မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Saturday 2 April 2016

ပျူနှင့်​အမြင်​ကျဉ်းလူမျိုးကြီးဝါဒီ

မြန်မာမင်းဆက်၏နေဝင်ချိန်ကုန်းဘောင်ခေတ် အစောဆုံး ကာလလောက်မှစ၍ ပျူ့သားပျူ့မြေးနှင့် မြန်မာအစ တကောင်းက(ပျူ) ဟူသော အယူအဆကို စွဲကိုင်လာခဲ့သည်။ အင်္ဂလိပ်ခေတ် တွင် အင်္ဂလိပ်လူမျိုး ပါမောက္ခလုစ့်(G.H.Luce) ၏ မြန်မာအစကျောက်ဆည်က ဟူသော စာတမ်း ထွက်ပေါ်လာခဲ့ပြီး
ထိုစာတမ်းအရ အင်္ဂလိပ်နဲ့ ယဉ်ကျေးမှုခြင်း ညီသလိုဖြစ်သွားသည်။ ထိုခေတ်မြန်မာများ၏ အသိထဲတွင်တော့ အင်္ဂလိပ်ဆိုတာ မြန်မာပြည်အား မတရားသဖြင့်ကိုလိုနီပြုထားပြီး ထိုမျှနှင့်အားမရကာ  ဂေါတမမြတ်စွာဘုရားမပွင့်မှီ ကာလကပင် တည်ရှိသော တကောင်းပြည်(ပျူပြည်)၏ အဆက်အနွယ် (ရာဇဝင်စကားအရ)အဖြစ်လက်ခံထားသော မြန်မာ့သမိုင်းကို သိမ်ဖျဉ်းသေးနုပ်အောင် ကြံစည်ရေးသားကာ ပြည်မနှင့်တောင်တန်း သွေးခွဲသည်ဟု ထင်မြင်ကြသောကြောင့်
ဦးဖိုးလတ်မှ အစပြု၍ ထိုခေတ်တချို့သောမြန်မာသမိုင်းပညာရှင်များသည် မှ မြန်မာအစသည် တကောင်းသာဖြစ်ကြောင်း ကျောက်ဆည်မဟုတ်ကြောင်း အထောက်အထားအမျိုးမျိုးဖြင့်ပြန်လည်ချေပခဲ့ကြပြီး အငြင်းပွားဖွယ် အခြေအနေဖြစ်သာတည်ရှိခဲ့သည်။


နောက်ပိုင်းတွင် ဒေါက်တာ သန်းထွန်း အပါအဝင် ပညာရှင်များ၏သုတေသနပြုမှု့၊ပစ္စည်းအသစ်များတူးဖော်ရရှိမှု့များကြောင့်ပျူနှင့်ပတ်သက်သောအကြောင်းအရာများတွေ့ရှိချက်များမှာ ပိုမိုတိုးတက်လာခဲ့သည်။ဒေါက်တာသန်းထွန်း သည် ပျူနှင့်ပတ်သက်၍ သူသုတေသနပြု စဉ်ကာလတွေ့ရှိချက်နှင့်ပတ်သက်ပြီး
ပျူတွေဘယ်ပျောက်သွားသလဲစာအုပ် တွင်
“ ငါဒီမှာဟေ့လို့ အော်လိုက်ချင်တယ် ၊ ဆိုလိုတာက ပျူနဲ့မြန်မာ အတူတူပဲလို့ ကျွန်တော်ထင်မိတယ် ။ တတ်နိုင်သလောက်တော့ ကိုယ့်စကားခိုင်လုံအောင် သက်သေရှာပြပါ့မယ် ။ ကနေ့မြန်မာနိုင်ငံလို့ခေါ်တဲ့ နေရာဒေသမှာ အရှေ့ခြမ်းကရှမ်း၊ အနောက်မှာ ရခိုင် ၊ တောင်မှာမွန် ၊ မြောက်မှာချင်း ကချင် ၊ အလယ်မှာမြန်မာ ၊ အလယ်ဆိုတာ ထင်ရှားတဲ့မြို့ကို အစွဲပြုပြီးပြောရင် ပုဂံအကြောင်းကို ပြောရမယ် ။ ပုဂံအကြောင်းပြောရင် ပျူစောထီးက စတာပဲပေါ့။ အဲဒီပျူတွေ အခုဘယ်မှာလဲလို့ ဆက်မေးရင် ပျူနဲ့မြန်မာ ရောသွားပြီလို့ ပြောလိုက်မိတယ် ။ ဒါပေမယ့် ဒီလိုရောတာ သိပ်မကြာသေးပါ ။ သာသနာအနှစ် ၁၆၂၈ (ခရစ်နှစ် ၁၀၈၄)က ရာဇကုမာရ် ကျောက်စာမှာ ပျူမျက်နှာ ရေးထိုးထားတာ တွေ့ရပါတယ် ။ ပျူလူမျိုးက ခရစ်နှစ် ၁၆ရာစုမှာ ဖော်ပြထားတာကို တွေ့ရသေးတယ် ။ အခုထိ ယောနယ်ထဲမှာ ပျူတွေရှိနေသေးတယ်လို့ ပြောပါတယ် ။ သို့သော် အလွန်ရှားပါးသွားပါပြီ။ ဘာကြောင့်ဒီလိုဖြစ်ရသလဲလို့ ပြန်လည်စစ်ဆေးတဲ့အခါ ခရစ်နှစ်ကိုးရာစုလောက်က စပြီး မြန်မာတွေ လွှမ်းမိုးတဲ့ ဒဏ်ကို မခံနိုင်လို့ဖြစ်မည် ” ဟု  အမှာစာတွင် ဆရာကြီးကိုယ်တိုင်ရေသားထားသည်။
ယခုချိန်တွင် ပျူစစ်လျှင် မြန်မာဟူသော အယူအဆဖြင့် ထင်ရှားသူမှာ ဦးကျော်ဇင်(ကလောင်အမည်ဘုန်းတင့်ကျော်) ဖြစ်သည်။ ၂၀၀၃ခုနှစ်၊အောက်တိုဘာလ၃ရက်နေ့တွင်ဦးကျော်ဇင် ၏ စာတမ်းဖြစ်သည့်မြန်မာလူမျိုး၊မြန်မာနိုင်ငံ၊မြန်မာထေရဝါဒဗုဒ္ဓသာသနာ သမိုင်းသုတေသနစာတမ်း ကို ဆရာကြီးဒေါက်တာသန်းထွန်းမှ သဘာပတိအဖြစ်ဆောင်ရွက်ပေးခဲ့ပြီး သဘာပတိနိဂုံးစကားတွင် ဆရာကြီးဒေါက်တာသန်းထွန်းမှ "ယခုစာတမ်းဖတ်ပွဲမှာ ဦးကျော်ဇင်(ကလောင်အမည်ဘုန်းတင့်ကျော်) စာတမ်းအလွန်ကောင်းပါတယ်၊ဦးကျော်ဇင်တင်ပြတဲ့ သုတေသနအသစ်တွေအရ G.H.Luce ရဲ့ ဗမာအစ ကျောက်ဆည်အယူအဆ ကိုပယ်ပြီး မြန်မာ့ သမိုင်းအသစ်ပြန်ရေးရပါမယ်။ယခုတင်ပြဖတ်ကြားတဲ့စာတမ်း အလွန်ကောင်းပါတယ်"ဟုပြောကြားခဲ့ပါတယ်။ထိုမှတစ်ဖန် ၂၀၀၄ခု၊မတ်လ၁၁ရက်နေ့တွင် ဦးကျော်ဇင် (ဘုန်းတင့်ကျော်)မှ "မြန်မာဟူသောပျူ ရာဇဝင်ဆိုရိုးစကားကို ရှေးပျူဗမာကျောက်စာများနှင့်နျိုင်းယှဉ်လေ့လာကြည့်ခြင်း"ဟူသောစာတမ်းကို ဆရာကြီးဒေါက်တာသန်းထွန်းကပင် သဘာပတိအဖြစ်ဆောင်ရွက်ပြီး သဘာပတိနိဂုံးတွင် "ပျူသည် မြန်မာပင်ဖြစ်ကြောင်း ထင်ရှားပေါ်ပေါက်ခဲ့ပြီ ဖြစ်ကြောင်းး သဘာပတိအဖြစ်ဆောင်ရွက်သော ဆရာကြီးဒေါက်တာသန်းထွန်းမှ ပြောခဲ့သည်ဟုဖတ်ရသည်။
စာတမ်းဖတ်ပွဲတွင် ဆရာကြီးဒေါက်တာသန်းထွန်း၏  သဘာပတိနိဂုံးပြောကြားချက်အရ မြန်မာအစ ကျောက်ဆည်ကဟူသော အယူအဆသည် မှား သည်ဟုဆိုသော်ငြား မြန်မာအစသည် မည်သည့်အယူအဆသာမှန်သည်ဟူလည်း မပြောကြားခဲ့ပါ။
ပျူသည် မြန်မာပင်ဖြစ်ကြောင်း ဆရာကြီးပြောခြင်းသည် ပျူသည် မြန်မာတို့နှင့်ရောနှောပျောက်ကွယ်သွားသည်ဟူသော အယူအဆအရ ပြောချင်းပေလော၊တခြား အဓိပ္ပါယ်ကိုပြောချင်းလော ဟူသည်မှာ ဆရာကြီးကိုယ်တိုင်သာ သိပေလိမ့်မည်။
ယနေ့ခေတ်တွင် ပျူနှင့်ပတ်သက်သမျှကို သုတေသနပြုဖော်ထုတ်နေကြသောလည်း ကျနော့်၏ ပုဂ္ဂလိက အမြင်ဖြင့်ပြောရလျှင် တိကျသေချာမှု့များများစားစားမရှိသေးပဲ ရုပ်လုံးပေါ်သည့်အဆင့်ထိမရောက်သေးသော ပန်းပုရုပ် တစ်ရုပ်အဖြစ်သာတည်ရှိနေဆဲဖြစ်ပြီး ထိုရုပ်လုံးပေါ်သည့် အဆင့်မရောက်သေးသည် ပန်းပုရုပ်အား မျောက်ဖြစ်သည်၊လူဖြစ်သည် ဟု ခန့်မှန်းနေကြသလိုပင်ရှိနေကြသေးသည်။UNSECO မှ ပျူမြို့ဟောင်းများကို ကမ္ဘာ့ယဉ်ကျေးမှု့ အမွေအနှစ် အဖြစ်သတ်မှတ်ခြင်းသည် ပျူသည် မြန်မာ ဟူသောအချက် အရသတ်မှတ်ခြင်းမဟုတ်ပဲ ထိန်းသိမ်းစောင့်ရှောက်သင့်သော နှစ်ပေါင်း၂၀၀၀ကျော် သက်တမ်းရှိ ရှေးမြို့ဟောင်း တစ်ခုဖြစ်ကြောင်း ဘက်ပေါင်းစုံမှ သုံးသပ်ကာ အတည်ပြုသတ်မှတ်ခဲ့ခြင်းသာဖြစ်သည်။
ပျူနှင့်ပတ်သက်ပြီး တစ်ချို့သော တစ်ထစ်ချပြောဆိုမှု့များသည် မျက်မမြင်များ ဆင်ကို စမ်း၍ လိုသလို ပြောဆိုမှု့နှင့်ပင် တူနေသေးသည်။ပျူမြို့များသည် ဆက်လက်တူးဖော် သုတေသနပြုနေဆဲဖြစ်၍ ယခင်ဖတ်ခဲ့သော စာတမ်းသည် နောက်တွေ့ရှိချက်ကြောင့် မှားယွင်းကောင်းမှားလိမ့်မည် ဟူသော အချက်ကို လက်ခံရပေမည်။ယခင် ဖတ်ခဲ့သောစာတမ်းသည်သာလျှင် အမှန်ကန်ဆုံး အသင့်မြတ်ဆုံးဟု ဆိုကာ နောက်တွေ့ရှိချက်ကို လစ်လျူရှု့ခြင်းသည် သုတေသနလုပ်ရပ်နှင့် မညီချေ။
သမိုင်းပညာရှင်ရဲ့ ကောက်ချက်များမှာသူ့ခေတ်သူ့အခါမှာ တွေ့ရှိသမျှ သက်သေခံ နဲ့ အညီအမျှသာလျင် မှန်ကန်ခြင်း ရှိပါတယ်။
အထက်တွင် ရေးသားခဲ့ ခြင်းများကို အဘယ်ကြောင့်ရေးသနည်း ဟုဖြေရသည်ရှိသော် Facebookတွင် 1.4.2016ပါ ရက်စွဲဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှု့ဝန်ကြီးဌာန ဝန်ကြီးထံ လိပ်မူထားသော တိုင်ကြားစာ၌ ဦးစိန်ဝင်း ၏30.3.2016 "ပျူအက္ခရာစာပေပေါင်းချုပ် အတွဲ(၁)"စာအုပ်တွင် အမှာစာရေးထားသောလက်ရှိတာဝန်ထမ်းဆောင်ဆဲ ရှေးဟောင်းသုတေသနဌာနနှင့် အမျိုးသားပြတိုက် ညွှန်ကြားရေးမှုးချုပ် ဦးကျော်လွင် ၏ ပျူသီးခြား၊ဗမာသီးခြား ၊ ပျူလူမျိုးများသည် ပျောက်ကွယ်သွားလေ၏ ဟူသောရေးသားချက်သည် ဗမာ့သမိုင်းကို ဖျောက်ဖျက်သည့်အတွက် လူသိရှင်ကြားတောင်းပန်ဝန်ချခြင်းပြု ပါရန်နှင့် မတောင်းပန်ပါက တည်ဆဲဥပဒေအရ အရေးယူမည်ဟူ ဖတ်လိုက်ရ၍ ယခုစာကို ရေးသားရခြင်းပင်။ဦးစိန်ဝင်းနှင့် ဦးကျော်လွင်တို့ တောင်းပန်သင့်ပါသလားဟု ကျနော့်အားမေးခဲ့သည်ရှိသော် မတောင်းပန်သင့်ပါဟု၍ ကျနော်ဖြေရပါလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ပျူတို့နှင့်ပတ်သက်သော သမိုင်းတို့သည် သပွတ်အူပမာ ရှုပ်ထွေးလွန်းလှသည်။ ဦးစိန်ဝင်းနှင့်ဦးကျော်လွင်အား ဝန်ချတောင်းပန်ပေးရန် တိုင်ကြားသူများသည် ဦးကျော်ဇင်(ဘုန်းတင့်ကျော်)၏ပျူစစ်လျှင်မြန်မာဟူသော အယူအဆကို တရားသေစွဲကိုင်ထားသူများဖြစ်ကြသည်။ ထိုသူများသည် ဦးကျော်ဇင်(ဘုန်းတင့်ကျော်)ဖတ်သည့် စာတမ်းအား ဆရာကြီးဒေါက်တာသန်းထွန်းက သဘာပတိနေရာမှ နားထောင်ပေးသည်ဟူသော အချက်အားစွဲကိုင်လျက် ဆရာကြီးသည်ပျူစစ်လျှင်မြန်မာဟူသောအယူအဆကို ထောက်ခံသယောင် အမြဲ လုပ်ကြံပြောဆိုကြသည်။
ထိုသူများသိသင့်သည်မှာဦးကျော်ဇင်(ဘုန်းတင့်ကျော်)ဖတ်သော စာတမ်းကို ဆရာကြီးဒေါက်တာသန်းထွန်း သဘာပတိနေရာမှ နားထောင်ပေးခြင်းသည် အနုမာနဖြင့် ယာယီဖြည့်ပေးသည်သဘောသာဖြစ်ပြီး သမိုင်းသုတေသနဌာနနှင့် ရှေးဟောင်းသုတေသန ဌာနတွင် မှတ်တမ်းအဖြစ်ရှိနေတိုင်းလည်း အမြဲတမ်းအတည်မဖြစ်သေးပဲ နောက်ထပ်အသစ်တွေ့ရှိချက်များကြောင့် ထိုစာတမ်းကိုချေပနိုင်လျှင်လဲ ထိုစာတမ်းသည် မှတ်တမ်းအဖြစ်ကျန်ရှိနေဦးမည် ဆိုသောအချက်ကို သဘောပေါက်သင့်သည်။
ဦးစိန်ဝင်းနှင့် ဦးကျော်လွင်အား ဝန်ချတောင်းပန်ခိုင်းသည့် သူများကိုမေးလိုပါသည်။
သင်တို့အနေနှင့်သမိုင်းပညာကိုလေ့လာစူးစမ်းရာတွင်
(၁)ပြီးပြည့်စုံ ခိုင်မာသည် ဆိုသော သမိုင်းပညာရှင်ကား မရှိ ။
မည်မျှ အကိုးအကား
အထောက်အထား ခိုင်လုံစွာ တင်ပြနိုင်သည်ဖြစ်စေ မပြီးဆုံး မပြီးပြတ်တတ်သော သမိုင်း၏ သဘောသဘာဝအရ နှောင်းလူတို့ ဘက်မှ ဝေဖန်စရာ ရှိမြဲပါ ။ တိမ်းစောင်းမှု လျော့နည်းလျှင် ဝေဖန်ခံရပုံ နည်းမည် ဖြစ်သော်လည်း တိမ်းစောင်းမှု များလျှင် များများ ဝေဖန်ကြလိမ့်မည် ။
(၂)ပညာရှင်ကိုးကွယ်မှုဝါဒ ပညာရှင်နောက်လိုက်မူဝါဒ စသည်ဖြင့် ပုဂ္ဂိုလ်ခင်၍
တရားမင်ခြင်းမျိုး မရှိစေရ ။
(၃) ဘက်လိုက်မရေးပါနှင့် အကြိုက်တူရင် မြှောက်ပင့်တာ ချီးမွမ်းလွန်းတာ ကာကွယ်တာတွေ ရှောင်ပါ ။ ထို့အတူ အကြိုက်မတူလို့ တစ်ဖက်သတ် ချိုးနှိမ်မရေးပါနှင့် ဟူသော ရှေးယခင် သမိုင်းဆရာများ၏ အဖိုးတန်သောသြဝါဒစကာများကို သိပါသလား။လက်ခံပါသလား။လိုက်နာကျင့်သုံးပါသလား။
ပြီးပြည့်စုံ ခိုင်မာသည်ဟူသော သမိုင်းပညာရှင်မရှိဟူသော စကားအရ ဦးကျော်လွင်သည် ၎င်းလေ့လာထားသမျှ စာတမ်းများကြောင့် ပျူလူမျိုးတို့သည် ပျောက်ကွယ်သွားလေ၏ ဟုရေးသာခြင်းဖြစ်တန်ကောင်းရာသည်။ *ပျူသည် မြန်မာတို့နှင့်ရောနှောပျောက်ကွယ်သွားသည်ဟု ဆရာကြီးဒေါက်တာသန်းထွန်းလည်းအစဉ်တစိုက်ရေးသားခဲ့၏။
ပြီးပြည့်စုံမှု့မရှိသေးသော သုတေသနပြုလေ့လာဖော်ထုတ်ဆဲ ဖြစ်သည့် ပျူသမိုင်းနှင့်ပတ်သက်၍ မိမိတို့သာအမှန်ဟုယူဆကာ ထိုသို့ပြုမှုချင်းသည် ပျူသမိုင်းသုတေသနအား သတ်ရန်ရည်ရွယ်သည်ဟုသာ ကျနော့်သတ်မှတ်သည်။
ဦးကျော်ဇင်(ဘုန်းတင့်ကျော်)သည် သုတေသနပညာရှင်တစ်ဦးအဖြစ် ပျူစစ်လျှင်မြန်မာဟု ဖော်ထုတ်ခဲ့သော်လည်း သူ၏အဆိုကို စွဲကိုင်လျက် Facebookတွင် မိမိကိုယ်ကို သမိုင်းလေ့လာသူ၊သုတေသနပြုသူဟု ရေးသားနေသူများသည် အမြင်ကျဉ်းလူမျိုးကြီးဝါဒစွဲ သမားများ ဖြစ်သည်ကို တွေ့ရှိရသည်။ ထိုသူများသည် မြန်မာပြည်ဖွား အခြားသောတိုင်းရင်းသားလူမျိုးတို့၏ သမိုင်းကို အမျိုးမျိုးလုပ်ကြံလီဆယ်ကာ သေးသိမ်အောင် ရေးသားပြီး ၎င်းတို့ခံယူထားသည့်ပျူစစ်လျှင်မြန်မာဟူသော အယူအဆကြောင့် ပျူတို့၏ အကြောင်းကို ပိုပိုသာသာရေးသားပြောဆိုကြသည်။
ထို အမြင်ကျဉ်း လူမျိုးကြီးဝါဒစွဲ သမားတို့သည် အဘယ့်ကြောင့် ပျူ့မြေးပျူ့သားဖြစ်ချင်သည်ကို ပြောရသော် ယနေ့ခေတ်တွင် ပျူသည်ကမ္ဘာ့ ရှေးဟောင်းသုတေသန လောကမှာဝင်ဆန့်လာပြိး ပျူကို ကမ္ဘာ့အမွေအနှစ်အဖြစ် စောင့်ရှောက်ဖို့ ဖြစ်လာသည်ကတစ်ကြောင်း၊ရှေးနှစ်ပေါင်း၂၀၀၀ကျော်အချိန်ကာလတွင် ပုဂံထက်ပို၍ယဉ်ကျေးမှု့အတတ်ပညာမြင့်မားခြင်း၊ကိုယ်ပိုင်စာအရေးအသားရှိခဲ့သောကြောင့် ရာဇဝင်စကားများသည် အမှန်ဖြစ်ကြောင်းသက်သေပြနိုင်ပြီ တခြားသောတိုင်းရင်းသားလူမျိုးတို့ထက်ပို၍ရှေးကျသော အနွယ်မှ ဆင်းသက်လာပြီး သမိုင်းပညာရှင်ဆရာကြီးများပြောဆိုလေ့ရှိသည် ပျူသည် ပထမပြည်ထောင်စု (First Union)တည်ထောင်သည့် သူများဖြစ်ကျ၍ အမြင်ကျဉ်းလူမျိုးကြီးဝါဒစွဲများအတွေးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိတခြားသောတိုင်းရင်းသားများထက် ပိုကြီးကျယ်ခမ်းနားသော မျိုးရိုးရှိသူများအဖြစ်ခံယူလိုစိတ်ကြောင့်ဟုသာ သုံးသပ်ရင်း......
(ပညာရှင်မဟုတ် လေ့လာသူ လူငယ်တစ်ယောက်အနေဖြင့် ဖတ်သမျှ၊တွေ့သမျှကို ပြန်လည်ရေးသားခြင်းသာ)
ချစ်ခြင်း၊မုန်းခြင်း ကင်းဝေးစွာဖြင့် သမိုင်းအမှန်ဖော်ထုတ်နိုင်ကြပါစေ။
အောင်ထွန်းလင်း
Photo Credit-သျှင်လေညင်း

AddThis