မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Thursday 12 May 2016

ကမ္ဘာကျော်တဲ့ မြန်မာ့လမ်းမကြီးများ

မြန်မာလမ်းBurma road နဲ့ လီဒိုလမ်းမကြီး Ledo road အကြောင်းကို လွန်ခဲ့တဲ့ ၂နှစ်လောက်ကတည်းက အင်တာနက်ပေါ်မှာ ဖတ်ဖူးပြီးသား ဖြစ်ပေမယ့် ဆရာမောင်သာ ရှေးဟောင်းသုတေသနရဲ့ အညာသားယဉ်ကျေးမှုနှင့် အခြားဆောင်းပါးများ စာအုပ်ထဲမှာ ကမ္ဘာကျော် မြန်မာလမ်းမကြီးများဆိုပြီး ထပ်တွေ့ရတော့ အရင်ဖတ်ဖူးတုန်းကနဲ့မတူပဲ တော်တော်လေး ပြည့်ပြည့်စုံစုံ ဖော်ပြထားတာကိုတွေ့ရသဖြင့် ထုံးစံအတိုင်း မနေနိုင်ပဲ စာရေးဖို့ ဖြစ်လာပါပြီ ။
ဆရာဦးဝင်းဇော် (မောင်သာရှေးဟောင်းသုတေသန)မှလဲ ကျမကို စာအုပ်ဖတ်ပြီးတဲ့အခါ feedback ပြန်ပေးဖို့ မှာကြားထားတာကြောင့်လဲ ထိုစာအုပ်ထဲတွင်ပါဝင်သော သမိုင်းဆိုင်ရာ ဆောင်းပါးကောင်းများစွာထဲမှ စိတ်ဝင်အစားဆုံးဖြစ်တဲ့ သည်ဆောင်းပါးလေးကို ရွေးထုတ်ဖြစ်ခဲ့ပါတယ် ။
ဒီလမ်းမကြီးဟာ တရုတ်နိုင်ငံ၏ အန္တရယ်အရှိဆုံး သေမင်းတမာန်လမ်းမကြီးများထဲမှာလဲ တစ်ခုအပါအဝင်ဖြစ်ခဲ့တယ်လို့ သိထားပါတယ် ။
ကျမတို့ မြန်မာနိုင်ငံဟာ အရှေ့တောင်ဘက်တွင် ရှိတဲ့တရုတ်နိုင်ငံအနောက်မြောက်ဘက်ရှိ အိန္ဒိယနိုင်ငံတို့အကြား ညှပ်နေသလို ဖြစ်နေတဲ့ ပထဝီအနေအထားကြောင့်
စစ်ရေးအရ အရေးပါတဲ့ နယ်မြေဖြစ်ခဲ့တာ ဟိုးရှေးရှေး ပဝေဏသီ ပျူခေတ်လောက် ကတည်းကပါပဲ ကုန်ကူးရင်း အနုနည်းဖြင့် နယ်ချဲ့ခြင်းခံခဲ့ရကာ ယဉ်ကျေးမှုတွေ ကိုးကွယ်ရာတွေ ဘာသာစကားနှင့် စာပေများအထိပါ မသိမသာ ရောထွေးလွှမ်းမိုးခဲ့ရပါတယ် ကဲထားပါ ဒါတွေချဲ့နေရင် လိုရင်းမရောက်ပဲ မိုးလင်းသွားပါလိမ့်မယ် ။
ဒီတော့ ဆရာ့ရဲ့ ဆောင်းပါးထဲက အချက်အလက်အချို့ကို ဖော်ပြပါ့မယ် ။ ကမ္ဘာကျော်တဲ့အထိ လူသိတဲ့ မြန်မာ့လမ်းမကြီးဟာ ၂ခုဆိုပေမယ့် တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ ယူနန်ကူမင်းပြည်နယ်များနှင့် မြန်မာနိုင်ငံလားရှိုးမြို့ကို
ဆက်သွယ်ထားတဲ့ မြန်မာလမ်း နှင့် အိန္ဒိယနိုင်ငံ အာသံပြည်နယ် မြန်မာနိုင်ငံ ကချင်ပြည်နယ် ရှမ်းပြည်နယ်နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တို့ကို ဆက်ထားတဲ့ လီဒိုလမ်းမကြီး ဟာဆိုရင်ဖြင့် မြန်မာနိုင်ငံ မူဆယ်မြို့အနီးတွင် ပေါင်းဆုံသွားတာကြောင့် လမ်းတစ်ခုတည်းသဖွယ်ဖြစ်နေတယ်လို့လဲ ပြောချင်ပြောနိုင်ပါသေးတယ် ။
မြန်မာလမ်းမကြီးသည် မိုင်ပေါင်း၇၁၇မိုင်ရှည်လျားသည်အထိ ကြမ်းတမ်းသော တောင်စွယ်တောင်တန်းများကို ဆက်လျက် ဖောက်လုပ်ထားပါတယ် ။
ကူမင်းပြည်နယ်နှင့် မြန်မာနိုင်ငံဆက် လမ်းပိုင်းကို ဒုတိယ တရုတ်ဂျပန် စစ်ပွဲကာလအတွင်း ၁၉၃၇ခုနှစ်မှာ မြန်မာနှင့် တရုတ်လုပ်သား ၂သိန်းကျော်ဖြင့် ဖောက်ခဲ့ရာ ၁၉၃၉မှ ပြီးစီးခဲ့ပြီး
ဂျပန်နှင့် စစ်တိုက်နေတဲ့ တရုတ်တို့ကို ဗြိတိသျှတို့က စစ်ဘက်ထောက်ပံ့ရေးနှင့် ရိက္ခာများ ပေးပို့နိုင်ရန်ရည်ရွယ်ခဲ့ပါတယ် ။ ရန်ကုန်မှလားရှိုးသို့ ရထားဖြင့်သယ်ယူပြီး ထိုမှတဆင့် မြန်မာလမ်းမကြီးပေါ်သို့ ကားဖြင့်သွားကာ ဂျပန်နှင့် စစ်တိုက်နေတဲ့ တရုတ်တို့အား အဖက်ဖက်မှ ပံ့ပိုးနိုင်ခဲ့ပါတယ် ဒါပေမယ့် သိထားပြီးဖြစ်တဲ့အတိုင်း ၁၉၄၂ခုနှစ်တွင် ဂျပန်တို့ မြန်မာနိုင်ငံကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ထိုလမ်းမကြီးမှ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းကို ဖြတ်တောက်ပစ်ခဲ့ပါတယ် ။
ကဲ ဒါဆိုလျှင်ဖြင့် ဂျပန်တို့ မြန်မာနိုင်ငံကို ဝင်လာရတဲ့ အကြောင်းကို ရိပ်မိလောက်ပြီထင်ပါတယ် ။ ဒီထောက်ပံ့ရေးလမ်းကြောင်းဆိုင်ရာ လုပ်ငန်းစဉ်ကို ဆရာမောင်သာက ဗျူဟာမြောက်လမ်းကြောင်းလို့ သုံးနှုန်းထားတယ် ဆိုတော့ မြန်မာနိုင်ငံ၏ ပထဝီအနေအထားအရ စစ်ရေးဗျူဟာအရ တရုတ်အတွက်ကော ဂျပန်အတွက်ကော ဗြိတိသျှနှင့် မဟာမိတ်တွေ အတွက်ပါ သေရေးရှင်ရေး အရေးပါတဲ့ နေရာဖြစ်နေတယ်ဆိုတာ ထင်ရှားနေပါတယ် ။
မြန်မာလမ်းမကြီးအကြောင်းကို ဆရာမောင်သာက သည်လောက်ပဲ ရေးပြထားပြီး ဆရာအာသီသပြင်းထန်စွာ ဖော်ပြချင်ဟန်ရှိတဲ့ လီဒိုလမ်းအကြောင်း အလိုက်တသိ ဆက်ရအောင်နော် ။
ဂျပန်တွေက သူတို့နဲ့ စစ်တိုက်နေတဲ့ တရုတ်ကို ဗြိတိသျှတွေ အထောက်အပံ့ မပေးနိုင်အောင် ပင်လယ်ဖြတ်ပြီး တကူးတကန့် လမ်းလာဖျက်လိုက်တော့ ဗြိတိသျှနှင့် မဟာမိတ်များဟာ တရုတ်ကို ဆက်လက်ပံ့ပိုးပေးနိုင်ဖို့ လေကြောင်းကို အသုံးပြုခဲ့ပေမယ့် ကြမ်းတမ်းလှတဲ့ ဟိမဝန္တာရာ ရာသီဥတုအောက်တွင် မဟာမိတ်အဖွဲ့ဝင် အမေရိကန်လေယာဉ် ၄၆စင်းပျက်ကျပြီး မဟာမိတ်စစ်သား ၇၉၂ယောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။ မဟာမိတ်တို့အနေနဲ့ လေကြောင်းကို အသုံးပြု၍ မဖြစ်နိုင်တာကြောင့် အမေရိကန်ဟာ လီဒိုလမ်းမကြီးကို ဖောက်ဖို့ ထိုအချိန်က ထိုနေရာ၏ နယ်မြေပိုင်ရှင်ဖြစ်နေတဲ့ ဗြိတိသျှကို အကြံပေးခဲ့ပါတယ် ။
မဟာဗျူဟာကျလှတဲ့ လီဒိုလမ်းမကြီးကို ၁၉၄၃ခုနှစ်တွင် အမေရိကန် အင်ဂျင်နီယာများက ဦးဆောင်ပြီး အိန္ဒိယ နီပေါ သီရိလင်္ကာ နာဂ ကချင် ရှမ်းနှင့်
တရုတ်လုပ်သားပေါင်း ၆၃၀၀၀ဖြင့် ၂နှစ်ကြာအောင် ဖောက်လုပ်ခဲ့ရာမှာ အမေရိကန်ဒေါ်လာ၁၄၈သန်းခန့် ကုန်ကျခဲ့ပါတယ် ။ အိန္ဒိယနိုင်ငံနယ်စပ်အနီး လီဒိုမှာ ကာလကတ္တားမှ လာသော ရထားလမ်းဆုံးရာမြို့နှင့် နီးကပ်သဖြင့် ထိုမြို့အနီးမှ လမ်းကြောင်းစတင်လိုက်တဲ့ လီဒိုလမ်းမကြီးဟာ ဟူးကောင်းတောင်ကြား ပန်ဆောင်တောင်ကြားများကိုဖြတ်ရပြီး ငှက်ဖျားရောဂါ သားရဲတိရိစ္ဆာန်များ နွံအိုင်ကြီးများနှင့် ရင်ဆိုင်ရကာ တစ်ဖက်ကလည်း စစ်တိုက်ရင်းဖြင့် တစ်နေ့တွင် တစ်မိုင်မျှ ပြီးစီးအောင်မနည်းကြိုးစား တည်ဆောက်ခဲ့ရပါတယ် ။ လီဒိုလမ်းမကြီးကို အမေရိကန်စစ်သား ၁၁၀၀နှင့် ဒေသခံလူမျိုးထောင်ပေါင်းများစွာသေဆုံးခဲ့သည်အထိ အသက်သွေးချွေး ရင်းနှီးကာ တောတောင်ထူထပ်၍ မတ်စောက်လှသော ကမ်းပါးများအကြား တည်ဆောက်ခဲ့ရသဖြင့် သမိုင်းဝင် သမိုင်းတွင် ထင်ရှားခဲ့ခြင်းဖြစ်ပါသည် ။
လီဒိုလမ်းမကြီး၏ မက်စောက်မှုအရှိဆုံး ကုန်းအတက်လမ်းမှာ ကချင်ပြည်နယ် ရှင်ဘွေယန်မှ ၁၈မိုင်စခန်းအထိ ဖြစ်သဖြင့် စစ်လက်နက်နှင့် ရိက္ခာတင်ကားများ အခက်ခဲဆုံး သွားလာရသော လမ်းဖြစ်သည် ။
လမ်းအူကြောင်းကို ဝေဟင်မှ ရှာတွေ့နိုင်ရန် လေယာဉ်များပေါ်မှ လောင်စာဆီများ ဖြန်းချကာ မီးရှို့ပြီး ၁၀၇၉မိုင်ရှည်လျားသည့် ထောက်ပံ့ရေး လမ်းကြောင်းကို တည်ဆောက်ခဲ့ပါတယ် ။
ဗိုလ်ချုပ်ကြီး စတီးဝဲလ်က ဦးဆောင်ပြီး ဖောက်လုပ်ခဲ့သောလမ်းဖြစ်၍ စတီးဝဲလ်လမ်းဟုလည်း ဂုဏ်ပြုခေါ်ဝေါ်သလို အမေရိကန် အင်ဂျင်နီယာတပ်သားများအတွက် အခက်ခဲဆုံးတာဝန်တစ်ရပ်ဖြစ်ခဲ့ပြီး ၎င်းတို့က Pick's Pike လို့ခေါ်ကြပါသေးတယ် ။ အိန္ဒိယနှင့် ကချင်နယ်စပ်ကို ကျော်လာတော့ ပန်ဆောင်တောင်ကြားဟာဖြင့် အချို့နေရာများတွင် အမြင့်ပေ ၄၆၀၀အထိရှိပြီး ငှက်ဖျား တုပ်ကွေးနှင့်အူရောင်ငန်းဖျားရောဂါများ ထူထပ်စွာ ကြုံတွေ့ရလို့ Hell Pass လို့တောင် အမည်ရခဲ့ပါသည် ။
လမ်းနှင့် အပြိုင် လေးလက်မပတ်လည်ရှိ ပိုက်ကြီးများကို နှစ်လိုင်းမှ လေးလိုင်းအထိ သွယ်တန်းထားပြီး ထောက်ပံ့ရေး ယာဉ်များအတွက် လောင်စာဆီ ဖြည့်တင်းနိုင်ရန် စီစဉ်ထားခဲ့ပါတယ် ။
လီဒိုလမ်းမကြီးဟာဆိုရင်ဖြင့် မြန်မာနိုင်ငံရှိ ရှင်ဘွေယန် နမ္မတီး မြစ်ကြီးနား ဗန်းမော် နန်းခမ်း မုံးယုမြို့များကို ဖြတ်သွားသည် ။
သို့ရာတွင် လီဒိုလမ်းမကြီး ဖောက်လုပ်ပြီး များမကြာမီအချိန်အတွင်း ဂျပန်တို့လက်နက်ချသဖြင့် ၁၀လခန့်သာ သုံးစွဲခဲ့ရပြီး နောက်ပိုင်းတွင် ဆက်လက်သုံးစွဲခြင်း မရှိတော့ချေ ။
ယခုအချိန်တွင် ထိုလမ်းမကြီးကို တရုတ်နှင့် အိန္ဒိယ နိုင်ငံများက ကုန်သွယ်မှုလမ်းကြောင်းအတွက် အသုံးပြုလိုသဖြင့် ထိုနိုင်ငံ၂ခုက လမ်းပိုင်းများကို ထက်ဝက်ခွဲ၍ ကောင်းမွန်အောင်ပြန်လည် ပြုပြင်နေသည်ဟု သိရပါသည် ။ အကယ်၍သာ မြစ်ကြီးနား နမ့်ခမ်း မူဆယ်လမ်းကြီးဟာ အဆင့်မီကုန်သွယ်ရေး လမ်းကြောင်းအဖြစ် ပြောင်းလဲသွားခဲ့လျှင် ယခုလက်ရှိကြုံတွေ့နေရတဲ့ မန္တလေး မူဆယ်လမ်းကြီး၏ ကမ္ဘာကျော်ယာဉ်ကျောပိတ်ဆို့မှုကို ရှောင်လွဲနိုင်မည်လား စာရေးသူက စိတ်ကူးကြည့်မိပါတယ် ။
အထက်တွင် ဖော်ပြထားသည့် အကြောင်းအရာများကတော့ ဆရာမောင်သာရှေးဟောင်းသုတေသနရေးတဲ့ ကမ္ဘာကျော် မြန်မာ့လမ်းမကြီးများ ဆောင်းပါပါ အချက်အလက်များ ဖြစ်ပါတယ် ။ ဆောင်းပါထဲမှာပါဝင်တဲ့ ဒီလမ်းမကြီးတွေ ဖောက်ရတဲ့ အကြောင်းနှင့် ရည်ရွယ်ချက်ကတော့ စာရေးသူအတွက် စွဲဆောင်မှုအရှိဆုံးပဲ ဖြစ်ပါတယ် ။
ဆရာမောင်သာက မဟာဗျူဟာမြောက်တဲ့ လမ်းမကြီးများဖြစ်တယ်လို့ တင်ပြထားမှုအပေါ် ဒုတိယကမ္ဘာစစ်အတွင်းက အခြေအနေများစွာကို ပြန်ပြောင်းအောက်မေ့ မိပါတယ် ။ ဒုတိယကမ္ဘာစစ်ကြီးဟာ ကမ္ဘာတစ်ဝှမ်းလုံးကို ရိုက်ခတ်ခဲ့ပြီး နိုင်ငံတိုင်းလိုလို စစ်မြေပြင်ဘဝကို ကျရောက်ခဲ့ရတာမို့ မြန်မာနိုင်ငံဟာလည်း ဒုတိယ
ကမ္ဘာစစ်ဒဏ်ကို ကြုံတွေ့ခံစားခဲ့ပါတယ် ။ ပြီးတော့ ဂျပန်တွေ မြန်မာနိုင်ငံကို ဝင်လာရတဲ့ အကြောင်းအရင်းက ၎င်းတို့ရန်သူအား အဖက်ဖက်မှ ထောက်ပံ့ပေးနေတဲ့ မဟာမိတ် စစ်စခန်းကို ဖျက်ဆီးပစ်ပြီး ကူမင်တန်တရုတ်တပ်ကို မြန်မာနိုင်ငံဘက်မှ ဝင်ရောက်တိုက်ခိုက်နိုင်ဖို့ပဲ ဖြစ်တယ် ။ ထိုအချိန်တုန်းက ဂျပန်မြန်မာ
ပူးပေါင်းလက်တွဲမှု အပေါ် ပြန်လည်သုံးသပ်ဖို့ အကြောင်းတွေ အများကြီး ရှိလာပါပြီ ။ ဆက်တွေးရင် မဟုတ်တဲ့ အကြောင်းအရာတွေထိပါ ရောက်သွားတော့မှာမို့ ဒီဆောင်းပါးမှာ ပါဝင်တဲ့ အကြောင်းအရာနောက်တစ်ခုကိုပဲ ဆက်တွေးဖို့ ဆုံးဖြတ်လိုက်ပါတယ် ။
ဒါကတော့ လီဒိုလမ်းမကြီး တည်ဆောက်ဖို့ အကြံပေးခဲ့တယ်ဆိုတဲ့ အမေရိကန်နိုင်ငံရဲ့ အကြောင်းပါ ။
အမေရိကန်နိုင်ငံဟာဆိုရင် ပထမကမ္ဘာစစ်မှာကော ဒုတိယကမ္ဘာစစ်ရဲ့ အစောပိုင်းကာလများတွင်ပါ စစ်မြေပြင်ဘဝ မရောက်ခဲ့ရပါဘူး ။ သမုဒ္ဒရာကြီးများ ခြားပြီး တည်ရှိနေတဲ့ ရေမြေအနေအထားအရ ဥရောပ - အာရှနှင့် အာဖရိကဒေသများတွင် အဓိက ဖြစ်ပွားခဲ့တဲ့ ဒုတိယ ကမ္ဘာစစ်နှင့် ကင်းလွတ်နေခဲ့ပါတယ် ။ စစ်ဖြစ်နေတဲ့ နိုင်ငံများနှင့် မဟာမိတ်ယူကာ လက်နက်ရောင်းချနေတယ်လို့ ယူဆမိပါတယ် ။ သူ့လိုနောက်တစ်နိုင်ငံက ဆိုဗီယက်ယူနီယံ (ယခုရုရှ)နိုင်ငံပါပဲ ။
ပြောချင်တာက တိုက်ပွဲရေချိန်တက်လေ စစ်မြေပြင် ဧရိယာများလေ စစ်ပွဲကြောင့် အကျိုးအများကြီး ခံစားနေရမှာ မလွဲမသွေပါ ။ လက်နက်ထုတ်လုပ်ရေးဆိုတာ အသုံးပြုရမည့် အကြောင်းအရင်း များပြားပါမှ လက်နက်စက်ရုံများ မပြတ်လည်ပတ်နိုင်ပြီး ဖောဖောသီသီ ထုတ်နိုင်မည် မဟုတ်လား ။ ပြီးတော့ စစ်မက်ကင်းလွတ်ပြီး လက်နက်ရောင်းရငွေများဖြင့် နိုင်ငံတော်ကိုလည်း အကောင်းဆုံး တည်ဆောက်နိုင်ပါလိမ့်မယ် ။ ဒီလို စစ်ဒဏ်ကင်းခဲ့ တာကြောင့် ယနေ့အမေရိကန်ကို ယခုလို ဟိုမှာလဲပါ သည်မှာလဲပါ အနေအထားနှင့် တွေ့ရတာပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် ၁၉၄၁ရောက်တော့ ပင်မစစ်လက်နက်ဖြန့်ဖြူးနေတဲ့ အမေရိကန်ကို ဂျပန်က အလစ်ဝင်တိုက်ပြီး စစ်ပွဲထဲပါအောင် ခေါ်သွင်းလိုက်ပါတော့တယ် ။
ဒါ့ကြောင့် ၁၉၄၃တွင် စတင်ဖောက်လုပ်ခဲ့တဲ့ လီဒိုလမ်းမကြီး၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် အမေရိကန်တို့ ပါလာတော့တာပါပဲ ။ ၁၀လပဲ အသုံးပြုခဲ့တာ ဖြစ်တဲ့ လီဒိုလမ်းအတွက် အမေရိကန်ဒေါ်လာ သန်း၁၅၀နီးပါးသုံးစွဲပြီး အချိန်များစွာပေးအပ်ကာ အသက်ပေါင်းများစွာ စတေးပြီး ကျားကုတ်ကျားခဲ တည်ဆောက်ရခြင်း၏ နောက်ကွယ်တွင် စစ်ပွဲတစ်ခုကို ဗျူဟာမြောက် တိုက်ခိုက်အောင်မြင် နိုင်ဖို့ အတွက် အစွမ်းကုန် ရင်းနှီးခဲ့တာကို မြင်နိုင်ခဲ့ပါတယ် ။ တနည်း  ရေရှည် ငွေရလမ်း ဖြစ်လာနိုင်ဖွယ်ရှိသည့် အရာများကို ရင်းနှီးမြှုပ်နှံတာပဲ ဖြစ်တယ် ။
ဒီအကြံမအောင်မြင်လို့သာ လီဒိုလမ်းမကြီးလို့ပဲ ဆက်လက်အမည်တွင်နေတာဖြစ်ပြီး အကြံလည်းအောင် အကျိုးအမြတ်လဲများခဲ့လျှင်တော့ စတီးဝဲလ် လမ်းမကြီးလို့ အမည်တွင်လေမလား အတွေးဇာချဲ့မိပါတယ် ။
ဆရာမောင်သာ ရှေးဟောင်းသုတေသနက မဟာဗျူဟာမြောက်ဟု သုံးစွဲသွားသည့်အပေါ် စာရေးသူ လိုက်ပါခံစားရလျှင်ဖြင့် မဆုံးနိုင်အောင်သာ ရေးချရမည် ဖြစ်ပါ၍ ဆောင်းပါးကို ဒီနေရာတွင်ပဲ နိဂုံးချုပ်ပါ့မယ် ။
ဆရာဦးဝင်းဇော် (မောင်သာ -ရှေးဟောင်းသုတေသန)ရေးသားထားသည့် သမိုင်းဆိုင်ရာဆောင်းပါးကောင်းများစွာကို မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားခဲ့သည်များကို စုစည်း၍ စာအုပ်အဖြစ်ထုတ်ဝေ လိုက်သော အညာသားယဉ်ကျေးမှုနှင့် အခြားဆောင်းပါးများ စာအုပ်သည် မြန်မာ့သမိုင်းကို လမ်းမှန်ကမ်းမှန် တိကျခိုင်မာသော အထောက် အထားတို့ဖြင့် လေ့လာလိုသူများအတွက် မဖြစ်မနေဖတ်သင့်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ် ။ အဆိုပါ ဆောင်းပါးများထဲမှ ကောင်းနိုးရာရာ သမိုင်းကြောင်းများကိုလည်း အလျဉ်းသင့်သလို ပြန်လည်ဝေမျှပေးသွားမှာပါ ။
သျှင်လေညင်း

AddThis