မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Friday, 28 June 2013

သင့်လူ ၏ ဖေ့ဘွတ်နုတ်စ် ထဲမှ ကျောက်စာထဲက ပုဂံ


သင့်လူ ၏ ဖေ့ဘွတ်နုတ်စ် ထဲမှ ကျောက်စာထဲက ပုဂံ အပိုင်း (၁) မှ အပိုင်း (၄) အထိ ကူးယူဖော် ပြပါသည် ။ရှေးသုတေသန ၏အသက် ဖြစ်သော ခိုင် မာသောကျောက်စာ အထောက်အထား များနှင့် ဆောင်းပါးရှင်၏ အာဘော် ကို ပါးနပ်စွာ ထည့်သွင်း ရေးသားထားသည် မို့  လေးလံ ခြင်းမ ရှိသော သ မိုင်းစာ ဟုထင်မြင်မိပါတယ် ။ ဝါသနာ တူ ညီအစ်ကို မောင် နှမ များ လေ့လာ မှတ်သား နိုင်စေရန် ကူးယူဖော်ပြပေးလိုက်ပါသည် ။ဆောင်းပါးသည် ပြီးဟန် မတူသေးပါ ။ အနုရုဒ္ဓ ၊ ထိလိုင်မင် ၊ စည်သူ စသော ပုဂံခေတ်၏ လျှမ်းလျှမ်း တောက် အောင်မြင် ထင်ရှားခဲ့ သော မင်းသုံးပါး အကြောင်း နှင့်တကွ ထိုမင်း တို့ လက်ထက် မှ စီးပွားရေး ၊နိုင်ငံရေး ၊လူမှုရေး ၊ယဉ်ကျေးမှု အထွေထွေ ကို ဤမျှ ပြည့်စုံ အောက်စုစည်းဖော်ပြထား သည်ကို သမိုင်း သက်သေတည်မျှ လွယ်လင့်တကူ ဖတ်ဖူးခြင်း အလျင်းမရှိပါ။ ပြည့်စုံနေပါ၍ ဖတ်နိုင်ရန် စုစည်းတင်ပြထားပါသည် ။

ဤ ဆောင်းပါး အတွက် ကို သင့်လူ အား သမိုင်းသက်သေတည်မှ အထူး ကျေးဇူး တင်ရှိပါကြောင်း ။
မှတ်ချက် ။ ။ ဖြတ်တောက်ပြင်ဆင် ထားခြင်းမရှိပါ။


https://www.facebook.com/thintlu/notes

ကျောက်စာထဲ မှပုဂံ ။

သိတော် မူကြ တဲ့ အတိုင်း ပုဂံ ခေတ် ဆိုတာ တုတ်ထမ်း ပြော ရလောက်အောင် တစ်ကြောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ် ဆန်းခဲ့ ကြတာ နှစ်ပရိစ္စေတ ကြာခဲ့ ပါပြီ။ ဒါကြောင့် ကုလား လိုခန့်ညားအောင် အရိမဒ္ဒ နပုရ၊ မြန်မာ လို ရန်မျိုး နှိမ် မြို့ တော်၊ မွန်လို ပေါကာမ်၊ ပုကာမ်၊ ဗုကာမ်၊ ထွန့်ထွန့်လူး အောင်ပူတဲ့ အရပ် လို့ဆိုတဲ့ တတ္တဒေသ၊ သျှင်ဒီသာ ပြာမုက် ရဲ့ အလို အရ ကြေးနိုင်ငံ လို့ ဆိုတဲ့ တမ္ဗ ဒီပ၊ နာမည် တွေတလှေ ကြီးနဲ့ ပုဂံ အကြောင်း တိတိ ကျကျ သိဖို့ ကတော့ ကျောက်စာ ကို အားကိုး ဖို့မှ တပါး အခြား မရှိ။
ကျောက်စာ အထောက် အထား နှင့် ဇာတာ တော်ပုံ ရာဇ၀င် အရ ပုဂံမင်းဆက်
စဉ်
အမည်
မှ (AD)
ထိ (AD)

အနိ ရုဒ္ဓ
1044
1077

ဝဇြာ ဘရဏ
1077
1084

ထိလိုင်မင်
1084
1113

စည်သူ ၁
1113
1163

ဣမ်တ၀်သျှင်
1163
1165
မင်းမဲ့ ကာလ (၉) နှစ်

စည်သူ ၂
1174
1211

နာတောင်မျာ
1211
1231

နရ သိင်္ဃ ဥစ္စနာ
1231
1235

က္လစွာ
1235
1249
၁၀
စည်သူ ၃ (ဥစ္စနာ)
1249
1256
၁၁
မင်ယန်
1256
1256
၁၂
စည်သူ ၄ (တရုတ်ပ္လိယ်)
1256
1287
၁၃
ရှုယ်နန်သျှင်
1288
1287
၁၄
မင်လုလင် (စောနှစ်)
1297
1334

ဒီ ကန္တရ တစ်ပိုင်း ဆူးပင် ရိုင်းတွေ ပေါက်တဲ့ မိုးခေါင် ရေရှား ရပ်ဝန်း မှာ တစ်ခေတ် တစ်ခါ က ကျွန်တော် တို့ရဲ့  ဘိုး၊ ဘေး၊ ဘီ၊ ဘင် တွေ ဘာလုပ်ခဲ့ ကြသလဲ။ ဘယ်လို ရောက် လာသလဲ၊ ဘာ လုပ်စား ကြလဲ။ ဘယ်လို နေကြ သလဲ။ စတဲ့ မေးခွန်းတွေ ကိုပြေလည် အောင်ဖြေဆို ဖို့ မဖြစ်နိုင် သလောက် ကို အထောက် အထားတွေ ပျောက်ခဲ့ ပါပြီ။ ရေ အောက်မြုပ် သွားတဲ့ အတ္တ လန်တာ ရာဇ၀င် လိုပဲ စမ်းတ၀ါးဝါး လျှောက်ပြော ရင်တော့ ရပါ့။ ပြောဖို့ ကိုးကား စရာ ရာဇ၀င် ကျမ်း တွေလည်း အပြည့်။ သို့သော် ဘယ်လောက် ခိုင်မာ သလဲ။ ဘာ့ကြောင့် ဒီလိုရေး သလဲ။ ဘာ သက်သေ ပြမလဲ။ ဘယ်လို ပေတံ နဲ့ တိုင်းမှာလဲ၊ သုတေ သနစံ ကနတ္ထိ၊ ဒါကြောင့် လည်းပဲ သမိုင်း ပညာရှင် ကြီး များရဲ့  ပုဂံ က ကျောက်စာ အထောက် အထား အရ ဟိုတစ်စ၊ ဒီတစ်စ မီးကျိုး၊ မောင်းပျက် ပုဂံ ဖြစ်နေ ရရှာ ပါတယ်။ သို့သော် ကွက်လပ် ကလေး မကောင်းတတ် လို့ ဖြည့်လိုက် ဦးမယ်။ ဒီနှာခေါင်း လေးက မလှလို့ မိတ်ကပ် ဖို့လိုက်မယ်။ ဒီသွား လေးက ကွမ်းချိုး ချွတ်ပြီး စိန်စီ လိုက်မယ်။ မလုပ် အပ်ပါ။ အရှိ ကို အရှိ အတိုင်းသာ လေ့လာ တာကောင်းပါသဗျား။ မင်း တစ်ပါး ချင်းစီ ရဲ့  biography နဲ့ contemporary historical facts များကို ဆက်လက် တင်ပြ ပါ့မယ်။


အနိရုဒ္ဓ (၁၀၄၄-၁၀၇၇ အေဒီ)

ပုဂံ ကို ခရစ် သက္ကရာဇ် ၈၄၅ ကနေ ၈၅၀ အတွင်း မှာတည်တယ်။ ဒီ အယူအဆ ကိုပြင်ဆင် ရလောက်တဲ့ အထောက် အထား တစ်စုံ တစ်ရာ မတွေ့ ရသေးပါ။ မြန်မာ တို့ရဲ့  မူလဒေသ ခရိုန် နဲ့ တိုးချဲ့ ဒေသ တိုက် များအတွက် ဗဟိုချက်မ ဒေသ ဖြစ်လို့ အုပ်ချုပ်ရေး ဌာနချုပ် အဖြစ် ပြုလုပ် ခဲ့ပုံ ပါပဲ။ ခရစ်နှစ် (၁၁) ရာစု မှာတော့ အင်အား ကောင်းလာတဲ့ မြန်မာ တို့ဟာ ခရိုန် နဲ့ တိုက် မှကျော်ပြီး အခြားဒေသ များကို သိမ်းသွင်း (တိုက်ခိုက်) ပြီး ပုဂံ အုပ်ချုပ်ရေး ကိုဗဟို ပြုကာ နိုင်ငံ ဖြစ်အောင် အောင်မြင်စွာ ကြံဆောင် ခဲ့နိုင်တယ်။ ပထမ ဦးဆုံး ထင်ရှားတဲ့ မင်းက အနိ ရုဒ္ဓ ပေါ့။ အနော် ရထာ မင်းတရားကြီး လို့ ထင်ရှား တဲ့မင်းပါ။ ပုဂံ မှာအုပ်ချုပ် နေတဲ့ မင်း ဘ၀ ကနေ ပထမ မြန်မာ နိုင်ငံ ရဲ့  မင်းကြီး အဖြစ် လျှမ်းလျှမ်းတောက် ခဲ့သူပေါ့။ သူ့ အကြောင်း ဘာကျောက်စာ မှ မကျန်ရစ် ခဲ့ပါ။ ဒါကြောင့်လည်း ရှိရင်းစွဲ ထက်ပိုတဲ့ ပါးစပ် ရာဇ၀င် တွေ အများကြီး ကျန်ရစ်ခဲ့တယ်။
အနိ ရုဒ္ဓ အကြောင်း ကိုသူကိုယ်တိုင် သူ့လက် နဲ့ လုပ်သွား ခဲ့တယ် လို့ယုံကြည် ရလောက်တဲ့ မြေပုံ ဘုရား တွေက တစ်ဆင့် ပဲတတ်နိုင် သလောက် ရှာကြည့် ကြတယ်။ တွေ့တဲ့ အချက်များ ကလည်း များများ စားစား တော့ မရှိပါ။ သိခဲ့ ကြ သလောက်ကို ပြောရရင်-
မြေပုံ ဘုရား အားလုံးရဲ့  ကျောဘက် မှာ သူကိုယ်တိုင် ရေးတယ် လို့ ယူဆ ရတဲ့ ဆုတောင်းပါတယ်။
ဧသော ဘဂ၀ါ- ဤဘုရား ကို
မဟာ ရာဇာ သီရိ အနိ ရုဒ္ဓ ဒေဝေန- သီရိ အနိ ရုဒ္ဓ မင်းကြီးသည်
ဝိမုတ္တတ္ထံ- သံသရာ မှလွတ်မြောက် ရန် အလို့ဌာ
သဟတ္ထေ နေ၀- မိမိ လက်ဖြင့် သာလျှင်
ကတော- ပြုလုပ် တော်မူအပ်၏
ဣတိ- ဤသို့ မှတ်အပ်၏ -လို့ ဆိုသကိုး မြေပုံ ဘုရား တွေက အနိ ရုဒ္ဓ နဲ့ သက်ဆိုင်တဲ့ အမည် အချို့  ကိုတွေ့ ရတယ်။
မင်း အမည်- အနိ ရုဒ္ဓ
မိဖုရား အမည်- စိပေ
မင်းသမီး တစ်ပါး အမည်- သာလိနိ
ဆရာ တော် နှစ်ပါး အမည်- ဒိဝါ စရိယေန နဲ့ သုဒ္ဓမာဟ်
သံပျင် ငါးဦး အမည်- စန္ဒူမာဟ်၊ ဗညာနော၊ တြာယာ၊ ယဿ နဲ့ ၀ိသန္နရာစ်
ကလန် တစ်ဦး အမည်- ငဂေါင်----
သံပျင် က ကလန် ထက် ရာထူး ကြီး တယ်၊ နောင်မှာ သံပျင် ကို အမတ် လို့ ခေါ်ဝေါ်တယ်။ ၀န်ကြီး လို့ခေါ်တာတော့ တစ်ခါမှ မတွေ့ ပါ။
မြေပုံ ဘုရား တွေကို နေရာ အနှံ့ တွေ့ရတော့ မြေပုံ ဘုရား တွေ့ရတဲ့ ဒေသ တွေကို ပဲပုဂံ နိုင်ငံတော် အကျယ် အ၀န်း အဖြစ်ယူရင်-
မြောက်ဖက် မှာ ဗန်းမော် အနောက်ဖက်ကမ်း က ငဆောင်ချမ်၊ (ရွှေလီ မြစ်ပေါ်မှ ငအို အနီး နွားတလည် ရွာဆိုး)
တောင်ဖက် မှာ တလိုင် သရေ (တွံတေး)
အရှေ့ ဖက် မှာ သံလွင်ကနေ မစ္ဆကိရ် (ချင်းတောင်) ထိဖြစ်တယ်။ ရခိုင်မပါ၊ သံလွင် အရှေ့ ပိုင်း မပါ။ ကချင် ပြည်နယ် အထက်ပိုင်း မပါ။
ဒါကြောင့် အနိ ရုဒ္ဓ ကို နယ်ချဲ့ စစ် တိုက်ရင်း ကောင်းမှု ကုသိုလ် ပြုသူ လို့ပြောရ မလားပဲ။ မြေပုံ ဘုရား တွေ့ ရှိတဲ့ ဒေသ များကို လည်း တိုက်ခိုက် အောင်မြင် လို့ နိုင်ငံ တော် အတွင်း သွတ်သွင်း ခဲ့တဲ့ ဒေသ များလို့ မှတ်ယူ ရတယ်။ သလင်ကြေ အရပ် ကိုတိုက် ခိုက်အောင်မြင် တော်မူတယ် လို့ ပြောပြော နေကြတဲ့ သလင်ကြေ ဆိုတာ မလေးကျွန်းဆွယ် က ဆလဲန် အငူ ကိုဆိုလို တာပါ။ အနိ ရုဒ္ဓ အဲဒီ အထိ ရောက် ခဲ့တယ် ဆိုတဲ့ အထောက် အထား မရှိ။
မြေပုံ ဘုရား မှာ ဗုဒ္ဓ ပုံတော် ရော၊ ဗောဓိ သတ္တ (ဘုရားလောင်း) ပုံတော် ရော တွေ့ ရလို့ အနိ ရုဒ္ဓ လက်ထက် မှာ မဟာ ယန နဲ့ ထေရ ၀ါဒ နှစ်မျိုး လုံးကိုးကွယ် တယ်လို့ထင်စရာ ရှိတယ်။ သူ့ ဆုတောင်းမှာ တော့ ဘုရား ဆုမပန် ပဲ နိဗ္ဗာန် ရလိုပါ၏ လို့သာ ပြောခဲ့လို့ ထေရ ၀ါဒ ပိုဆန်တယ် လို့တော့ ပြောနိုင်တယ်။ မဟာ ယန အနွယ် ၀င် တောကျောင်း ဘုန်းကြီး (အရည်းကြီး) တွေက ပန်းဦးလွှတ် လို့ မဟား တရား နှိပ်ကွပ်၊ ဆင်ချေးကျူံး၊ မြင်းချေးကျုံး၊ တာဝန်ပေး ဆိုတဲ့ လူကြိုက်များလှ တဲ့ မကောင်းသူပါယ်၊ ကောင်းသူကယ် ဇာတ်လမ်း ကတော့ လုပ်ဇာတ် ဖြစ်ဖို့ လမ်းများ ပါတယ်။ တောကျောင်း ဘုန်းကြီး ကျတော့ နှိပ်ကွပ် ပြီး (၃၇) မင်းနတ် ကျတော့ တီတွင် ဖန်တီး ခဲ့တယ် ဆိုရင် အနိ ရုဒ္ဓ ရဲ့  အနေ အထားကို စဉ်းစား စရာ ဖြစ်ကုန် လိမ့်မယ်။
၁၀၅၇ အေဒီ မှာ ပဋိကတ် သုံးပုံ (သာသနာ ရေး) ကိစ္စ ကြောင့် သထုံ နဲ့ စစ်ခင်း။ မနုဟာ မင်းကို သုံ့ပန်း လုပ်၊ ပုဂံ မှာကောင်းစွာထား၊ ဘုရားကြီးတည်၊ သူ့မြေး ဟာ နောင်ပုဂံ မင်းဆက် မှာမင်းဖြစ် ဆိုတဲ့ ကလေး ကအစ သိတဲ့၊ ရုပ်ရှင်တွေ တအုံးအုံး ရိုက်ကြတဲ့ ဇာတ်လမ်းနဲ့ ပါတ်သက် လို့ ဘာအထောက် အထား၊ ဘာခေတ်ပြိုင် အမှတ် အသား မှ မရှိ၊ လူဝင်စား က ပြောတာ၊ အိပ်မက် အရ ပြောတာ ဆိုရင် တော့ မတတ်နိုင်ပါ။ ဒီ အကြောင်း ကို အစောဆုံး တွေ့ ရတဲ့ အမှတ် အသား က နောင် နှစ်ပေါင်း ၄၀၀ ကျော်လောက် မှာထိုးတဲ့ ရာမာ ဓိပတိ ရဲ့  ကလျာဏီ ကျောက်စာ ပါ။ အခိုင် အမာ ယူလို့ ရပါ့ မလား။ လွန်ခဲ့ တဲ့ နှစ် ၄၀၀ ကျော်က ကိစ္စ ကို သူကိုယ်တိုင် ပဲ အနိ ရုဒ္ဓ နဲ့ အတူ စစ်ချီ ရာမှာ စစ် သတင်းထောက် အဖြစ် ပါသွား လို့ သိသလိုလို ရေး ထားတာ ကို တထစ်ချ မယူ နိုင်ပါ။ အကယ်၍ ဟုတ်ခဲ့ သည်ဆို ဦးတော့၊ အများ ပြော သလို သာသနာ ရေးသက်သက် ကိစ္စ ကြောင့် အောက်ပြည် အောက်ရွာ ဆင်းပြီး စစ်သွား တိုက်ရ တယ်ဆိုတာ အဲဒီ ခေတ်၊ ခေတ်ပြိုင် မှတ်တမ်း များ အရ ယုံရ ခက်ကြီး ပါ။ အနိ ရုဒ္ဓ ခေတ် မတိုင်ခင် အင်မတန် တန်ခိုး ထွားခဲ့တဲ့ မြန်မာ ပြည်ရောက် မွန် တွေပြည်တွင်း မညီ မညွတ်ဖြစ်မှု၊ ကြွမ် ခေါ် Cambodian တို့ လာတိုက်လို့ ဒုက္ခ ၀ိုင်းဝိုင်း လည် နေချိန် အခွင့်ကောင်း ယူပြီး မြန်မာ ကအလွယ် ကလေး သွားရောက် သိမ်းယူ တာသာ ပိုပြီး ဖြစ်နိုင် ပါတယ်။
သာသနာ ရေးမှာ မွန်နဲ့ သီဟိုဠ် က ပုဂံ ကို အစဉ် တစိုက် ကျေးဇူး ပြုခဲ့တယ်။ ရှင်အရဟံ ကြောင့် ထေရ ၀ါဒ ပြန့်ပွား တယ်လို့ အစဉ် တစိုက် မှတ်ယူ ခဲ့ကြတယ်။ ဒီ အကြောင်းဘာမှ မတွေ့ရ၊ သို့သော် သီဟိုဠ် ရာဇ၀င် ဖြစ်တဲ့ စူဠ ၀ံသ အခန်း ၅၈ မှာ Sri Lanka ဘုရင် ၀ိဇယ ဗာဟု ၁ ခေါ် သိရီ သိင်္ဃ ဗောဓိ မင်း (၁၀၅၉- ၁၁၁၄ အေဒီ) က ၁၀၆၀ မှာ စောဠ (Tamil) ကျေးကုလား တို့ ဆူပူ အုံကြွမှု ရန် ကိုဖြိုခွင်း ဖို့ အနိ ရုဒ္ဓ ထံက စစ်ကူ တောင်းတယ် လို့တွေ့ ရတယ်။ စူဠ ၀ံသ ရဲ့  အခန်း ၆၀ မှာ ကျေးကုလား တွေသောင်းကျန်း လို့ ရဟန်း သံဃာ တွေ သေကြေ ပျက်စီး ပြီး ဗုဒ္ဓ သာသနာ မှေးမှိန် လာလို့ ကျေးကုလား ရန်ကို ချိုးနှိမ် ပြီးသည့်နောက် မြန်မာ ရဟန်း တော် များကို စေလွှတ် ပေးဖို့ အနိ ရုဒ္ဓ ထံ အကူအညီ တောင်းပြန် လို့ ၁၀၇၁ မှာစေလွှတ် ပေးခဲ့တယ်။ ဒါကြောင့် သီဟိုဠ် သာသနာ အဓွန့်ရှည်ခဲ့တယ် လို့ အပြတ်ရေး ထားတဲ့ အတွက် ပုဂံ ဟာ ဗုဒ္ဓ သာသနာ တော် ကောင်းစွာ စည်ပင် ဖွံ့ဖြိုး ပြီးဖြစ်တယ်။ မြေစမ်း ခရမ်းပျိုး အဆင့် မဟုတ်၊ ကျေးဇူး ပြုခြင်း ပြုရင် သီဟိုဠ် ကို မြန်မာ ကစတင် ပြီးသာ ကျေးဇူးပြုခဲ့တယ် လို့ ပြောနိုင်ပါတယ်။
ညီသား နောင်မယ် လို့ပြောလို့ စုက္ကတေး နဲ့ စီးချင်းထိုး၊ ကြီးလေးကြီး ကိုနှိမ်နင်း၊ သိကြားမင်း ကလှံပျံ ဆက်၊ ကျန်စစ်သား ကိုမွေးစား စတဲ့ စတဲ့ ကိစ္စ တွေကတော့ လူကြိုက်များတဲ့ ပုံပြင်တွေ အဖြစ် အသုံးတော် ခံခဲ့၊ ခံဆဲ၊ ဆက်လက် ၍လည်းပဲ အသုံးတော် ခံကြပါလိမ့်ဦးမယ်။

ထိလိုင်မင် (၁၀၈၄-၁၁၁၃ အေဒီ)

အနိ ရုဒ္ဓ လွန်ပြီးတဲ့ အခါ ဂြီဝဇြာ ဘရဏ တြိဘုပတိ ခေါ် ကျက်သရေ ရှိသော မိုးကြိုး အရှင် သုံးလူ့ သခင် ဘွဲ့ခံသူ မင်းဖြစ် လာတယ်။ အနော် ရထာ ရဲ့ သား၊ စောလူးမင်း လို့ လူသိများတဲ့၊ ဒီမင်း ဟာ ကျက်သရေ ရှိမရှိ မသေချာ ပေမဲ့ လူ့လောက က စောစော စီးစီးထွက်သွား ရတာတော့ သေချာတယ်။ ငရမာန်ကန်း ဦးဆောင်တဲ့ မွန်သူပုန် ထလို့ ပြည်ရွာ ချောက်ချားပြီး မင်းပါ အသက် ဆုံးရှုံး ရတယ် ဆိုတာ ဟုတ်ဟန် တူတယ်။ ဒါကလွဲ လို့ သူ့အကြောင်း ဘာမှ မသိလို့ ဆက်ပြောဖို့ မဖြစ်နိုင်ပါ။
သူ့နောက် မှာ နန်းတက်တဲ့ ထိလိုင်မင် ကတော့ ကျန်စစ်သား ဆိုတဲ့ နာမည် နဲ့ မြန်မာ ရာဇ၀င် မှာ လျှမ်းလျှမ်းတောက် ခဲ့တယ်။ နာမည်ကြီး တဲ့ နေရာ မှာ ရှေ့ လူ အနိရုဒ္ဓ ထက်တောင် နည်းနည်း ပိုချင်သေးတယ်။ သူ့ရဲ့  ဇာတ်လမ်း လေးတွေ ကလည်း ဂျိမ်းစ်ဘွန်း ကားလို အနု အရွ၊ အလှ အပ၊ အပစ် အခတ်၊ အညှစ် အသတ် ကလေး တွေနဲ့ ကြွရွ နေတော့ အင်မတန် နားထောင်ချင် စရာ ကောင်းတယ်။ အလွန် ဘုန်းကြီး သောမင်းပေ ကပဲ။ သူ့ အကြောင်း ဘာများသိရ မလဲ။ ကြည့်ကြ ရအောင်လား။
ထိလိုင်မင် ကို အနိ ရုဒ္ဓ ရဲ့  သားအရင်း လိုလို၊ ဒူးမနာ သားလိုလို ရှေး ရာဇ၀င် ကျမ်း များက ရေးခဲ့ကြတယ်။ မှန်နန်း ရာဇ၀င် ပထမတွဲ။ အပုဒ် ၁၃၀ မှာ “ကျန်စစ်သား သည် အနော် ရထာ နှင့်ယှဉ်သော ပဋိ သန္ဓေ မှ မွေးသူ” လို့ဆိုခဲ့ ပြီး ဒီကျမ်း၊ ဒီအတွဲ မှာပဲ အပုဒ် ၁၃၉ ရောက်တော့ ကျန်စစ်သား က မိမိ သမီးကို အနော် ရထာ ရဲ့ မြေး နဲ့ လက်ဆက် စေလိုတဲ့ အတွက် “ငါ့ အရှင် မြေးတော် ဖြစ်သော စောယွမ်းနှင့် ထိမ်းမြားပေးအံ့” လို့ဆိုပြန်တယ်။ ငါ့ခမည်းတော် လို့မဆို။ ဆိုခဲ့ ရင်လည်း အဒေါ်နဲ့တူ ကိုပေးစား သလိုဖြစ်နေ မှာကိုး။
အေဒီ ၁၅၁၆ မှာ လှော်ကား သုံးထောင်မှူး စပ်ဆိုတဲ့ မင်း တရား ရွှေထီး ဧချင်း အပုဒ် ၅ မှာ-
“နော် ရထာ ၏ ဆက်ကာ မြေးသား၊ တလပ် ခြားရှင့်၊ တိုင်းကား နိုင်ငံ၊ ပြည် ပုဂံ ကို၊ တတန် ကိုးယောက်၊ လွန်ပြီး မြောက်မှ” လို့ စပ်ဆိုခဲ့ လို့ အနိ ရုဒ္ဓ မင်းဆက် ဟာ ၀ဇြာ ဘရဏ သေပြီးတစ်ဆက် ပြတ်ခဲ့တယ် လို့ဆိုရမယ်။
အေဒီ ၁၇၂၅ မှာ ဦးဖျော် စပ်ဆိုတဲ့ ပလိပ်စား ဧချင်း အပုဒ် ၃၀ မှာ-
“စောလူး စံမြောက်၊ နှစ်ဆယ့် ခြောက်တွင်၊ ချောက်ချောက် ချားချား၊ မင်းကြား မချပ်၊ နှစ်နှစ် လပ်သော်” လို့ တွေ့ ရတဲ့ အတွက် ၀ဇြာ ဘရဏ သေပြီး မင်းမဲ့ ကာလ နှစ်နှစ် ကြာခဲ့တယ်။ မွန်သူပုန် အန္တရာယ် ကြောင့် ကလန်၊ သံပျင် ထဲက အတော် ဆုံး၊ အစွမ်းဆုံး ပုဂ္ဂိုလ် ထိလိုင်မင် ကို အားလုံးက ကျေကျေ နပ်နပ် မင်းမြှောက်လိုက် ကြတယ်။ ၁၀၈၄ မှာ မင်းဖြစ်ပေမဲ့ မွန်သူပုန် ရန်ကို အပြီး နှိမ်ပြီး တိုင်းပြည် အေးချမ်း သာယာတဲ့ ၁၀၈၆ မှ ဘိသိက် ခံပြီး မင်းအဖြစ် ရယူ တယ် လို့ ပညာရှင် များက ကောက်ချက် ဆွဲကြပါတယ်။
ဒါကြောင့် ထိလိုင်မင် ကို အနိ ရုဒ္ဓ ရဲ့ သား ဆိုတဲ့ အဆိုကို ပယ်ပြီး ငတပါးမင်း လို့ယူရ ပါမယ်။ အများ သူငါ ထဲမှာ အစွမ်း အစ အရှိဆုံး ကျန်နေ ရစ်တဲ့ စစ်သား ကြီး မို့ ကျန်စစ်သား လို့ခေါ်တယ် ဆိုတဲ့ စကား ဟာလည်း ရီစရာ တောင်ကောင်း လောက်အောင် လွဲပါတယ်။ ကလန် စစ်သာ လို့ ကျောက်စာ မှာ တွေ့ ရတာ တော့ရှိတယ်။ ကလန် ဆိုတာ အုပ်ချုပ်ရေး အရာ ရှိ ရာထူး၊ စစ်သာ ဆိုတာ အများသုံး ခုခေတ် စစ်သား မဟုတ်။ စစ်သား လို့ အဲဒီ ခေတ်က မခေါ်၊ စစ် သူရဲ လို့သာ ခေါ်ပါတယ်။ စစ်သာ က ရိုးရာ အလိုက် မြို့ နယ် ကျေးရွာ ကိုအုပ်ချုပ် ရသူ လို့ အဓိပ္ပါယ် ရတယ်။ ၀မ်းတွင်း မြို့ နယ်၊ ထီးလှိုင် မြို့ သူကြီး၊ ရွာသူကြီး လို့ပြောတာပါ။ ဒါကို စစ်သား လုပ်ပြီး ကျန်စစ်သား အစွမ်းပြလိုက် တဲ့စစ်ပွဲ တွေကို ရာဇ၀င် မှာ မနည်း ပါဘူး။ အနိ ရုဒ္ဓ ကစစ်တိုက် ရင်းမြေပုံ ဘုရား ဖြန့်ဝေ သလို သူကလည်း စစ်တိုက် ရင်း မျိုးဆက် ဖြန့်ဝေ တယ်ပြော ရလောက်အောင် တွေ့ ရာနေရာ တစ်ရွာ တစ်ကျီဆောက်လိုက်တာ အားကျ စရာကြီးနော်။
ဘိသိက် ခံတော့ ဂြီတြိ ဘုဝနာ ဒိတျ ဓမ္မ ရာဌာ ပရ မိသွ ရ ဗလ စက္က၀ရ် ဆိုပြီး ခေါ်ရင်း နဲ့ လေဖြတ် သွားနိုင်လောက် တဲ့ ဘွဲ့ရှည်ကြီး ကိုခံယူ တော်မူတယ်။ အလွန် အင်မတန် ကျက်သရေ ရှိတော် မူထ သော သုံးလောက ၏ နေမင်း၊ တရားမင်း ဟု အခေါ်ခံ ထိုက်သည့် အဆူဆူ သောမင်း တို့၏ အရှင် ဘ၀ရှင် စကြ၀တေး မင်းကြီး လို့ အနက်ပြန် ရမယ်။ ထိလိုင်မင် အကြောင်း ကိုတော့ ကျောက်စာ တွေက တဆင့် အတော်လေး သိနိုင် ပါတယ်။ သို့သော် ထိုးသမျှ ကျောက်စာ အားလုံး ကမွန် ဘာသာ နဲ့ဖြစ် နေတဲ့ အတွက် မွန်-မြန်မာ ချစ်ကြည်ရေး ကိုရှေးရှု တဲ့ အနေနဲ့ ထိုးခဲ့ တာလား။ မွန်ယဉ်ကျေးမှု ကို သဘောကျ လို့လား။ သူကိုယ်တိုင် ကရော မွန်သွေး နှော သလား၊ စဉ်းစား စရာ တွေ ချန်ထား ရစ်သလို ပါပဲ။
ရွှေစည်းခုံ ကျောက်စာ စစချင်း- ငါသည် ဂြီက္မေတြ (ပျူမြို့ တော်) ကိုတည်သော ဗိဿနိုး နတ်မင်းကြီး ၀င်စား သူဖြစ် တော့သည် လို့ တွယ်လိုက်ပါတယ်။ ဖခင် က အာဒ္ဒိစ နေမျိုး၊ မိခင် က ဥသျှစ်သီးမျိုး လို့ရေး ပါတယ်။ အနိ ရုဒ္ဓ ရဲ့ သားလို့ ဒီကျောက်စာ မှာလည်း မတွေ့၊ ဘယ်ခေတ်ပြိုင် ကျောက်စာ မှာမှ မတွေ့ရပါ။ ဒီလို ကြွားတာ တွေက ရာဇ၀င် တန်ဖိုး မရှိ ပေမဲ့ ဆက်ရေးတဲ့ အချက် အလက် တွေက တော့တန်ဖိုး ရှိပါတယ်။ သူ့ လက်ထက် သူပုန်၊ သူကန် ဆူပူပုံ၊ နှိမ်နင်း ရပုံ၊ ပြန်လည် ထူထောင်ရေး လုပ်ရ ပုံတွေပါလို့ မွန်သူပုန် ထဖူးတယ် ဆိုတဲ့ အချက် ကိုအတည်ယူ နိုင်ပါတယ်။ ဘုရင် ဖြစ်တဲ့ အခါ အများပြည်သူ သာယာဝပြော အောင် အုပ်ချုပ်ပါမည် လို့ ကျောက်စာ မှာ ကတိပြုပါတယ်။
ထိလိုင်မင် ဟာ အပြောနဲ့ အလုပ်ညီ တဲ့ မင်းကောင်း မင်းမြတ် ဆိုတာ ကို အခြားကျောက်စာ တွေ ကသက်သေ ပြပါတယ်။ စိုက်ပျိုးဖို့ ကန်ဆည်၊ မြောင်းတူး၊ ဆည်ဆောက် အလုပ်တွေ ကို ဘုရင့် အမိန့် နဲ့ လုပ်စေတယ်။ မွန်ဒေသ မှာ ပျက်စီးနေတဲ့ ရှေးဘုရား တစ်ဆူကို ၁၀၉၈ ခု ဧပြီ ၁၆ ရက်နေ့ မှာ ပြုပြင် တယ်။ ဘုန်းကြီးကျောင်းများစွာ တည်တယ်။ လယ်ယာ မြေများစွာ ကိုသာသနိက မြေ အဖြစ်လှူတယ် (ဘုန်းကြီးကျောင်း ကိုလယ်လှူ တဲ့ကိစ္စ ဟာ နောက်မင်း တွေ လက်ထက် မှာ ပြဿနာကြီး ဖြစ်လာခဲ့တယ်) ပိဋကတ်သုံးပုံ တစ်စုံ ကူးစေတယ်။ သဘင် အတတ်ကို တိုးတက်စေတယ်။ သစ်ပင် ပန်းမာန် များစိုက်ပျိုး စေတယ်။ ပြည်သူ များစာရိတ္တ ကောင်းဖို့ သွန်သင် ဆုံးမတယ်။ ၁၁၀၁ ဒီဇင်ဘာ မှာ တည်ပြီး ၁၁၀၂ ဧပြီ မှာပြီးတဲ့ နန်းတော်သစ် ကိုဆောက်တယ်။ ဒါပေမဲ့ ဘယ်ကျောက်စာ မှာမှ ရှေးရာဇ၀င် များမှာ ထပ်ကာ တလဲလဲ ပါတဲ့ အနိ ရုဒ္ဓ လက်အောက်မှာ အမှုထမ်းပြီး နာမည်ကြီး ခဲ့ပုံများ နဲ့ မင်းပျို မင်းလွင် ဘ၀ က အချစ် ဇာတ်လမ်း များကို မတွေ့ ရပါ။
ထိလိုင်မင် ရဲ့  ဇာတ်သိမ်း ကို ရာဇကုမာရ် ကျောက်စာ မှာတွေ့ ရတယ်။ ၁၁၁၂ အေဒီ မှာ နန်းသက် ၂၈ နှစ်စိုးစံပြီး မင်းကြီး သိယ်ခမူနာ နေစဉ် တိလောက ၀ဋံ သကာ ဒေ၀ီ နဲ့ ရတဲ့ သားတော် ရာဇကုမာရ် ကချည်းကပ် ၍အဖ ကိုယ်စား ပြုခဲ့တဲ့ ကောင်းမှု ကုသိုလ် များကို လျှောက်ထား တဲ့အတွက် မင်းကြီးက ကောင်လှောင်တေဟ်၊ ကောင်လှောင်တေဟ် လို့ ရေရွတ် သာဓု အနု မောဒနာ ခေါ်ခဲ့တယ်။ ဒါပေမဲ့ ဒီလောက် လိမ်မာ လှတဲ့ သားတော် ကိုထီးနန်း မပေးပဲ မြေးတော် စည်သူ ၁ ခေါ် အလောင်း စည်သူ ကို ထီးနန်း ပေးတယ်။ ဒီအကြောင်း ၀ိဝါဒ တွေကွဲပြား လွန်းလှလို့ စည်သူ ၁ အခန်း ရောက်မှ ဖော်ပြ ပါရစေတော့။
ထိလိုင်မင် လက်ထက် မှာ ထင်ရှားတဲ့ အချက် တွေက တော့ ဗိဿနိုး ပူဇော်ပွဲ များကို အလွန် အရေးပေး ကျင်းပခြင်း နဲ့ အထက်တန်း ရာထူး များကို အချို့  မွန်များ ကို ပေးအပ်ခြင်း တွေကို တွေ့ရတယ်။ ဘာပဲ ပြောပြော ဒီလောက် သိရ တာနဲ့ ကိုထိလိုင်မင် ဟာ အစွမ်း အစ ရှိတဲ့ မင်းကောင်း မင်းမြတ် တစ်ပါး၊ ပုဂံ ကိုထိပ်တန်း ပို့နိုင်ခဲ့ သူဆိုတာ ထင်ရှား လှပါပြီ။ ပုံပြင် တွေ မပါလည်း ရပါတယ်ဗျာ။

စည်သူ (၁) (၁၁၁၃- ၁၁၆၃ အေဒီ)

လိမ္မာ လှတဲ့ သားတော် ရာဇကုမာရ် ကိုထီးနန်း မပေးပဲ မြေးတော် ပထမ စည်သူ သို့မဟုတ် လူသိများတဲ့ အလောင်း စည်သူ ကိုဘဇာကြောင့် ထိလိုင်မင် ကထီးမွေ နန်းမွေ အဖြစ်ရွေးခဲ့ သလဲ ဆိုတဲ့ ပုစ္ဆာကြီး တစ်ပုဒ် ပြီးခဲ့ တဲ့ အပိုင်းတုန်း က ပေးခဲ့မိတယ်။ မှန်နန်း ရာဇ၀င် အပိုဒ် ၁၃၈ နဲ့ ၁၃၉ မှာ ဖော်ပြထားတဲ့ အများသိတဲ့ အကြောင်း ကတော့ ထိလိုင်မင် နန်းတက်ပြီး ၂ နှစ်အကြာ မှာ သားအရင်း ရာဇကုမာရ် ပေါ်ပေါက်လာ ပေမဲ့ မြေးတော် စည်သူ ကိုထီးမွေ ပေးပြီးဖြစ် နေပြီ။ ရာဇကုမာရ် ကဒါကို ကျေနပ် စွာလက်ခံ ပါတယ် လို့လွမ်းလောက်အောင် ရေးပါတယ်။ သို့သော်-----
နန်းတက်ပြီး ၂ နှစ် အကြာမှာ သားတော်ပေါ်လာရိုးမှန်ခဲ့ရင် အေဒီ ၁၀၈၆ ခုနှစ်က ဖြစ်ရမယ်။ ၁၁၄၅ အေဒီ မှာရေးထိုး တဲ့ ကျောက်စာ အရ မြေးတော် စည်သူ ကို ၁၀၈၉ ခုနှစ်မှ မွေးတယ်ဆိုတော့ မြေးကို ထီးမွေ ပေးပြီးဖြစ်နေလို့ သားတော် မရခဲ့ရှာ ဆိုတဲ့ လွမ်းစရာ ဇာတ်လမ်းကို ပါယ်သင့်တယ်။ မတော် တဆ ဖြစ်တာ မဟုတ်ပဲ နိုင်ငံရေး အရ လိုအပ်လို့ အသေ အချာ တွက်ချက်ပြီး မှလုပ်ခဲ့တာ လို့ကောက်ချက် ချရမယ် ထင်တယ်။ ဒါနဲ့ ပထမ စည်သူ ဟာ ဘယ်သူ့ မျိုးရိုးလဲ ဆိုတာ ကိုလေ့လာ ကြပြန်တယ်။ ထိလိုင်မင် နဲ့ ရာဇကုမာရ် သားအဖ နှစ်ယောက်လုံး မင်းရိုး မဟုတ်ခဲ့ကြ ပေမဲ့ စည်သူ ကတော့ ရှေးမင်းရိုးက ပေါက်ဖွားတယ် လို့ အစဉ်အဆက် ဆိုခဲ့ကြတော့ ဘယ်သူ့မင်းရိုး ကပေါက်ဖွား သလဲ။ ဘယ်မင်းသား လဲ?
မှန်နန်း ရာဇ၀င် ရဲ့ အလိုအရ တော့ စည်သူ (၁) ရဲ့  အဖေဟာ အနိ ရုဒ္ဓ ရဲ့ မြေး စောယွန်း လို့ဆိုတယ်။ ခေတ်သစ် သမိုင်း ပညာရှင် တို့က တော့ သထုံ နန်းကျ မနူဟာ လို့ အများခေါ်နေကြတဲ့ မကုဋ မင်းရဲ့  မြေး နဂသ္မန်း ပဲ လို့မွန်ကျောက်စာ အထောက်အထား တွေနဲ့ ပြောကြတယ်။ ငရမာန်ကန်း ပုန်ကန် စဉ်က ထိလိုင်မင် ဟာသမီးတော်နဲ့ မကုဋ ရဲ့ မြေးကို ပေးစားပြီး သူတို့မောင်နှံ ရဲ့ သားကို နန်းညွှန့် နန်းလျှာ ပြုစေခြင်း ဖြင့် မွန်ရော မြန်မာ ပါ မငြင်းနိုင် အောင် တွက်ချက် စီမံတော်မူတယ် ဆိုတဲ့ အဆိုရှိတယ်။
စည်သူ (၁) ကနာမည်တွေ အများသား၊ ဇေယျ သူရ၊ အလောင်းစည်သူ ဆိုတဲ့ ခန့်ညားတဲ့ အများသိ နာမည်တွေ တင် မက ကျောက်စာ ပါအမည်တွေ ကတော့ သက်တ၀်ရှည်၊ ရွှေဂူ ဒါယကာ၊ ဂြီတြိ ဘုဝနာ ဒိတျ ပ၀ရ ဓမ္မ ရာဇ (သူ့ အဖိုး ထိလိုင်မင် ရဲ့ ဘွဲ့တော် အတိုင်း) ဆိုတာတွေ တွေ့ရတယ်။ ရွှေဂူ ဒါယကာ လို့ အမည်တွင်စေတဲ့ ပုဂံ ရွှေဂူကြီး ဘုရား နံရံ မှာ သူ့အကြောင်း ပါဠိ သင်္သကရိုက် နှစ်ဘာသာ နဲ့ရေးထိုး ထားတဲ့ နှစ်မျက်နှာ ကျောက်စာ အရ ရွှေဂူကြီး ဘုရား ကို မေ ၁၇၊ ၁၁၃၁ တနင်္ဂနွေ နေ့မှာ စတင် တည်စေ၍ ဒီဇင်ဘာ ၁၇၊ ၁၁၃၁ ကြာသာ ပတေးနေ့မှာ အပြီးသတ်တယ်။ တိုင်းခန်းလှည့် လည်တော်မူတယ် လို့လူပြော များပေမဲ့ အထောက်အထား မရှိ၊ အသက် (၇၇) နှစ် အထိ နေရပြီး ၁၁၆၅ မှာ ပျံလွန် တော်မူ တယ်လို့ ယူဆကြတယ်။
အနည်းဆုံး အနှစ်ငါးဆယ် လောက် ရှည်လျားတဲ့ သူ့လက်ထက် မှာ သူ့ဘိုးအေ ထိလိုင်မင် လို ပြောစမှတ် ပြုလောက် အောင် စွမ်းဆောင် နိုင်တာ မျိုး ဘာတစ်ခု မှ မတွေ့ရပါ။ မြန်မာ ဘာသာ နဲ့ကျောက်စာ တစ်ချပ် မှ မထိုးခဲ့ ပါ။ ထိလိုင်မင် ရဲ့  ရွှေစည်းခုံ ကျောက်စာ အောက်ခြေ ကဆက်ပြီး မွန်ဘာသာ နဲ့ စာကြောင်း လေးကြောင်းလောက် ထိုးတယ်။ အထက် ကဖော်ပြခဲ့တဲ့ ရွှေဂူကြီး ကျောက်စာ ရှိတယ်။ ဒါပဲ။
ဒါပေမဲ့ စည်သူ (၁) ဟာ နှောင်းခေတ် ပညာရှင်တွေ အတွက် ပုစ္ဘာ တွေ ချန်ထားခဲ့တယ်။ အထူး သဖြင့် သူ့မျိုးနွယ်နဲ့ ပါတ်သက်လို့ပေါ့။ စည်သူ (၁) ဟာ စောလူး သား စောယွန်း နဲ့ ထိလိုင်မင် သမီး ရွှေအိမ်စည် တို့က ပေါက်ဖွားလာတဲ့ ဗမာ အစစ်လား၊ မကုဋ မြေး နဂသ္မန်း နဲ့ ရွှေအိမ်စည် တို့ရဲ့ သား မွန်-ဗမာ ကပြားလား ဆိုတဲ့ ပြဿနာ ဟာ သမိုင်း သောတုဇန တွေအကြား တုတ်ထမ်း ပြီး အငြင်းပွား စရာ ဖြစ်ခဲ့ရတယ်။ တကယ်တော့လည်း သူဟာ ဘယ် ဖအေနဲ့ ရရ၊ ပဒေသရာဇ် ဟာ ပဒေသရာဇ် ပဲမို့ အချိန်ကုန်ခံပြီး ဆက်စဉ်းစား နေစရာ မလိုလောက်ပါဘူး။

photo from ; မြန်မာပြည်မှ မြန်မာလူမျိုး

AddThis