသော် မြန်မာ့နှစ်သစ်ကူးကာလ အထိမ်းအမှတ်သာဖြစ်ပြီး ဘာသာရေးနှင့် မသက်ဆိုင်ပါ ။ သို့ရာတွင် မြန်မာ့ပြက္ခဒိန်သည် လပြည့်လကွယ်ရက်များနှင့်တကွ ဒွန်တွဲလျက်ရှိသော ဗုဒ္ဓနေ့အပါအဝင် ဥပုသ်ဆောက်တည်ရန် ရဟန်းတို့ ဝါဆိုကာလ မိုးတွင်းနှင့် ကိုက်ညီရန် အလို့ငှာ တွက်ချက်ထားရသဖြင့် မြန်မာ့ပြက္ခဒိန်သည် ဘာသာရေးပြက္ခဒိန်တစ်ခုဆိုလဲ မမှားပါ ။ အလိုရှိသလိုသာ ယူကြပါကုန် ။
သင်္ကြန်အကြောင်းပြောလျှင် သင်္ကြန်စာ အကြောင်းလည်း မပါမဖြစ်ပေ ။ မြန်မာပြက္ခဒိန်သည် သင်္ကြန်စာနှင့် တစ်နည်းတစ်ဖုံ ဆက်စပ် ပတ်သက်နေသည် ။ တစ်နည်းအားဖြင့် သင်္ကြန်စာတွင် ဖော်ပြထားသော သင်္ကြန်ကျချိန် ၊ တက်ချိန် ၊ နှစ်ဆန်းချိန်တို့ အရသာ မြန်မာပြက္ခဒိန်ကို စီရင်ရ သည်ဖြစ်ရာ မြန်မာပြက္ခဒိန် အတွက် သင်္ကြန်စာသည် အရေးကြီး၏ ။
သင်္ကြန်စာတွင် သင်္ကြန်ကျချိန် ၊ တက်ချိန်ဂြိုဟ်ခွင်များအောက် ဘယ်ဘက်တွင် နတ်သမီးတစ်ဦး ဗြဟ္မာမင်း ဦးခေါင်းကိုင်နေပုံ နှင့် ညာ ဘက်တွင် တနင်္ဂနွေဂြိုဟ်မင်း (သင်္ကြန်မင်းဟုလည်း ခေါ်ပါသည် ။ သိကြားမင်းမဟုတ်ပါ ။) စီးတော်ယာဉ် တစ်မျိုးမျိုး စီးလျှက် ဆင်းလာပုံကို ဖော်ပြထားပါသည် ။ ယခင်က သင်္ကြန်စာများ တွင်မူ နတ်သမီးတစ်ဦးက ဗြဟ္မာမင်း ဦးခေါင်းကို လှမ်းပေးနေပုံ ၊ နတ်သမီး တစ်ဦးကယူနေပုံ ၊ အခြားနတ်သမီး တစ်ဦးက စောင့်နေပုံတို့ကိုပါ ထည့်သွင်း ရေးဆွဲပါသည် ။ သင်္ကြန်အရုပ်များကို သင်္ကြန်ကျသည့်နေ့ သို့မဟုတ် သင်္ကြန်ဝင်သော နေ့ကို မူတည်သတ်မှတ်သည် ။ သင်္ကြန် အဟောများကိုလည်း နေ့ခုနစ်နေ့အလိုက် တနင်္ဂနွေဂြိုဟ်မင်း ၀တ်ဆင်သည့် အ၀တ်အစား အရောင် ၊ ၀င်ရာထောင့် ၊ စီးသောယာဉ် ၊ ကိုင်ဆောင်ရာပစ္စည်း ၊ လက်အနေအထား ၊ နတ်သမီး တို့က ဗြဟ္မာမင်းဦးခေါင်းကို လက်ခံသည့် အမူအရာ ၊ အနေအထား စသည်တို့ကိုလိုက်၍ တစ်နှစ် ပတ်လုံး အဟောများထုတ်သည်။ ဤနေရာတွင် တနင်္ဂနွေဂြိုဟ်မင်းဝင်သည် ဟူသောဝေါဟာရမှာ သိကြားမင်းဆင်းသည် ဟူသော ဝေါဟာရကဲ့သို့ တင်စားပြီးခေါ်ဝေါ်ခြင်းသာ ဖြစ်သည် ။ အမှန်မှာ တနင်္ဂနွေဂြိုဟ်မင်းဝင်သည် ဆိုခြင်းမှာ ကောင်းကင်တွင် မြင်တွေ့နေရသော နေလုံးကြီးသည် ရာသီတစ်မှ နောက်ရာသီတစ်ခုသို့ ကောင်းကင်အီကွေတာမှ ဒီဂရီမည်မျှ စောင်းပြီးဝင်လာ ကြောင်းသာ ဖြစ်ပါသည်။ တနင်္ဂနွေ ဂြိုဟ်မင်းဟူသည် နေလုံးကြီးကိုတင်စား ခေါ်ခြင်းဖြစ်၏ ။ သင်္ကြန်စာတွင်ရေးဆွဲဖော်ပြထားသကဲ့သို့ နတ်သားတစ်ပါး မဟုတ်ပါ ။ သို့သော် ဤသည်မှာ အရေးမကြီး ။ အရေးကြီးသည်မှာ တနင်္ဂနွေဂြိုဟ်မင်း၏ စီးသောယာဉ် အစရှိသည်တို့ကို မူတည်ကာ ထုတ်ထားသော ဟောချက်များပင် ဖြစ်ပါသည် ။
သင်္ကြန်ကို အနှစ်ချုပ်လျှင်
သင်္ကြန်။   ။ သင်္ကြန် = သင်္ကန္တ = ကူးပြောင်းခြင်း။ နေလနက္ခတ်တာရာတို့ တစ်နေရာမှ တစ်နေရာ ၊ တစ်ရာသီမှ တစ်ရာသီသို့ ကူးပြောင်းခြင်းကိုခေါ်သည် ။ မြန်မာတို့ ရိုးရာကျင်းပသော သင်္ကြန်မှာ တနင်္ဂနွေဂြိုဟ် (နေမင်း) သည် မိန်ရာသီအဆုံးမှ မိဿရာသီအစသို့ ကူးပြောင်း ၀င်ရောက်သည့် အချိန်ဖြစ်သည် ။
နှစ်ဆန်းတစ်ရက်နေ့။   ။ မြန်မာသက္ကရာဇ် နှစ်တစ်နှစ်၏ အစနေ့ဖြစ်သည်။ သူရိယနေမင်းသည် မိန်ရာသီမှ သာယန မိဿရာသီသို့ ကူးပြောင်းဝင်ရောက်ပြီးသည်၏ နောက်တစ်ရက် ဖြစ်သည်။ ကူးပြောင်းဝင်ရောက်ချိန်မှာ သင်္ကြန် အတက်နေ့ ဖြစ်သည်။
သင်္ကြန်ကျခြင်း အကျနေ့ ။   ။ သင်္ကြန်ကျချိန်သည် တနင်္ဂနွေ ဖုဋဂြိုဟ်စင် မိဿရာသီဝင်ချိန်ဖြစ်သည် ။
သင်္ကြန်တက်ခြင်း အတတ်နေ့ ။   ။ သင်္ကြန်တက်ချိန်သည် တနင်္ဂနွေ မဓျဂြိုဟ် မိဿရာသီဝင်ချိန်ဖြစ်သည် ။
သင်္ကြန်အကြတ်ရက်။   ။ တနင်္ဂနွေ ဖုဋဂြိုဟ်စင် မိဿရာသီဝင်ချိန် မှ တနင်္ဂနွေ မဓျဂြိုဟ် မိဿရာသီ ၀င်ချိန်ထိ ကြားကာလမှာ သင်္ကြန်ကာလဖြစ်ြ၏။ ယနေ့လက်ခံထားသောထိုကာလမှာ ၂ ရက် ၄ နာရီ ၄ မိနစ် ၅၁ စက္ကန့် ဖြစ်၏။ (၂ ရက် ၄ နာရီ ၄ မိနစ် စက္ကန့် ၄၀ ဟုလည်း အချို့နေရာများတွင် ဖော်ပြထားသည် ။)
ပျမ်းမျှနေသွားကာလမှာ တစ်နှစ်လျှင် ၃၆၅ရက်၊ ၆ နာရီ၊ ၁၂ မိနစ်၊ ၃၆.၆ စက္ကန့် ဖြစ်သည်။
သင်္ကြန်ကျချိန်နှင့် တက်ချိန်အကြားကာလမှာ ၂ ရက်၊ ၄ နာရီ၊ ၄ မိနစ် နှင့် ၅၁(၄၁) စက္ကန့်ခန့် ဖြစ်ပါသည်။
သင်္ကြန်ကျချိန်သည် ည ၇ နာရီ ၅၅ မိနစ်၊ စက္ကန့် ၂၀ ဖြစ်လျှင် ၂ ရက်တိတိ သင်္ကြန်ကြတ်မည်။
ထိုအချိန်ထက်စောလျှင် ၁ ရက်သာကြတ်မည်။ ထိုအချိန်ထက်နောက်ကျလျှင် ၂ ရက်ကြတ်မည်။  
ထို့ကြောင့် သင်္ကြန်ကျချိန်နှင့် တက်ချိန် အကြားကာလသည် သင်္ကြန်ကာလအချိန်ဖြစ်ပြီး သင်္ကြန်အကြတ်နေ့ဟုခေါ်သည် ။ သင်္ကြန်ဘယ်နှစ်ရက်ကြတ်ရမည်ကို သင်္ကြန်ကျချိန်နှင့် ချိန်ထိုး သတ်မှတ်ပါသည် ။ သင်္ကြန်ကျချိန်ကို တွက်ချက်ကြည့်လျှင် အကျနေ့၌ တနင်္ဂနွေ ဖုဋဂြိုဟ်စင် မိဿရာသီဝင်ချိန်ည၇နာရီထက် နောက်ကျနေပါက အကြတ်၂ရက် ကြုံတွေ့ပါလိမ့်မည် ။   သင်္ကြန်ကျချိန် ညရနာရီထက် စောသောနှစ်များတွင် သင်္ကြန်ကာလ ၂ ရက် ၄ နာရီ ၄ မိနစ် ၅၁ (၄၁)စက္ကန့် တွင် အချို့နာရီများသည် သင်္ကြန်အကျနေ့ထဲတွင် ပေါင်းပြီး ထိုနှစ်မျိုးတွင် သင်္ကြန်တက်ချိန်သည် အတတ်နေ့ ညနေစောင်းသို့ ရောက်သွားတတ်ရာ အတတ်နေ့ထဲသို့ပါ နာရီအချို့ ဝင်ပေါင်းနိုင်သဖြင့် တစ်ရက်သာ သင်္ကြန်ကြတ်ပါသည် ။ သင်္ကြန်ကျချိန်မှာ ညဉ့်သန်းကောင်ယံထက်နောက်ကျနေပါက သင်္ကြန်ကာလ ၂ရက်၎နာရီ ၅၁စက္ကန့်သည် ရက်ကာလ အကျနေ့အတွင်းရှိ နာရီများကို ယူ၍ မဖြစ်နိုင်တော့ပဲ အတတ်နေ့တွေ ဒုတိယအကြတ်နေ့ သန်းကောင်ကျော်ချိန်ကာလ အတက်နေ့ နံနက်စောစောတွင် စောစီးစွာ သတ်မှတ်ကာ အကြတ်ရက်ကို နှစ်ရက်အပြည့်ကျော်ဖြတ်ရပေမည် ။
ဥပမာ ၂၀၁၆ခုနှစ်၏ သင်္ကြန်ကျချိန်သည် ၁၃၇၇ခုနှစ် နှောင်းတခူးလဆန်း၆ရက် ၁၃.၄.၂၀၁၆ ဗုဒ္ဓဟူးနေ့ည ၁၀နာရီ ၄၃မိနစ်တွင်ဖြစ်ပြီး တက်ချိန်သည် ၁၃၇၇ခုနှစ် နှောင်းတန်ခူးလဆန်း ၉ရက် ၁၆. ၄. ၂၀၁၆နေ့နံနက်စောစော ၂နာရီ ၄၈မိနစ် တွင်ဖြစ်သည် ။
မြန်မာ သက္ကရာဇ် ၁၃၇၇ကို ထားခဲ့ပြီး ၁၃၇၈ခုနှစ်ကို အေးချမ်းစွာကြိုဆိုရင်း နှစ်သစ်ကို လူသစ် စိတ်သစ် အစိုးရအသစ်နှင့် ကျက်သရေအပြည့်နှင့် ပျော်ရွင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်
သျှင်လေညင်း

AddThis