မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....
Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

Friday, 13 May 2016

အညာပုဂံဘုရားဖူး


မြန်မာတွေရဲ့ အတိတ်သမိုင်းအစစ်ကို သိချင်ရင် ပုဂံသွားကြည့် နိုင်ပါတယ်တဲ့ ..
ကိုယ့်အရှင် ကိုယ့်သခင် ကိုယ့်ဘုရင် ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှာန်းနဲ့ နေထိုင်လာနိုင်ခဲ့တဲ့ သက်သေ နန်းတော်ရာကြီးများနှင့် နန်းမြို့ရိုး
ဓနငွေကြေး အင်အားတောင့်တင်းမှုကို အကောင်းဆုံးဖော်ထုတ်တင်ပြနေတဲ့ သက်သေ လက်ညှိုးထိုးကြည့်တိုင်း မလွဲနိုင်လောက်အောင် များပြားခဲ့တဲ့ စေတီပုထိုးများ နှင့်အတူ
စည်ပင်ပြန့်ပွားခဲ့သော ဗုဒ္ဓဘာသာရေးဆိုင်ရာပြယုတ်များ
တစ်ဖြည်းဖြည်း တိုးတက်ထွန်းကားလာတာကို တွေ့နိုင်တဲ့ ဗိသုကာလက်ရာများ သဒ္ဓါတရား ထက်သန်လွန်းစွာခြယ်မှုန်းတင်ပြထားတဲ့ ပန်းချီလက်ရာများ အပြင်အခြားသော အနုပညာ သုခုမ ပန်းဆယ်မျိုးဆိုင်ရာ အနုစိတ်လက်ရာများ အစရှိသဖြင့်ပုဂံဟာ မြန်မာ့သမိုင်းတစ်လျောက်လုံးအတွင်း မာန်ဟုန်မည်မျှ ကြီးမားခဲ့တာကို သိနိုင်ပါတယ်

Thursday, 12 May 2016

ကမ္ဘာကျော်တဲ့ မြန်မာ့လမ်းမကြီးများ

မြန်မာလမ်းBurma road နဲ့ လီဒိုလမ်းမကြီး Ledo road အကြောင်းကို လွန်ခဲ့တဲ့ ၂နှစ်လောက်ကတည်းက အင်တာနက်ပေါ်မှာ ဖတ်ဖူးပြီးသား ဖြစ်ပေမယ့် ဆရာမောင်သာ ရှေးဟောင်းသုတေသနရဲ့ အညာသားယဉ်ကျေးမှုနှင့် အခြားဆောင်းပါးများ စာအုပ်ထဲမှာ ကမ္ဘာကျော် မြန်မာလမ်းမကြီးများဆိုပြီး ထပ်တွေ့ရတော့ အရင်ဖတ်ဖူးတုန်းကနဲ့မတူပဲ တော်တော်လေး ပြည့်ပြည့်စုံစုံ ဖော်ပြထားတာကိုတွေ့ရသဖြင့် ထုံးစံအတိုင်း မနေနိုင်ပဲ စာရေးဖို့ ဖြစ်လာပါပြီ ။
ဆရာဦးဝင်းဇော် (မောင်သာရှေးဟောင်းသုတေသန)မှလဲ ကျမကို စာအုပ်ဖတ်ပြီးတဲ့အခါ feedback ပြန်ပေးဖို့ မှာကြားထားတာကြောင့်လဲ ထိုစာအုပ်ထဲတွင်ပါဝင်သော သမိုင်းဆိုင်ရာ ဆောင်းပါးကောင်းများစွာထဲမှ စိတ်ဝင်အစားဆုံးဖြစ်တဲ့ သည်ဆောင်းပါးလေးကို ရွေးထုတ်ဖြစ်ခဲ့ပါတယ် ။

Friday, 25 March 2016

သင်္ကြန်

သင်္ကြန်ဟူသည် သက္ကဋဘာသာ သင်္ကရန္တိ (Samkaranti) (အဓိပ္ပါယ် -Going from one place to another) မှ ဆင်းသက်လာပြီး ‘ကူးပြောင်းခြင်း’ ဟု အဓိပ္ပါယ်ရပါသည် ။ ထိုမှ သင်္ကရန္တိ-သင်္ကြန္တ -သင်္ကြန် ဟုရွေ့လျောလာ ခြင်းဖြစ်သည် ။ တစ်နည်းအားဖြင့်လည်း သင်္ကြန် = သင်္ကြန္တ = သီသကရ + အန္တ = (သီသ = ဦးခေါင်း + ကရ = ပြုခြင်း + အန္တ = အဆုံး) = သက္ကရာဇ်ဦး ခေါင်း အဆုံးပြုခြင်း ဟုလည်း ဖွင့်ဆိုကြပါသေးသည် ။ အဘယ်အရာ ကူးပြောင်း ၀င်ရောက် သနည်းဆိုလျှင် တနင်္ဂနွေဂြိုဟ်မင်း (နေမင်း) ကူးပြောင်းဝင် ရောက်ခြင်းဖြစ်သည် ။ ကူးပြောင်းဝင် ရောက်သော တနင်္ဂနွေဂြိုဟ်မင်းသည် သင်္ကြန်မင်း(သင်္ကြန္တရာဇာ) ပင် ဖြစ်၏ ။ တနင်္ဂနွေဂြိုဟ်ကို မင်းဟူ၍အဘယ် ကြောင့်ခေါ်သနည်း ။

Tuesday, 1 March 2016

ရက်ထပ်နှစ်အစ ဖေဖော်ဝါရီ ၂၉အားမွေးဖွားခြင်း နှင့် ဂရေဂေါရီယန် ပြက္ခဒိန် (Gregorian Calendar)


ဂရေဂေါရီယန်ပြက္ခဒိန်ကို အနောက်တိုင်းပြက္ခဒိန် သို့မဟုတ် ခရစ်ယန်ပြက္ခဒိန်ဟုလည်း ခေါ်ပါသည်။
ဂျူလီယန်ပြက္ခဒိန်ကို ဥရောပနှင့် အာဖရိကမြောက်ပိုင်းတို့တွင် ၁၅၈၂ ခုနှစ်ထိသုံးစွဲခဲ့ကြသည်။ သို့သော် ဂျူလီယန် ပြက္ခဒိန်၏ အားနည်းချက်မှာ တစ်နှစ်တာကာလကို ၃၆၅.၂၅ ဟု ယူထားသဖြင့် အမှန်ရှိရမည့်ကာလထက် တစ်နှစ်လျှင် ၁၁ မိနစ်ခန့်ပိုနေကာ ရက်ထပ်ခြင်းများ မလိုလားအပ်ဘဲ ပိုနေလေသည်။
            ဤသို့ပြက္ခဒိန်ရက်များ အလွဲလွဲ အမှားမှားဖြစ်နေသည်ကို ပုပ်ရဟန်းမင်းကြီး ဂရေဂေါရီ ၁၃ (Pope Gregory XIII: 7 January 1502 ~ 10 April 1585) ကပြန်လည်ပြင်ဆင်ခဲ့သည်။ ဂရေဂေါရီက ဦးဆောင်လုပ်ကိုင် ပြဌာန်းပေးခဲ့သောကြောင့် ထိုပြက္ခဒိန်ကို ဂရေဂေါရီယန်ပြက္ခဒိန်ဟု ခေါ်ခဲ့ကြ၏။ ထိုပြက္ခဒိန်ကို ကမ္ဘာတစ်ဝှမ်းမှနိုင်ငံများ ယခုထိ လက်ခံသုံးစွဲခဲ့ကြသည်။

Thursday, 7 January 2016

သမိုင်းဆိုင်ရာ ကြားဖူးနားဝ သြဝါဒများ

- သုတေသန ပညာရပ်အသီးသီး အနက် သိနားလည်သူကော သိနားလည် ထားခြင်း မရှိသော သူတို့ပါ ကြားဖူးနားဝ ဗဟုသုတ ကိုယ်စီဖြင့် ဝင်ငြင်းနိုင်သော ဘာသာရပ်ကား “ သမိုင်းပညာ ” ဖြစ်သည် ဆို၏

- ပြည့်စုံ ခိုင်မာသည် ဆိုသော သမိုင်းပညာရှင်ကား မရှိ ။ မည်မျှ အကိုးအကား
အထောက်အထား ခိုင်လုံစွာ တင်ပြနိုင်သည်ဖြစ်စေ မပြီးဆုံး မပြီးပြတ်တတ်သော သမိုင်း၏ သဘောသဘာဝအရ နှောင်းလူတို့ ဘက်မှ ဝေဖန်စရာ ရှိမြဲပါ ။ တိမ်းစောင်းမှု လျော့နည်းလျှင် ဝေဖန်ခံရပုံ နည်းမည် ဖြစ်သော်လည်း တိမ်းစောင်းမှု များလျှင် များများ ဝေဖန်ကြလိမ့်မည်

- လူသားတစ်ဦးသာ ဖြစ်သည့် သမိုင်းပညာရှင်ကား အမှားကင်းမည်မဟုတ် ။ မှားမည် ၊ မှားဖူးခဲ့မည် ၊ မှားလိမ့်ဦးမည်သာ ။ သို့သော် စေတနာ အမှားသာ ဖြစ်သင့်ပေသည် ။

- သမိုင်းကောက်ချက်ဟူသည် မျက်မြင် ဒိဌမြင်တွေ့ရသော အထောက်အထားများကို မူတည်၍ ကွင်းစပ်များကို စပ်ဟပ်ကာ လိုက်လံ ဆက်စပ်ကြည့်ရတာမျိုး ဖြစ်သည် ။ ပညာရှင် စင်စစ် ပီသလိုလျှင်ကား သမိုင်းကွင်းဆက် ပြတ်နေသော နေရာကို “ ဖြစ်ကောင်း၏ ဖြစ်နိုင်ဖွယ် ရှိ၏ ” စသည်ဖြင့် အနုမာနတို့ဖြင့် ယာယီဖြည့်ပေးထားရမည် ။

- အနုမာနဖြင့် ယာယီဖြည့်ထားခြင်းကို ကျော်လွန်၍ ကွင်းဆက်များကို
ဖြည့်ပေးနိုင်သူကား ဆရာတစ်ဆူ ပညာရှင် ဖြစ်ပေမည် ။ သို့သော် ယင်းပညာရှင်၏ စေတနာနှင့် ရည်ရွယ်ချက်ကိုကား စစ်ဆေးဖို့ လိုအပ်သေးသည် ကိုမမေ့ပါနှင့် ။

- အနုမာနအတွက် ဝါ မိမိတင်ပြသော အယူအဆအတွက် အကျိုးရှိသော
အထောက်အထားကိုသာ “ ကွက် ” ယူပြီး မိမိတင်ပြသော အယူအဆ
ပျက်လောက်သည့် အထောက်အထားများကို လျစ်လျူရှုတတ်သော ပညာရှင်ကား မှတ်ကျောက် အတင်မခံနိုင်ပေ ။

- ပညာရှင်ကိုးကွယ်မှုဝါဒ ပညာရှင်နောက်လိုက်မူဝါဒ စသည်ဖြင့် ပုဂ္ဂိုလ်ခင်၍
တရားမင်ခြင်းမျိုး မရှိစေရ ။

Ref; ဦးအောင်သန်း မန္တလေး ။
သမိုင်းဆိုင်ရာ ကြားဖူးနားဝ သြဝါဒများ - ၂

- ကျမ်းတစ်ကျမ်းတွင် ပါရှိသော အယူအဆ တစ်ခုကို မြင်သည်နှင့်
ကိုးကားထိုက်သလော ဆုံးဖြတ်နိုင်စွမ်းသည်ကျမ်းရင်းပေါင်း မြောက်မြားစွာကို
လေ့လာဖူးမှသာ ဆုံးဖြတ်နိုင်စွမ်းရှိမည် ။ လိုချင်သော အထောက်အထား
အဆိုအမိန့်ကို တွေ့လျှင်တွေ့ခြင်း ယူငင်သုံးစွဲခြင်းသည် ပညာရှာ မပီသဟု
ဆေးဒီးစ်က ဆိုခဲ့သည် ။

- အချို့က ရှေ့ရေးစာတမ်းထက် လက်ရှိစာတမ်းက ခိုင်လုံသည်ဟု ထင်ကာ ရှေးက
စာတမ်းမှန်သမျှကို ပစ်ပယ်ဖို့ ကြိုးစားကြသည် ။ မြန်မာနိုင်ငံတွင် နောက်ဆုံး up to date စာတမ်းဟု သတ်မှတ်ကာ ကိုးကားမိသူတစ်ဦး အရှက်ကွဲဖူးသည့် ဥပမာ ရှိခဲ့ဖူးသည် ။ သူကိုးကားမိသည့်ကျမ်းကား လက်ရင်းကျမ်းကို အထောက်အထား မပြုသဖြင့် တိမ်းပါးချွတ်ချော်မှုကြီးမားခဲ့ပြီး လူတကာ၏ လက်ညှိုးအဆုံးတွင် ပညာရှင် ဘဝကို လက်လွှတ်လိုက်ရဖူးသည် ။ ထိုသို့ အဖြစ်မျိုး မကြုံလိုလျှင် သုတေသန ကျမ်းပေါင်းစုံကို တီးခေါက်မိထားပြီး သုတေသန ကျမ်းဆိုင်ရာ ဝေဖန်ချက်များကို ဖတ်ထားပြီးဖြစ်ရမည် ။

- အဆိုဟောင်းဆိုတိုင်း ခိုင်လုံသည်ဟုလည်း မထင်မှတ်မိရန်မှာ ကိုယ်လိုက်စားရာ ပညာရပ်နှင့် ဆက်စပ်ပတ်သတ်သမျှ စာအုပ်တိုင်းကို ဖတ်ပြီး နားလည်ပြီး ဆုံးဖြတ်ပြီးသား ဖြစ်နေရမည် ။

- အချက်အလက်ကွဲ ဝိဝါဒကွဲ လွဲမှားနေသည်ဟု ထောက်ပြလာသူများမှာ မိမိပညာနှင့် တစ်ပြေးညီ လိုက်စားပြီးသူများသာ ဖြစ်ကြ၍ မိမိ မသင်ယူရသေးသည်များကို လာရောက်သင်ကြားပေးနေသူ ဖြစ်သည်ဟု သတ်မှတ်ကာ ကျေးဇူးပင် တင်ထိုက်သည်ကို မမေ့ပါနှင့် ။

- မိမိ၏ လွဲမှားနေသော အထောက်အထား အယူအဆ အချက်အလက်များကို ဝန်ခံပါ ။ ထိုချို့ယွင်းချက်များကို ဖုံးကွယ်ရန် ဆင်ခြေများ ၊ မတရားသက်သေ
အထောက်အထားများကို လိုက်ရှာရင်း အလိမ်နွံထဲ ထပ်အနစ်မခံပါနှင့် ။

- အထောက်အထားပုံကြီးပေါ်၌ တက်ထိုင်ပြီး မရဲမဝံ့ ဆုံးဖြတ်တတ်သူ ၊
အမှတ်အသား အတိအကျကို မြင်ပါလျက် မယုတ်မလွန် ပြောတတ်သူ ဖြစ်ပြန်ရင်လည်း မကောင်းပါ ။

- အချက်အလက် တစ်ခုတည်းကို မှီတွယ်ကာ ယုတ္တိပေါင်းများစွာ
အနုမာနပေါင်းများစွာ ဖန်တီးရင်း ချောင်ပိတ်သွားနိုင်ပါသည် ။

- တင်ပြသည့် စာတမ်းတစ်ခုကိုလည်း အထောက်အထားမဲ့စွာ ဝေဖန်ခြင်း မပြုရ ။

- တက္ကသိုလ် ပညာရပ် အသီးသီးသည် အချင်းချင်းမှီခိုလျက် ပညာရပ်
သဘောသဘာဝခြင်း ဆက်စပ်လျက်ရှိတတ်သည် ။ ထို့ကြောင့် အထူးပြု ဘာသာရပ် မတူလျှင် ဝင်ရောက် ဝေဖန်ခြင်း မပြုရ ဟူသည့် အစွဲကို မထားသင့် ။

- သုတေသန ကိစ္စတွင် အမျိုးသားယဉ်ကျေးမှုကို ဇောင်းပေး ၍ ဖော်ထုတ်ခြင်းမှာ မသင့်လျော်ပါ ။

- ပညာရှင်လောကတွင် ပုဂ္ဂိုလ်ရေး အစွဲကင်းအောင်ထားသင့်ပြီး လူထက် မူကိုသာ ဦးစားပေး ကြည့်ရှုသင့်သည် ။

- စာအုပ်တစ်အုပ်ထဲမှ အကြောင်းအရာများကို သည်ဤမရွေး ကိုးကားဖော်ပြသည် ။ သို့သော် အဆိုပါ စာအုပ်ကိုကား ကျမ်းရင်းအကိုးမပြုပဲ ထိုစာအုပ် ကိုးကားရာ ကျမ်းရင်းမှန်သမျှကို ဖော်ပြကာ ကော်ပီကူး ထားသော်လည်း ၎င်းမူလကိုးကားရာ စာအုပ်ကို အစဖျောက်ထားသော် “ ခေါင်းပုံဖြတ် သုခမိန် ” မည်၏ ။

- ကျမ်းကိုးစာရင်း( အောက်ခြေမှတ်စု ၊ ကျောဘက်မှတ်စု ၊ ကျမ်းကိုးစာရင်း )ဟူသည် ပထမမှာ ကိုးကားရာကျမ်းကို အခိုင်အမာ ရည်ညွှန်ြး ခင်းဖြစ်သည် ။ ဒုတိယမှာ ဖော်ပြလိုသော အချက်ကို အရင်က အတည်ပြုသူ ရှိပြီးဖြစ်ကြောင်း အသိပေးခြင်းပါ ။ ကိုးကားရာ ကျမ်းပြုပုဂ္ဂိုလ် ၊ ကျမ်းအမည် ၊ စာမျက်နှာအတိအကျ ဖော်ပြသင့်သည် ။

- သဲလွန်စ ဦးစွာ တင်ပြထားသော ပညာရှင်အား လျစ်လျူမရှုသင့် ။ ရေးသားရာ အကြောင်းနှင့် ဆက်စပ် ပတ်သတ်သမျှ မိမိထက်အလျင် ဖော်ပြဖူးသူတိုင်းကို ကျမ်းကိုးအဖြင့် သတ်မှတ်သင့်သည် ။

- အောက်ခြေမှတ်စုများပြားခြင်း၊ ကျမ်းကိုး များပြားခြင်း မှာ သုတေသနလုပ်ငန်း၏ တန်ဖိုးမဟုတ် ဖော်ပြထားသည့် အနှစ်သာရသာ တန်ဖိုးအစစ်ဖြစ်သည် ။

- မှတ်စု ကျမ်းကိုးမပါပဲ ပညာရပ်တစ်ခုကို ဖော်ထုတ် တင်ပြဖို့ မဖြစ်နိုင်ပေ ။

Ref; ဦးငြိမ်းကျော်

- လူသိ သူသိ ဟောပြောပုံနှိပ် ထုတ်ဝေပြီးသမျှကို ပေါင်းစပ်ထားသော ( စပ်ထမီ ) မဖြစ်စေရ

- ကြားဖူးသမျှ ၊ သိဖူးသမျှ ၊ ဖတ်ဖူးသမျှတွေ စုပေါင်းတဲ့အခါမှာလည်း အမြင်သစ်နှင့် စစ်ဆေးပြီး အရင်ကောက်ချက်တွေကို ပြင်နိုင် ဖြည့်နိုင်ရမယ်

သူတကာ မကြားဖူးသေးတာ မသိဖူးသေးတာ မတတ်ဖူးသေးတာကို ကြိုးစားရှာပြီး ရသမျှ အချက်တွေကို အကြောင်းအကျိုး ဆက်ပေးရမယ် ၊ စစ်ဆေးရမယ် ၊ အဆိုးအကောင်း အဖြေဖော်ထုတ်ပေးရမယ်

သုတ = အကြားအမြင် + ဧသနာ = ရှာမှီးခြင်း
ရှေးကရှိပြီး တိမ်မြှုပ်နေလို့ ပြန်ရှာရတယ် လို့အနီးစပ်ဆုံး ဘာသာပြန်နိုင်ပါတယ်

- အကြောင်းချင်းရာ တစ်ခုကို သုတေသနပြုတဲ့အခါမှာ အင်မတန် စေ့စပ်သေချာရတယ်

- စေ့စပ်သေချာချင်ရင် စူးစမ်းရှာဖွေတဲ့ နယ်ကို ကျဉ်းရမယ် ၊ စူးစမ်းရှာဖွေချင်တဲ့ ကာလကိုလည်း တိုတိုပဲ သတ်မှတ်ရမယ်

- ကိုယ်တင်ပြလိုတဲ့ အချက်တိုင်း အကိုးအကား အထောက်အထား ခိုင်လုံရမယ်

- ပိုပိုသာသာချဲ့ထွင်ရေးမိရင် အတွေးနယ်ချဲ့လွန်းတယ်လို့ ကဲ့ရဲ့ခံရမယ်

- အကြောင်းအကျိုး ဆက်စပ်ပြီး ဖြစ်နိုင်တာကို ပြောခွင့်ရှိပါတယ် ဒါပေမယ့် အင်မတန် ချိန်ဆပြီးမှ ပြောသင့်ပါတယ်

- ဘက်လိုက်မရေးပါနှင့် အကြိုက်တူရင် မြှောက်ပင့်တာ ချီးမွမ်းလွန်းတာ ကာကွယ်တာတွေ ရှောင်ပါ ။ ထို့အတူ အကြိုက်မတူလို့ တစ်ဖက်သတ် ချိုးနှိမ်မရေးပါနှင့်

- အကြောင်းတူတူ ကို ထပ်တူဖော်ပြတာခြင်းမျိုး ရှောင်ရှားပါ ။

- ရှာလို့ရသမျှကို လိုရာသုံးနိုင်ဖို့ အမြန်ဖြန့်ပါ

- စာတမ်းကို ပညာရှင် အဖွဲ့အစည်း တစ်ခုခုမှာ သွားဖတ်ပါ ၊ ပညာရှင် ဂျာနယ် စာစောင်များမှာ ထည့်သွင်းဖို့ ကြိုးစားပါ ၊ စာအုပ်ထုတ်ပါ ၊ တပါးသူ ဖတ်သမျှ စာတမ်းပွဲကို ရောက်အောင်သွားဖို့ လိုအပ်ပါတယ် ၊ စာတမ်းစာစောင်များကို မပြတ်လေ့လာပါ ။

- လေ့လာမှု နယ်ပယ်မှ အပဖြစ်သော အကြောင်းအရာများကိုလည်း လိုအပ်တိုင်း အသုံးပြုနိုင်ဖို့ မှတ်တမ်းတင်ထားပါ

- လေ့လာမှု နယ်ပယ်နှင့် ပတ်သတ်ပြီး ယခင်ကတည်းက အကျွမ်းဝင်ပြီးသားဖြစ်ရမည့် အပြင် လမ်းညွှန်နိုင်သော ပုဂ္ဂိုလ်များကိုလည်း အားကိုးသင့်ပါတယ်

- ဝါသနာနှင့် ကိုက်ညီသော အပိုင်းကဏ္ဍကိုသာ တစ်စိုက်မတ်မတ် စာတမ်းရေးသားပါ

- အထောက်အထားများကို လက်လှမ်းမမီတာမျိုး ထိုအထောက်အထားများထံ အရောက်မသွားနိုင်တာမျိုး ဆိုလျှင် ထိုကျမ်းကို ရေးဖို့ စိတ်တောင် မကူးသင့်ပါ

- မှတ်တမ်းဖတ်ရုံနဲ့ မပြီးတဲ့ အကြောင်းအရာများကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာ ဖော်ထုတ်ခြင်း မရှိပဲ မတင်ပြသင့်ပါ

- မူလအထောက်အထားဖြစ်သည်မှန်သော်လည်း ကျမ်းပြုစုရလောက်အောင် များပြားရဲ့လား သတိချက်သင့်တယ်

- တစ်ဆင့်ခံ အထောက်အထားများနှင့်တော့ ကျမ်းရေးဖို့ တက်မလာကြပါနှင့်

Ref ; ဒေါက်တာသန်းထွန်း

သျှင်​​လေညင်း

Saturday, 15 March 2014

ဝေါဟာရမာသ (ခ) မြန်မာလများ ။


လူတို့သုံးနှုံးနေသော လ သို့မဟုတ် ပြက္ခဒိန်၌ ဖော်ပြထားသော လ ကို ဝေါဟာရမာသ ဟု ခေါ်၏ ။ ဝေါဟာရမာသ များမှာ တန်ခူးလ အစ တပေါင်းလ အဆုံးဖြစ်ပါသည် ။ ဝေါဟာရ နှစ်တစ်နှစ်သည် တန်ခူး လဆန်း ၁ ရက်နေ့တွင် စတင်ပြီး တပေါင်းလကွယ်နေ့တွင် ဆုံးသည် ။ သို့သော်လည်း ဤလများမှာ လက်တွေ့ပြက္ခဒိန်ထဲ၌ ဖော်ပြထား သည့်လနှင့် အနည်းငယ် ကွာသည် ။ အဘယ်ကဲ့သို့ကွာသနည်းဟူမူ ပြက္ခဒိန်ထဲမှ မြန်မာနှစ်တစ်နှစ်၏ အစသည် တန်ခူးလဆန်းတစ်ရက်နေ့မဟုတ် ။ သက္ကရာဇ်နှစ်တစ်နှစ်သည် နှစ်ဆန်းတစ်ရက်နေ့ (သင်္ကြန်အတက်နေ့၏ နောက်တစ်ရက်) တွင် စသည် ။ နောက်လာမည့် သင်္ကြန်အတက်နေ့သည် ထိုနှစ်၏ နောက်ဆုံးရက်ဖြစ်၏ ။

Thursday, 25 July 2013

ဆိုင်ဆရာကြီး ဦးဟန်ပ

မန္တလေးမြို့တွင်သာမက မြန်မာတစ်နိုင်ငံလုံး ကျော်ကြားထင်ရှားတဲ့ ရွာစား ကြီး စိန်ဗေဒါ ကွယ်လွန် တဲ့နောက်“ဦးဟန်ပ”ဟာ အကြီးကျယ်ဆုံး မြန်မာ့ ဂီတ ပညာရှင်ကြီးပါ ။ ဒီလောက် ပုဂ္ဂိုလ်ကြီးက နတ်ကနား တီးတဲ့ဆီ ပညာ သွားယူ ရတယ်ဆိုတော့ ကျနော့် စိတ်ထဲ တမျိုးကြီး ။နတ်ကနား တီးတာက မန္တလေး နတ်ကနား လောကမှာ (နတ်ကနားစိန်ဗေဒါ) ရယ်လို့ ထင်ရှားတဲ့
“ဦးဘဒင်”ပါ ။ “ဦးဘဒင်”ဟာနတ်ကနားကို အလွန်ခေတ်မှီအောင် တီးတဲ့သူ ပါ ။ “ဗလာဆိုင်း” သမား တွေက နတ်ကနား တီးတဲ့သူတွေ ကို သိပ်အထင် မကြီးကြ ဘူး ။ နတ်ကနား တီးတဲ့ သူတွေက လည်း “မင်းတို့ ငါတို့လို့ တီး တတ် ရဲ့လား”လို့ ပြန်မေးတာ တွေရှိတယ် ။ အမှန်ဝန်ခံ ရရင်တော့ သူတို့ တီးသလို မတီးတတ်တာ အမှန်ပါ ။

Saturday, 13 July 2013

C - 14 ခေါ်အက်တန်အနုမြူ နှင့် အတိတ်ကို ရက်စွဲတပ်ခြင်း ။

ကမ္ဘာ့ အပြင်ဘက် ကျယ်ဝန်းလှသည့် ဟင်းလင်းပြင်ထဲမှ ဖြတ် သန်းလာသော ကော့ စ်မစ်ရောင်ခြည်တို့သည် ကမ္ဘာ့ လေထုအ တွင်း ရှိ နိုက်ထရိုဂျင် အနုမြူများနှင့် ကမ္ဘာမြေကြီး၏ အထက် ငါး မိုင်အကွာ တွင်လာရောက် တိုက်မိရာမှ ကာဗွန်-၁၄ ဖြစ်လာ မည့် ရေဒီယို သတ္တိကြွ အနုမြူများ ဖြစ် လာသည် ။ ၎င်းတို့သည် အောက်ဆီဂျင် နှင့်ပူးပေါင်း၍ ကာဗွန်ဒိုင်အောက်ဆိုက်ဒ် များအ ဖြစ် မြေပြင်ပေါ်သို့ ဆင်းသက် လာလေ သည် ။ ကာဗွန်ဒိုင် အောက်ဆိုက်ဒ် ကိုသစ်ပင် ပန်းမာန်တို့မှ အစာချက်လုပ် ရန် လို အပ်သဖြင့် စုပ်ယူ ကြရာ ထိုဒြပ်ပေါင်းသည် သစ်ပင်တို့ကို စား သုံးသော သတ္တဝါ များ၏ ကိုယ်တွင်းသို့ ရောက်ရှိသွား တော့ သည်။ မှတ်သားရန်မှာ သက်ရှိအရာ ဝတ္ထုတိုင်းသည် ကာဗွန် - ၁၄ ကိုစုတ်ယူ ကြခြင်း ဖြစ်သည် ။ သွင်းယူပြီးသည့် ပမာဏ တစ်ခုတွင် ထိုထက်ပိုသွင်းယူခြင်း မရှိတော့ပဲ ရပ်တံ့သွားသည် ။သက်ရှိတို့ သေဆုံးသွား သော အခါ ကာဗွန်-၁၄ ကိုစုပ်ယူ ခြင်း ရပ်ဆိုင်း သွားသည် ။ ထိုအခါ ဝတ္ထု အတွင်းတွင် ရှိသော ကာဗွန်- ၁၄ သည်စတင် ပြိုကွဲတော့ သည်။ သိပ္ပံပညာ ရှင်တို့သည် အရာ ဝတ္ထု တစ်ခု အတွင်းရှိ ကာ ဗွန် -၁၄ မည်မျှ ပြိုကွဲ၍ မည်မျှ ကြွင်း ကျန်သည်ကို တိုင်းတာနိုင် သည် ။ ရေဒီယို သတ္တိကြွ အနုမြူ ဖြစ် သည့် ကာဗွန်-၁၄ ကို ၁၉၄၃ ခုနှစ်တွင် သပ်သပ်ခွဲထုတ် တွေ့ ရှိ ခဲ့လေသည် ။ အတိတ် ကို လေ့လာရန် ၊ ပစ္စုပန်ကို နားလည်ရန် နှင့် အနာဂါတ်ကို စူးစမ်း ကြည့်နိုင်ရန် အတွက် အရေးပါသော ဒြပ်ပေါင်း တစ်ခု ဖြစ်လာ ခဲ့ သည် ။ သဘာဝ ဒြပ်စင် ကာဗွန်၏ ရေဒီယို သတ္တိကြွ အိုင်ဆို တုပ် တခုဖြစ်သည့် ကာဗွန်-၁၄ သည် ရှေးဟောင်းပစ္စည်း များကို ရက်စွဲတပ်ရန် အတွက် သပ္ပံပညာရှင် များ ၏ အရေးကြီးသော နည်းလမ်းဖြစ် ပေတော့သည် ။ မည်သို့ အသုံးဝင်သည်ကို ရှင်းပါ ဦးမည် ။

AddThis