မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Sunday 12 May 2013

အုတ်ပြားပေါ်မှ ကဗျဉ်းစာ (ကျွန်းတော် မှ အုတ်ပြားပေါ်တွင် ရေးထိုးထားသော မွန် ကဗျဉ်းကျောက်စာ )


ပြည်ထောင်စု မြန်မာနိုင်ငံ ရှေးဟောင်း သုတေသန ညွှန်ကြားရေးဝန်၏ ၁၉၆၀- ၆၁ ခုနှစ် အတွက် နှစ်ချုပ် အစီရင်ခံစာ မှ။



၁၉၆၀- ၆၁ ခုနှစ်အတွင်း တွင် တွေ့ ရှိသော ရှေးဟောင်းကဗျည်းစာများအနက် ၊ကျောက်ပြားပေါ်တွင် သာမဟုတ်ပဲ အုတ်ပြားပေါ် ၌ရေးထိုးထားသော ကဗျဉ်းစာများလည်း ပါရှိသေးသည်။ဤ နှစ်များ အတောအတွင်း တွေ့ ရသော ကဗျဉ်း ကျောက်စာ များအနက် ၊ စိတ်ဝင်စားဖွယ် အကောင်းဆုံး ကဗျဉ်းစာ မှာ ရန်ကုန်မြို့  ၊စမ်းချောင်းမြို့ နယ်၊ နန္ဒဝင် လမ်း၊ အမှတ် (၁၂) တွင် နေထိုင်လျက်ရှိသော ဦးဖုန်းကျော် ( နတ်မောက် ဖုန်းကျော် ) ဆိုသူထံမှ ရရှိထားသော ရှေးဟောင်းမွန် ကဗျဉ်းစာပင် ဖြစ်သည်။ ၎င်း အုတ်ပြားကို ၊ မကွေးခရိုင် ၊ ကျွန်းတော်ကျွန်း ဘုရားမှ ဦးဖုန်းကျော်ကပင် ရှာဖွေတွေ့  ရှိထားပြီး၊ လက်ဝယ်တွင် ရိုသေစွာ သိမ်းဆည်းထား ခြင်းဖြစ်သည်။

၎င်းရှေးဟောင်း ကဗျဉ်းစာ ၏ မွန်စာအက္ခရာပြန် နှင့် ဘာသာပြန် မှာအောက်ပါ အတိုင်းဖြစ်သည်။

- - - အက္ခရာပြန် ။

၁။ ဝေါအိ လ္လတ် ကုန်သင်နာယ် မရုံ ( လ္ဘတ် = လအောက်မှ အက္ခရာသည် အ ဖြစ်ပါသည်။ )
၂။ မ် ထေ ရ္လ စာရ် ဍေး ဟ် ဍေဟ် မုစ်ဒု
၃။ သ်ကျာက် ဝိ ပါက် ရုံမ် ဝေါအ်။
၎။ ဇန်ပုန် ကု အု မ္ဗောအ် အုအ် ဗာအ်
၅။ လ္ဘတ်။ ( လ္ဘတ် = လအောက်မှ အက္ခရာသည် အ ဖြစ်ပါသည်။ )

- - - ဘာသာပြန် ။

ဤကား အားလုံးသော (တပည့်သား) ရဟန်း
သံဃာတို့သည် သူတို့၏ ဆရာသခင်အား
ကူညီကြကုန်၏။ သူတို့သည်ဤကူညီရသောအကျိုး
ကြောင့် ဖုရားဖြစ်လိုကြသတည်း။ အမိအဖအား
လုံးတို့အားလည်း အမျှပေးဝေကြပါကုန်သတည်း။

၎င်းအုတ်ပြားပေါ်မှ စာတမ်းသည်၊ မည်သည့်ခုနှစ်အတွင်းရေးထိုးတားသော စာဖြစ်ကြောင်းကို၊ ထိုအုတ်ပြားတွင် ခုနှစ်
သက္ကရာဇ် မပါရှိသဖြင့် အတိအကျသိနိုင်ရန် ခဲယဉ်းလျက်ရှိသည်။ သို့သော်အက္ခရာစာလုံးများ၏ ပုံပန်းသဏ္ဌာန်ကိုထောက်
ဆ ဆင်ခြင်ခြင်းဖြင့် အနော်ရထာမင်းခေတ်တွင် ရေးထိုးထားသော ကဗျည်းစာ ဖြစ်ဖွယ်ရှိကြောင်း တွေးထင်ရပေသည်။

ရေးထိုးထားသော " အ ၊ န ၊ မ ၊ ရ ၊ သ " စသောအက္ခရာတို့သည်၊ အနော်ရထာမင်းခေတ်အုတ်ခွက် ကျောဘက်မှစာလုံး အက္ခရာ များနှင့် နှိုင်းယှဉ်တိုက်ဆိုင်လေ့လာပါက၊ ထပ်တူထပ်မျှနီးနီးပင် ပုံပန်းသဏ္ဌာန် ချင်းတူညီကြောင်း တွေ့ရသည်။ အခြား ကဗျည်းစာပါသော အုတ်ပြားမှာ နတ်မောက်မြို့နယ်၊ တောင်ထောင့်ရွာမှရရှိပါသည်။ ၎င်းအုတ်ပြားမှာ၊ အပိုင်းအစမျှ သာဖြစ်၍ ကြောင်းရေ နှစ်ကြောင်းမျှသာပါဝင်သည်။ ကြောင်း ရေတစ်၌ " တစ်ဆဲ ။ ဝ ။ ငနပ ငလ ၊ ဟုတွေ့မြင်ရပြီး၊ကြောင်း ရေနှစ် တွင် " ဝံ၊ ရာန် " ဟူ၍ဖတ်ရှုရပေသည်။

မှတ်ချက်။ ။ မူရင်းအတိုင်း ကူးယူထားသည်။

သမိုင်းသက်သေ တည်ပါစေ မှ ကောက်ချက်။

အထက်ပါ အကြောင်းအရာ များသည် ယခုလက်ရှိ အချိန်တွင် ရရှိနိုင်ရန် ခက်ခဲပြီး ၊ရှားပါး၍ တန်ဖိုး အလွန်ရှိသော မြန်မာနိုင်ငံ ရှေးဟောင်း သုတေသန ဌာန၏ ညွှန်ကြားရေးဝန်၏ နှစ်ပတ်လည် အစီအရင်ခံစာ များ စာအုပ် မှ ကောက် နှုတ်ချက်ဖြစ်ပါသည်။ ၁၉၅၇ ခုနှစ်တွင် ထိုရာထူးကို တာဝန်ယူ ခဲ့ သော ဦးဖိုးလတ်၏ အစီရင်ခံစာ ဖြစ်ပါသည်။ ဤတွင် မြန်မာနိုင်ငံ ရှေးဟောင်း သုတေသန အကြီးအကဲ တစ်ဦး ၏ အစီရင်ခံစာ ရေးပုံကို လေ့လာနိုင်ပေ သည်။ ထို့ ပြင် မူရင်း အုတ်ပြားစာ၏ ဓါတ်ပုံ ၊စာညွှန်း နှင့် တကွ တင်ပြလိုသော အကြောင်း အရာ ၊ တွေ့ ရှိရာဒေသ ၊ပိုင်ရှင် အမည် ၊ နှင့် သက်ဆိုင်သော နိဒါန်းအပျိုး ၊ု့ နောက်တွင် အုတ်ပြားစာပါ အက္ခရာ မူရင်း ၊ ညွှန်ကြားရေးဝန်၏ အက္ခရာပြန်၊ ညွှန်ကြားရေးဝန်၏ ဘာသာပြန် နှင့် ညွှန်ကြားရေးဝန်၏ သုံးသပ်ချက်အပြင် အကြာင်းအရာတူ သက်ဆိုင်ရာ အခြားဗဟုသုတများကို မှတ်တမ်းအဖြစ် စနစ်တကျ ရေးသား အစီအရင်ခံ ပုံကို တွေ့ ရပါသည်။ အုတ်ပြား စာတွင် ခုနှစ်သက္ကရာဇ် မပါရှိသော်လည်း လက်ရေး လက်သားကို ကြည့်၍ ခေတ်ကာလကို အတည်ပြုနိုင်ကြောင်း သိရပေသည်။ရှေးဟောင်း သုတေသန လေ့လာလိုသူ များအတွက် အင်မတန်မှ အကျိုးရှိနိုင်မည် ဖြစ်၍ ရှာဖွေတင်ပြ ပေးထားပါသည်။

မေတ္တာဖြင့် ကူညီသော မိတ်ဆွေအား ဤနေရာမှ ဂါရဝပြု ပါသည်။

သျှင်လေညင်း ။ ( ၁၂၊ ၅၊ ၂၀၁၃

AddThis