မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Sunday, 29 May 2016

ရဇဂုမ(၂)

ပျူစာပေများကို ကျနော်ဝင်ဖတ်သောအခါ ဗံးမျတိံပြိး ဟူသောအခေါ် ဗံးမတိံပြိး ဟူသောအခေါ်တို့ကို အေဒီ၅-၆ထိုး သရေခေတ္တရာပြတိုက်မှပျူစာ မှော်ဇာဘုရားထောင်အနီးမှပျူစာများတွင် တွေ့ရပါသည်။ ယင်းသည် ဗမာတိုင်းပြည် ဟူသော ဝေါဟာရလော။ ဗံးမြတိံပြိး ဆိုလျှင် သူစိမ်းမြေ ဟုအနက်ထွက်လာနိုင်ပါသည်။ ဗံး က မြတ်သောဟု အနက်ထွက်သော ပျူဝေါဟာရဖြစ်သည်။ ဗြဟ္မဒေသဟု ဗမာများ ပုဒ်ရင်းပြသည်နှင့်လည်း အနက်သိပ်မကွာပါ။
ပျူတို့အတွက် သူစိမ်းဖြစ်သော ဗမာများ ဝင်လာပြီးနောက် ပျူနှင့်ဗမာ ရောနှောလာကာ ပျူများပျောက်ကွယ်ပါသည်။ ရဇဂုမ ခေတ်တွင် ပျူစာသည် အတော်ပင်စာဆန်ကာ အထီးကျန်လျက် ရှိနေပုံပေါက်ပါသည်။ ပျူရှေးဟောင်းစာများသည် အသတ်များကို ဗြဟ္မီအက္ခရာအရေးများဖြင့် စာကြောင်းများ၏အလယ်၌ နေရာယူခဲ့သော်လည်း ရဇဂုမ ခေတ်တွင် ပျူအက္ခရာသဘာဝသည် သူ့ထံမှယူကြသော မွန်မြန်မာဘက်သို့ပင်လျှင် ကူးလူးလာနေပါပြီ။

ရဇဂုမ (၁)

ရဇဂုမ ဘယ်သူလဲတွေးကြပြောကြသည်။ စကုမှာနေသွားသော ဇေယျခေတ္တရာရခိုင်တောင်စဉ်ခုနစ်ခရိုင်အပိုင်စားမင်းသားပဲလား။  မြစေတီကျောက်စာအရကြည့်တော့ မြန်မာ ပါဠိ မွန် ပျူ ဘယ်ဘာသာစကားမှာမှ ကျန်စစ်မင်းကို သူ့ ဖခင်ဖြစ်ကြောင်းညွှန်းဆိုမှုမျိုးမတွေ့ရ။ သခင်ဆိုသောအခေါ်အရ ဂြီတြိဘုဝနာဒိတျ၏ သားဖြစ်ဖို့နည်းနေသည်။ သူဘယ်သူလဲဟု အတွေးနယ်ချဲ့ကြသည်။ ဘုရင်ပေးထားသမျှ အကုန် (ဘုရင်ကို အရွဲ့တိုက်ပြီးများလား? သူ့ပိုင်ဆိုင်မှုတွေက သူ့ကို အန္တရာယ်ပြုမည်စိုးလို့လား?) လှူပစ်ပြီး သူသည် သမိုင်းက ပျောက်ကွယ်သွားသည်။

Friday, 13 May 2016

အညာပုဂံဘုရားဖူး


မြန်မာတွေရဲ့ အတိတ်သမိုင်းအစစ်ကို သိချင်ရင် ပုဂံသွားကြည့် နိုင်ပါတယ်တဲ့ ..
ကိုယ့်အရှင် ကိုယ့်သခင် ကိုယ့်ဘုရင် ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှာန်းနဲ့ နေထိုင်လာနိုင်ခဲ့တဲ့ သက်သေ နန်းတော်ရာကြီးများနှင့် နန်းမြို့ရိုး
ဓနငွေကြေး အင်အားတောင့်တင်းမှုကို အကောင်းဆုံးဖော်ထုတ်တင်ပြနေတဲ့ သက်သေ လက်ညှိုးထိုးကြည့်တိုင်း မလွဲနိုင်လောက်အောင် များပြားခဲ့တဲ့ စေတီပုထိုးများ နှင့်အတူ
စည်ပင်ပြန့်ပွားခဲ့သော ဗုဒ္ဓဘာသာရေးဆိုင်ရာပြယုတ်များ
တစ်ဖြည်းဖြည်း တိုးတက်ထွန်းကားလာတာကို တွေ့နိုင်တဲ့ ဗိသုကာလက်ရာများ သဒ္ဓါတရား ထက်သန်လွန်းစွာခြယ်မှုန်းတင်ပြထားတဲ့ ပန်းချီလက်ရာများ အပြင်အခြားသော အနုပညာ သုခုမ ပန်းဆယ်မျိုးဆိုင်ရာ အနုစိတ်လက်ရာများ အစရှိသဖြင့်ပုဂံဟာ မြန်မာ့သမိုင်းတစ်လျောက်လုံးအတွင်း မာန်ဟုန်မည်မျှ ကြီးမားခဲ့တာကို သိနိုင်ပါတယ်

Thursday, 12 May 2016

ကမ္ဘာကျော်တဲ့ မြန်မာ့လမ်းမကြီးများ

မြန်မာလမ်းBurma road နဲ့ လီဒိုလမ်းမကြီး Ledo road အကြောင်းကို လွန်ခဲ့တဲ့ ၂နှစ်လောက်ကတည်းက အင်တာနက်ပေါ်မှာ ဖတ်ဖူးပြီးသား ဖြစ်ပေမယ့် ဆရာမောင်သာ ရှေးဟောင်းသုတေသနရဲ့ အညာသားယဉ်ကျေးမှုနှင့် အခြားဆောင်းပါးများ စာအုပ်ထဲမှာ ကမ္ဘာကျော် မြန်မာလမ်းမကြီးများဆိုပြီး ထပ်တွေ့ရတော့ အရင်ဖတ်ဖူးတုန်းကနဲ့မတူပဲ တော်တော်လေး ပြည့်ပြည့်စုံစုံ ဖော်ပြထားတာကိုတွေ့ရသဖြင့် ထုံးစံအတိုင်း မနေနိုင်ပဲ စာရေးဖို့ ဖြစ်လာပါပြီ ။
ဆရာဦးဝင်းဇော် (မောင်သာရှေးဟောင်းသုတေသန)မှလဲ ကျမကို စာအုပ်ဖတ်ပြီးတဲ့အခါ feedback ပြန်ပေးဖို့ မှာကြားထားတာကြောင့်လဲ ထိုစာအုပ်ထဲတွင်ပါဝင်သော သမိုင်းဆိုင်ရာ ဆောင်းပါးကောင်းများစွာထဲမှ စိတ်ဝင်အစားဆုံးဖြစ်တဲ့ သည်ဆောင်းပါးလေးကို ရွေးထုတ်ဖြစ်ခဲ့ပါတယ် ။

Saturday, 2 April 2016

ဦးစိန်​ဝင်း-ပျူအက္ခရာစာ​ပေ​ပေါင်းချုပ်

လေးစားပါတယ်
ဆရာဦးစိန်ဝင်း
ပျူအက္ခရာ စာပေပေါင်းချုပ် စာအုပ်ကို ချွင်းချက်မရှိသော
#လုပ်သက်
#အတွေ့အကြုံ
#ကျွမ်းကျင်မှု
#နှံ့စပ်တတ်ကျွမ်းနားလည်ခြင်း
#သမားဂုဏ်
#ပညာရည်ပြည့်ဝခြင်း
တို့ဖြင့်
သမိုင်းအမှန်အတိုင်း ရေးသား ထုတ်ဝေပေးထားသဖြင့် ကျေးဇူးတင်ပါသည်။

ပျူနှင့်​အမြင်​ကျဉ်းလူမျိုးကြီးဝါဒီ

မြန်မာမင်းဆက်၏နေဝင်ချိန်ကုန်းဘောင်ခေတ် အစောဆုံး ကာလလောက်မှစ၍ ပျူ့သားပျူ့မြေးနှင့် မြန်မာအစ တကောင်းက(ပျူ) ဟူသော အယူအဆကို စွဲကိုင်လာခဲ့သည်။ အင်္ဂလိပ်ခေတ် တွင် အင်္ဂလိပ်လူမျိုး ပါမောက္ခလုစ့်(G.H.Luce) ၏ မြန်မာအစကျောက်ဆည်က ဟူသော စာတမ်း ထွက်ပေါ်လာခဲ့ပြီး
ထိုစာတမ်းအရ အင်္ဂလိပ်နဲ့ ယဉ်ကျေးမှုခြင်း ညီသလိုဖြစ်သွားသည်။ ထိုခေတ်မြန်မာများ၏ အသိထဲတွင်တော့ အင်္ဂလိပ်ဆိုတာ မြန်မာပြည်အား မတရားသဖြင့်ကိုလိုနီပြုထားပြီး ထိုမျှနှင့်အားမရကာ  ဂေါတမမြတ်စွာဘုရားမပွင့်မှီ ကာလကပင် တည်ရှိသော တကောင်းပြည်(ပျူပြည်)၏ အဆက်အနွယ် (ရာဇဝင်စကားအရ)အဖြစ်လက်ခံထားသော မြန်မာ့သမိုင်းကို သိမ်ဖျဉ်းသေးနုပ်အောင် ကြံစည်ရေးသားကာ ပြည်မနှင့်တောင်တန်း သွေးခွဲသည်ဟု ထင်မြင်ကြသောကြောင့်
ဦးဖိုးလတ်မှ အစပြု၍ ထိုခေတ်တချို့သောမြန်မာသမိုင်းပညာရှင်များသည် မှ မြန်မာအစသည် တကောင်းသာဖြစ်ကြောင်း ကျောက်ဆည်မဟုတ်ကြောင်း အထောက်အထားအမျိုးမျိုးဖြင့်ပြန်လည်ချေပခဲ့ကြပြီး အငြင်းပွားဖွယ် အခြေအနေဖြစ်သာတည်ရှိခဲ့သည်။

Friday, 25 March 2016

သင်္ကြန်

သင်္ကြန်ဟူသည် သက္ကဋဘာသာ သင်္ကရန္တိ (Samkaranti) (အဓိပ္ပါယ် -Going from one place to another) မှ ဆင်းသက်လာပြီး ‘ကူးပြောင်းခြင်း’ ဟု အဓိပ္ပါယ်ရပါသည် ။ ထိုမှ သင်္ကရန္တိ-သင်္ကြန္တ -သင်္ကြန် ဟုရွေ့လျောလာ ခြင်းဖြစ်သည် ။ တစ်နည်းအားဖြင့်လည်း သင်္ကြန် = သင်္ကြန္တ = သီသကရ + အန္တ = (သီသ = ဦးခေါင်း + ကရ = ပြုခြင်း + အန္တ = အဆုံး) = သက္ကရာဇ်ဦး ခေါင်း အဆုံးပြုခြင်း ဟုလည်း ဖွင့်ဆိုကြပါသေးသည် ။ အဘယ်အရာ ကူးပြောင်း ၀င်ရောက် သနည်းဆိုလျှင် တနင်္ဂနွေဂြိုဟ်မင်း (နေမင်း) ကူးပြောင်းဝင် ရောက်ခြင်းဖြစ်သည် ။ ကူးပြောင်းဝင် ရောက်သော တနင်္ဂနွေဂြိုဟ်မင်းသည် သင်္ကြန်မင်း(သင်္ကြန္တရာဇာ) ပင် ဖြစ်၏ ။ တနင်္ဂနွေဂြိုဟ်ကို မင်းဟူ၍အဘယ် ကြောင့်ခေါ်သနည်း ။

Wednesday, 16 March 2016

ပျူဆိုတာ ဖျောက်လို့ရပါ့မလား

အင်းဝခေတ်တွင် ပေါ်ထွန်းခဲ့သည့် ရှင်မဟာသီလဝံသ၏ ရာဇဝင်ကျော်ကြီးတွင်  ပြည်မြို့အနီးက မြို့ပျက်ကြီးတွင် ဒွတ္တဘောင်မင်း၏ သရေခတ္တရာမြို့ဟောင်းကြီး တွင် ပျူလူမျိုးများ နေထိုင်ကြသည်ဟု ရှေ့လူတို့ ပြောစကားဖြင့် မှတ်တမ်းတင်ခဲ့သည် ။ စာမတတ်သော ကျမတို့ဘိုးဘွားများက အနော်ရထာမင်းကြီး ကျန်စစ်သားနှင့် သဗ္ဗူလ ခင်ဦးတို့ကို မှတ်မိနေသည့် ပုံမျိုးနှင့် အတူတူပါ ။ သားစဉ်မြေးဆက် လက်ဆင့်ကမ်းခဲ့သော ပါးစပ်ရာဇဝင်များနှင့်အတူ ကျမတို့ဘိုးဘွားများ၏  ညဉ့်အိပ်ယာဝင် ပုံပြင်များထဲတွင် ပျူစောထီးလဲ ပါသည် ။ ဒွတ္တဘောင်နှင့် ပန်ထွာဘုရင်မအကြောင်းလဲ ရံဖန်ရံခါကြားရသည် ။ နှစ်ဆယ်ရာစုက လူတို့သည် ထိုအမည်များကို မမေ့ကြသေး ။ဒေါက်တာသန်းထွန်းက နှုတ်ပြောဆိုတာ မှတ်ရလွယ်အောင် အချက်အလက်တွေကို ကျစ်ကျစ်လစ်လစ်နဲ့ စီထားပြီး မှတ်ဥာဏ်အင်မတန်ထက်သူကို အာဂုံဆောင်ထားစေပြီး ၎င်းနှင့် ပုံစံတူ လူငယ်များအပေါ် လက်ဆင့်ကမ်းခဲ့တဲ့ မှတ်တမ်းတစ်မျိုးပဲလို့ ဖော်ပြထားပါတယ် ။ အားကိုးလောက်တဲ့ နှုတ်ပြောမှတ်တမ်း ဖြစ်ဖို့ဆိုရင်တော့ အမှန်အမှား စစ်ဆေးတဲ့နည်း နဲ့ စစ်ဆေးပြီး အပိုင်းခွဲကာ လက်ခံဖို့ တိုက်တွန်းဖူးပါတယ် ။
ကဲဆက်ရအောင်

Tuesday, 1 March 2016

ရက်ထပ်နှစ်အစ ဖေဖော်ဝါရီ ၂၉အားမွေးဖွားခြင်း နှင့် ဂရေဂေါရီယန် ပြက္ခဒိန် (Gregorian Calendar)


ဂရေဂေါရီယန်ပြက္ခဒိန်ကို အနောက်တိုင်းပြက္ခဒိန် သို့မဟုတ် ခရစ်ယန်ပြက္ခဒိန်ဟုလည်း ခေါ်ပါသည်။
ဂျူလီယန်ပြက္ခဒိန်ကို ဥရောပနှင့် အာဖရိကမြောက်ပိုင်းတို့တွင် ၁၅၈၂ ခုနှစ်ထိသုံးစွဲခဲ့ကြသည်။ သို့သော် ဂျူလီယန် ပြက္ခဒိန်၏ အားနည်းချက်မှာ တစ်နှစ်တာကာလကို ၃၆၅.၂၅ ဟု ယူထားသဖြင့် အမှန်ရှိရမည့်ကာလထက် တစ်နှစ်လျှင် ၁၁ မိနစ်ခန့်ပိုနေကာ ရက်ထပ်ခြင်းများ မလိုလားအပ်ဘဲ ပိုနေလေသည်။
            ဤသို့ပြက္ခဒိန်ရက်များ အလွဲလွဲ အမှားမှားဖြစ်နေသည်ကို ပုပ်ရဟန်းမင်းကြီး ဂရေဂေါရီ ၁၃ (Pope Gregory XIII: 7 January 1502 ~ 10 April 1585) ကပြန်လည်ပြင်ဆင်ခဲ့သည်။ ဂရေဂေါရီက ဦးဆောင်လုပ်ကိုင် ပြဌာန်းပေးခဲ့သောကြောင့် ထိုပြက္ခဒိန်ကို ဂရေဂေါရီယန်ပြက္ခဒိန်ဟု ခေါ်ခဲ့ကြ၏။ ထိုပြက္ခဒိန်ကို ကမ္ဘာတစ်ဝှမ်းမှနိုင်ငံများ ယခုထိ လက်ခံသုံးစွဲခဲ့ကြသည်။

Thursday, 7 January 2016

သမိုင်းဆိုင်ရာ ကြားဖူးနားဝ သြဝါဒများ

- သုတေသန ပညာရပ်အသီးသီး အနက် သိနားလည်သူကော သိနားလည် ထားခြင်း မရှိသော သူတို့ပါ ကြားဖူးနားဝ ဗဟုသုတ ကိုယ်စီဖြင့် ဝင်ငြင်းနိုင်သော ဘာသာရပ်ကား “ သမိုင်းပညာ ” ဖြစ်သည် ဆို၏

- ပြည့်စုံ ခိုင်မာသည် ဆိုသော သမိုင်းပညာရှင်ကား မရှိ ။ မည်မျှ အကိုးအကား
အထောက်အထား ခိုင်လုံစွာ တင်ပြနိုင်သည်ဖြစ်စေ မပြီးဆုံး မပြီးပြတ်တတ်သော သမိုင်း၏ သဘောသဘာဝအရ နှောင်းလူတို့ ဘက်မှ ဝေဖန်စရာ ရှိမြဲပါ ။ တိမ်းစောင်းမှု လျော့နည်းလျှင် ဝေဖန်ခံရပုံ နည်းမည် ဖြစ်သော်လည်း တိမ်းစောင်းမှု များလျှင် များများ ဝေဖန်ကြလိမ့်မည်

- လူသားတစ်ဦးသာ ဖြစ်သည့် သမိုင်းပညာရှင်ကား အမှားကင်းမည်မဟုတ် ။ မှားမည် ၊ မှားဖူးခဲ့မည် ၊ မှားလိမ့်ဦးမည်သာ ။ သို့သော် စေတနာ အမှားသာ ဖြစ်သင့်ပေသည် ။

- သမိုင်းကောက်ချက်ဟူသည် မျက်မြင် ဒိဌမြင်တွေ့ရသော အထောက်အထားများကို မူတည်၍ ကွင်းစပ်များကို စပ်ဟပ်ကာ လိုက်လံ ဆက်စပ်ကြည့်ရတာမျိုး ဖြစ်သည် ။ ပညာရှင် စင်စစ် ပီသလိုလျှင်ကား သမိုင်းကွင်းဆက် ပြတ်နေသော နေရာကို “ ဖြစ်ကောင်း၏ ဖြစ်နိုင်ဖွယ် ရှိ၏ ” စသည်ဖြင့် အနုမာနတို့ဖြင့် ယာယီဖြည့်ပေးထားရမည် ။

- အနုမာနဖြင့် ယာယီဖြည့်ထားခြင်းကို ကျော်လွန်၍ ကွင်းဆက်များကို
ဖြည့်ပေးနိုင်သူကား ဆရာတစ်ဆူ ပညာရှင် ဖြစ်ပေမည် ။ သို့သော် ယင်းပညာရှင်၏ စေတနာနှင့် ရည်ရွယ်ချက်ကိုကား စစ်ဆေးဖို့ လိုအပ်သေးသည် ကိုမမေ့ပါနှင့် ။

- အနုမာနအတွက် ဝါ မိမိတင်ပြသော အယူအဆအတွက် အကျိုးရှိသော
အထောက်အထားကိုသာ “ ကွက် ” ယူပြီး မိမိတင်ပြသော အယူအဆ
ပျက်လောက်သည့် အထောက်အထားများကို လျစ်လျူရှုတတ်သော ပညာရှင်ကား မှတ်ကျောက် အတင်မခံနိုင်ပေ ။

- ပညာရှင်ကိုးကွယ်မှုဝါဒ ပညာရှင်နောက်လိုက်မူဝါဒ စသည်ဖြင့် ပုဂ္ဂိုလ်ခင်၍
တရားမင်ခြင်းမျိုး မရှိစေရ ။

Ref; ဦးအောင်သန်း မန္တလေး ။
သမိုင်းဆိုင်ရာ ကြားဖူးနားဝ သြဝါဒများ - ၂

- ကျမ်းတစ်ကျမ်းတွင် ပါရှိသော အယူအဆ တစ်ခုကို မြင်သည်နှင့်
ကိုးကားထိုက်သလော ဆုံးဖြတ်နိုင်စွမ်းသည်ကျမ်းရင်းပေါင်း မြောက်မြားစွာကို
လေ့လာဖူးမှသာ ဆုံးဖြတ်နိုင်စွမ်းရှိမည် ။ လိုချင်သော အထောက်အထား
အဆိုအမိန့်ကို တွေ့လျှင်တွေ့ခြင်း ယူငင်သုံးစွဲခြင်းသည် ပညာရှာ မပီသဟု
ဆေးဒီးစ်က ဆိုခဲ့သည် ။

- အချို့က ရှေ့ရေးစာတမ်းထက် လက်ရှိစာတမ်းက ခိုင်လုံသည်ဟု ထင်ကာ ရှေးက
စာတမ်းမှန်သမျှကို ပစ်ပယ်ဖို့ ကြိုးစားကြသည် ။ မြန်မာနိုင်ငံတွင် နောက်ဆုံး up to date စာတမ်းဟု သတ်မှတ်ကာ ကိုးကားမိသူတစ်ဦး အရှက်ကွဲဖူးသည့် ဥပမာ ရှိခဲ့ဖူးသည် ။ သူကိုးကားမိသည့်ကျမ်းကား လက်ရင်းကျမ်းကို အထောက်အထား မပြုသဖြင့် တိမ်းပါးချွတ်ချော်မှုကြီးမားခဲ့ပြီး လူတကာ၏ လက်ညှိုးအဆုံးတွင် ပညာရှင် ဘဝကို လက်လွှတ်လိုက်ရဖူးသည် ။ ထိုသို့ အဖြစ်မျိုး မကြုံလိုလျှင် သုတေသန ကျမ်းပေါင်းစုံကို တီးခေါက်မိထားပြီး သုတေသန ကျမ်းဆိုင်ရာ ဝေဖန်ချက်များကို ဖတ်ထားပြီးဖြစ်ရမည် ။

- အဆိုဟောင်းဆိုတိုင်း ခိုင်လုံသည်ဟုလည်း မထင်မှတ်မိရန်မှာ ကိုယ်လိုက်စားရာ ပညာရပ်နှင့် ဆက်စပ်ပတ်သတ်သမျှ စာအုပ်တိုင်းကို ဖတ်ပြီး နားလည်ပြီး ဆုံးဖြတ်ပြီးသား ဖြစ်နေရမည် ။

- အချက်အလက်ကွဲ ဝိဝါဒကွဲ လွဲမှားနေသည်ဟု ထောက်ပြလာသူများမှာ မိမိပညာနှင့် တစ်ပြေးညီ လိုက်စားပြီးသူများသာ ဖြစ်ကြ၍ မိမိ မသင်ယူရသေးသည်များကို လာရောက်သင်ကြားပေးနေသူ ဖြစ်သည်ဟု သတ်မှတ်ကာ ကျေးဇူးပင် တင်ထိုက်သည်ကို မမေ့ပါနှင့် ။

- မိမိ၏ လွဲမှားနေသော အထောက်အထား အယူအဆ အချက်အလက်များကို ဝန်ခံပါ ။ ထိုချို့ယွင်းချက်များကို ဖုံးကွယ်ရန် ဆင်ခြေများ ၊ မတရားသက်သေ
အထောက်အထားများကို လိုက်ရှာရင်း အလိမ်နွံထဲ ထပ်အနစ်မခံပါနှင့် ။

- အထောက်အထားပုံကြီးပေါ်၌ တက်ထိုင်ပြီး မရဲမဝံ့ ဆုံးဖြတ်တတ်သူ ၊
အမှတ်အသား အတိအကျကို မြင်ပါလျက် မယုတ်မလွန် ပြောတတ်သူ ဖြစ်ပြန်ရင်လည်း မကောင်းပါ ။

- အချက်အလက် တစ်ခုတည်းကို မှီတွယ်ကာ ယုတ္တိပေါင်းများစွာ
အနုမာနပေါင်းများစွာ ဖန်တီးရင်း ချောင်ပိတ်သွားနိုင်ပါသည် ။

- တင်ပြသည့် စာတမ်းတစ်ခုကိုလည်း အထောက်အထားမဲ့စွာ ဝေဖန်ခြင်း မပြုရ ။

- တက္ကသိုလ် ပညာရပ် အသီးသီးသည် အချင်းချင်းမှီခိုလျက် ပညာရပ်
သဘောသဘာဝခြင်း ဆက်စပ်လျက်ရှိတတ်သည် ။ ထို့ကြောင့် အထူးပြု ဘာသာရပ် မတူလျှင် ဝင်ရောက် ဝေဖန်ခြင်း မပြုရ ဟူသည့် အစွဲကို မထားသင့် ။

- သုတေသန ကိစ္စတွင် အမျိုးသားယဉ်ကျေးမှုကို ဇောင်းပေး ၍ ဖော်ထုတ်ခြင်းမှာ မသင့်လျော်ပါ ။

- ပညာရှင်လောကတွင် ပုဂ္ဂိုလ်ရေး အစွဲကင်းအောင်ထားသင့်ပြီး လူထက် မူကိုသာ ဦးစားပေး ကြည့်ရှုသင့်သည် ။

- စာအုပ်တစ်အုပ်ထဲမှ အကြောင်းအရာများကို သည်ဤမရွေး ကိုးကားဖော်ပြသည် ။ သို့သော် အဆိုပါ စာအုပ်ကိုကား ကျမ်းရင်းအကိုးမပြုပဲ ထိုစာအုပ် ကိုးကားရာ ကျမ်းရင်းမှန်သမျှကို ဖော်ပြကာ ကော်ပီကူး ထားသော်လည်း ၎င်းမူလကိုးကားရာ စာအုပ်ကို အစဖျောက်ထားသော် “ ခေါင်းပုံဖြတ် သုခမိန် ” မည်၏ ။

- ကျမ်းကိုးစာရင်း( အောက်ခြေမှတ်စု ၊ ကျောဘက်မှတ်စု ၊ ကျမ်းကိုးစာရင်း )ဟူသည် ပထမမှာ ကိုးကားရာကျမ်းကို အခိုင်အမာ ရည်ညွှန်ြး ခင်းဖြစ်သည် ။ ဒုတိယမှာ ဖော်ပြလိုသော အချက်ကို အရင်က အတည်ပြုသူ ရှိပြီးဖြစ်ကြောင်း အသိပေးခြင်းပါ ။ ကိုးကားရာ ကျမ်းပြုပုဂ္ဂိုလ် ၊ ကျမ်းအမည် ၊ စာမျက်နှာအတိအကျ ဖော်ပြသင့်သည် ။

- သဲလွန်စ ဦးစွာ တင်ပြထားသော ပညာရှင်အား လျစ်လျူမရှုသင့် ။ ရေးသားရာ အကြောင်းနှင့် ဆက်စပ် ပတ်သတ်သမျှ မိမိထက်အလျင် ဖော်ပြဖူးသူတိုင်းကို ကျမ်းကိုးအဖြင့် သတ်မှတ်သင့်သည် ။

- အောက်ခြေမှတ်စုများပြားခြင်း၊ ကျမ်းကိုး များပြားခြင်း မှာ သုတေသနလုပ်ငန်း၏ တန်ဖိုးမဟုတ် ဖော်ပြထားသည့် အနှစ်သာရသာ တန်ဖိုးအစစ်ဖြစ်သည် ။

- မှတ်စု ကျမ်းကိုးမပါပဲ ပညာရပ်တစ်ခုကို ဖော်ထုတ် တင်ပြဖို့ မဖြစ်နိုင်ပေ ။

Ref; ဦးငြိမ်းကျော်

- လူသိ သူသိ ဟောပြောပုံနှိပ် ထုတ်ဝေပြီးသမျှကို ပေါင်းစပ်ထားသော ( စပ်ထမီ ) မဖြစ်စေရ

- ကြားဖူးသမျှ ၊ သိဖူးသမျှ ၊ ဖတ်ဖူးသမျှတွေ စုပေါင်းတဲ့အခါမှာလည်း အမြင်သစ်နှင့် စစ်ဆေးပြီး အရင်ကောက်ချက်တွေကို ပြင်နိုင် ဖြည့်နိုင်ရမယ်

သူတကာ မကြားဖူးသေးတာ မသိဖူးသေးတာ မတတ်ဖူးသေးတာကို ကြိုးစားရှာပြီး ရသမျှ အချက်တွေကို အကြောင်းအကျိုး ဆက်ပေးရမယ် ၊ စစ်ဆေးရမယ် ၊ အဆိုးအကောင်း အဖြေဖော်ထုတ်ပေးရမယ်

သုတ = အကြားအမြင် + ဧသနာ = ရှာမှီးခြင်း
ရှေးကရှိပြီး တိမ်မြှုပ်နေလို့ ပြန်ရှာရတယ် လို့အနီးစပ်ဆုံး ဘာသာပြန်နိုင်ပါတယ်

- အကြောင်းချင်းရာ တစ်ခုကို သုတေသနပြုတဲ့အခါမှာ အင်မတန် စေ့စပ်သေချာရတယ်

- စေ့စပ်သေချာချင်ရင် စူးစမ်းရှာဖွေတဲ့ နယ်ကို ကျဉ်းရမယ် ၊ စူးစမ်းရှာဖွေချင်တဲ့ ကာလကိုလည်း တိုတိုပဲ သတ်မှတ်ရမယ်

- ကိုယ်တင်ပြလိုတဲ့ အချက်တိုင်း အကိုးအကား အထောက်အထား ခိုင်လုံရမယ်

- ပိုပိုသာသာချဲ့ထွင်ရေးမိရင် အတွေးနယ်ချဲ့လွန်းတယ်လို့ ကဲ့ရဲ့ခံရမယ်

- အကြောင်းအကျိုး ဆက်စပ်ပြီး ဖြစ်နိုင်တာကို ပြောခွင့်ရှိပါတယ် ဒါပေမယ့် အင်မတန် ချိန်ဆပြီးမှ ပြောသင့်ပါတယ်

- ဘက်လိုက်မရေးပါနှင့် အကြိုက်တူရင် မြှောက်ပင့်တာ ချီးမွမ်းလွန်းတာ ကာကွယ်တာတွေ ရှောင်ပါ ။ ထို့အတူ အကြိုက်မတူလို့ တစ်ဖက်သတ် ချိုးနှိမ်မရေးပါနှင့်

- အကြောင်းတူတူ ကို ထပ်တူဖော်ပြတာခြင်းမျိုး ရှောင်ရှားပါ ။

- ရှာလို့ရသမျှကို လိုရာသုံးနိုင်ဖို့ အမြန်ဖြန့်ပါ

- စာတမ်းကို ပညာရှင် အဖွဲ့အစည်း တစ်ခုခုမှာ သွားဖတ်ပါ ၊ ပညာရှင် ဂျာနယ် စာစောင်များမှာ ထည့်သွင်းဖို့ ကြိုးစားပါ ၊ စာအုပ်ထုတ်ပါ ၊ တပါးသူ ဖတ်သမျှ စာတမ်းပွဲကို ရောက်အောင်သွားဖို့ လိုအပ်ပါတယ် ၊ စာတမ်းစာစောင်များကို မပြတ်လေ့လာပါ ။

- လေ့လာမှု နယ်ပယ်မှ အပဖြစ်သော အကြောင်းအရာများကိုလည်း လိုအပ်တိုင်း အသုံးပြုနိုင်ဖို့ မှတ်တမ်းတင်ထားပါ

- လေ့လာမှု နယ်ပယ်နှင့် ပတ်သတ်ပြီး ယခင်ကတည်းက အကျွမ်းဝင်ပြီးသားဖြစ်ရမည့် အပြင် လမ်းညွှန်နိုင်သော ပုဂ္ဂိုလ်များကိုလည်း အားကိုးသင့်ပါတယ်

- ဝါသနာနှင့် ကိုက်ညီသော အပိုင်းကဏ္ဍကိုသာ တစ်စိုက်မတ်မတ် စာတမ်းရေးသားပါ

- အထောက်အထားများကို လက်လှမ်းမမီတာမျိုး ထိုအထောက်အထားများထံ အရောက်မသွားနိုင်တာမျိုး ဆိုလျှင် ထိုကျမ်းကို ရေးဖို့ စိတ်တောင် မကူးသင့်ပါ

- မှတ်တမ်းဖတ်ရုံနဲ့ မပြီးတဲ့ အကြောင်းအရာများကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာ ဖော်ထုတ်ခြင်း မရှိပဲ မတင်ပြသင့်ပါ

- မူလအထောက်အထားဖြစ်သည်မှန်သော်လည်း ကျမ်းပြုစုရလောက်အောင် များပြားရဲ့လား သတိချက်သင့်တယ်

- တစ်ဆင့်ခံ အထောက်အထားများနှင့်တော့ ကျမ်းရေးဖို့ တက်မလာကြပါနှင့်

Ref ; ဒေါက်တာသန်းထွန်း

သျှင်​​လေညင်း

Monday, 4 January 2016

လူမျိုးကြီး ဝါဒစွဲ အမြင်ကျဉ်းသမားများရဲ့ အနုပညာ


ဖြေရှင်းရခက်တဲ့ နားလည်ရခက်တဲ့ သမိုင်းအခြင်းအရာများကို အဖြေရှာတွေ့ပြီးသားပုံစံ နှင့် ပြန်လည် ရေးပြတဲ့အခါ ရှင်းလင်းပြီး နားလည်ရလွယ် သမျှ ဖော်ပြရေးသားချက် ဘယ်အရာကို မဆို ဖတ်ကြည့်လိုက်တာနဲ့ အောက်ပါအချက်များ အနက် တစ်ခုခုကို စောင်းပေးဖော်ပြ ထားတာပဲတွေ့ရပါလိမ့်မယ် ပုံပြင်ပမာ သိပ်ဖတ်ကောင်းနေပါလိမ့်မယ်
(၁) ရှေးအနှစ်နှစ်ထောင်က ပျူအထောက်အထားများကို မြန်မာနိုင်ငံအနှံ့အပြားတွင် တွေ့ရသည်ဟု ဖော်ပြပါရှိပါလိမ့်မယ် ။
(ဖော်ပြချက်ဟာ ဒီမှာတင် မရပ်ပါဘူး ပျူနှင့်အတူ ဗမာများသည် အစဉ်အလာကြီးသောသူများဖြစ်သည်လို့ ဆက်ပြောပါလိမ့်မယ်။ ပြီးတော့ ပျူအထောက်အထားတွေ့နေရာကနေ ဘယ်လိုကဘယ်လို ဗမာအထောက်အထားအဖြစ် ပြောင်းမှန်းမသိ ပြောင်းသွား ပါလိမ့်မယ်)

Sunday, 13 December 2015

အလံများ


ရှေးခေတ်မြန်မာ့တပ်မတော်များတွင် သုံးစွဲခဲ့သော စစ်အလံများတွင် အလံ တံခွန် စသည့်အသုံးကို ဦးစွာ တွေ့ရ၏ ။

တံခွန်အသုံးကို အစောဆုံးအဖြစ် ဓဇဂ္ဂသုတ်တွင် တွေ့နိုင်သည် ။ 

ဓဇ္ဇဂံ္ဂ - တံခွန်ဖျားကို ဟူ၍ သုံးနှုန်း၏ ။

ဟံသာဝတီ ဦးဘရင်ကမူ တံခွန်ဆိုသောစကားရင်းမြစ်ကို တံ = ရေကိုဟောသော သူဟောင်းတို့၏ အလို ၊ ခွန် (ကွန်) = ချိုး -ကျိုး ၊ချ - ကျ ၊ ကွဲ - ခွဲ ဟူသော ကြိယာပုဒ် ဥပမာဖြင့် နှိုင်းယှဉ်သော် 
ချ ၊ ချိုး ၊ ခွဲ မှာ ပြုလုပ်သူပါရှိသောကြောင့် ကာရိုက်ကြိယာ 
ကျ ၊ ကျိုး ၊ ကွဲမှာ ပြုလုပ်သူမပါရှိသောကြောင့် သုဒ္ဓကြိယာ စသည်လို ကွဲပြားသလို ကွန်မှာ သုဒ္ဓဖြစ်၍ ခွန်မှာ ကာရိုက်ဖြစ်သည် ။ 

တံခွန်ဆိုသည် ရေတံခွန်ပမာ အဝေးက ကြည့်လျှင်ပင် မြင်နိုင်သကဲ့သို့ ရေပျံဝဲပုံကို အတုယူ၍ ပြုလုပ်ထားသဖြင့် ဆိုဟန်ရှိ၏ဟု သတ်မှတ်သည် ။ 

အလံသည် မွေးစားစကားလုံးဖြစ်ပြီး မြန်မာတို့၏ တံခွန်နှင့် အတူတူပင် ။ 

တံခွန်တွင် တံခွန်ပြား တံခွန်လုံးဟူ၍ အမျိုးမျိုး ရှိသလို အလံတွင်လည်း လေးထောင့် ၊ ကြက်လျှာ ၊ လျားကြီး နံငယ် စသည်ဖြင့် ရှိတတ်သည် ။ 

ရှေးခေတ် မြန်မာ့အလံများတွင် အလံပုံသဏ္ဍာန်မှာ ကြက်လျှာ ၁ ညွန့် /တြိဂံပုံအလံ တံခွန် နှင့် ကြက်လျှာ ၃ ညွန့် အလံဟူ၍ နှစ်မျိုးရှိပါသည်။

မြန်မာ့တပ်မတော် တို့ အလံကို မည်သည့်ကာလက စတင်သုံးစွဲခဲ့သနည်း စုံစမ်းရသော် အခြားသော ခေတ်ပြိုင် တပ်များသုံးစွဲမှုကြောင့် မြန်မာ့တပ်မတော်တွင်လည်း အလံကို အနော်ရထာမင်း လက်ထက်ကတည်းပင် သုံးစွဲကြလိမ့်မည်ဟု ယုံကြည်ရသည် ။ 

သို့သော်လည်း အလံအသုံးအနှုန်းကို အင်းဝခေတ်ရောက်မှ စတင်တွေ့ရှိရကြောင်း အင်းဝခေတ် မင်းခမ်းမင်းနား မြန်မာမှုများ အကြောင်း ရေးသားထားသည့် အင်ရုံရွာစား သီရိဥဇနာ၏ လောကဗျူဟာ ကျမ်းက သက်သေခံထားသည် ။ 

ထိုကျမ်းတွင် ရဲတံခွန်အစုသား ၊ ရဲတံခွန်အလံ ၊ သူရဲကြီးအလံ ၊ သူရဲကြီးသား ဝင်းတော်သားတို့ စွဲကိုင်ရသော အလံ စသည်ဖြင့် ခွဲခြားဖော်ပြထားရာ ထိုအချိန်ကပင် အလံကိုင်တပ်ဖွဲ့နှင့် ရာထူး အဆင့်အလိုက် သီးခြားအလံကို အသုံးပြုနေကြောင်း သိရသည် ။ 

ရှေးအခါက မြန်မာ့တပ်မတော်တွင် အလံကို အသုံးပြုမှု သမိုင်းဇစ်မြစ် ကို ဖော်ထုတ်ပြီးသော် မြန်မာတို့၏ အမျိုးသား အလံဟူသည်ကား မည်သည်နည်း မေးခွန်ထုတ်စရာ ရှိလာပြန်သည် ။ 

ဘာသာရေးအလေ့အထကို ဦးစားပေးလေ့ရှိသော ရှေးမြန်မာကြီးများသည် ကိုးကွယ်ရာ မြတ်စွာဘုရားကို ရှိခိုးပူဇော်ရာ၌ “ အာဒိစ္စ ဗန္ဓု ” နေမင်း၏ အဆွေဖြစ်သော မြတ်စွာဘုရားဟု သုံးစွဲလေ့ရှိသည် ။ ထို့ပြင် မြန်မာတို့သည် မိမိတို့ကိုယ်ကို မြတ်စွာဘုရား၏ မျိုးရိုး သကျသာကီဟု ယူဆထားသဖြင့် မြတ်စွာဘုရား၏ အဆွေဖြစ်သော နေမင်းကို အလေးအမြတ်ထားကြသည် ။ ထို့ကြောင့် နေဗိမ္မာန် တွင် ဥဒေါင်းရုပ် အထင်အရှားရှိသည်ဖြစ်၍ နေမင်း၏ အမှတ်သင်္ကေတ ဥဒေါင်းရုပ် ကခုန်မြူးတူးနေဟန်ကို အမျိုးသားအလံတော်တွင် ထည့်သွင်းကြသည် ။ 

ကခုန်နေသည့် ဥဒေါင်းရုပ်ပါ အလံတော်ကို မြန်မာ့အမျိုးသာ အလံအဖြစ် အနော်ရထာ လက်ထက်ကပင် အသုံးပြုခဲ့သည်လော တွေးနိုင်စရာ ရှိသည် ။ ဘကြီးတော်လက်ထက် ရှင်မဖြူကျွန်းပေါ်တွင် ဓညဝတီမြို့ဝန်က ဒေါင်းအလံ သွားရောက် စိုက်ထားခဲ့သည်မှာ မြန်မာ့အထိမ်းအမှတ် ကိုယ်စားပြု ဖြစ်ကြောင်း သက်သေထူခဲ့ခြင်းပင် ။ 

နိုင်ငံတော်အလံမှာ ကြက်သျှာ ၁ညွှန့် အဖြူရောင်တွင် အလယ်က ဥဒေါင်းရုပ်ပုံ ရေးဆွဲထားသည် ။ 

ဝင်းမှတ် အလံမှာ ကြက်သျှာ ၁ ညွှန့် ပေါ်တွင် အရောင်ဖြင့် ခွဲ့ခြားခြင်းဖြစ်၍ အရှေ့ဝင်း၌ အလံဖြူ၊ လက်ယာဝင်းမှာ အစိမ်းရောင်အလံ၊ အနောက်ဝင်းမှာ အပြာရောင်အလံ၊ လက်ဝဲ၀င်းမှာ အ၀ါရောင်အလံ။ ( မြင်းမိုရ်တောင်၏ အရပ်လေးမျက်နှာမှ အရောင် ၄ မျိုးထွက်သည့် တင်စားပြီး ပြုလုပ်ထားခြင်းဖြစ်သည်။

မုံရွေးဇေတဝန်ဆရာတော် စပ်ဆိုခဲ့သော ပျို့၌ မင်းခမ်းမင်းနားတွင် အသုံးပြုသော အလံများကို ကြက်သျှာ ၁ညွန့်တံခွန်ပေါ်တွင် 

၁- ဟနုမာန် မျောက်ရုပ်ကို ရွှေရောင်ဖြင့် လည်းကောင်း 
၂ - ဂဠုန်ရုပ်ကို အဖြူရောင်ဖြင့် လည်းကောင်း 
၃ - ဘီလူးရုပ်ကို အဝါရောင်ဖြင့် လည်းကောင်း
၎ - ဥဒေါင်းရုပ်ကို အညိုရောင်ဖြင့် လည်းကောင်း 
၅- ခြသေ့င်္ရုပ်ကို အစိမ်းရောင်ဖြင့် လည်းကောင်း
၆ - ဆင်ရုပ်ကို အနီရောင်ဖြင့် လည်းကောင်း
၇ - နဂါးရုပ်ကို ဖျော့တော့သော အရောင်ဖြင့် လည်းကောင်း အသီးသီး ရေးခြယ်လျက် ဘုရင်မင်းမြတ်တို့ တက်ရောက်သော ညီလာခံတွင် ပလ္လင်ရှေ့၌ အလံခုနှစ်ပါး အဖြစ် စိုက်ထူထားရှိသည်ဟု သိရသည် ။ 

သူရဲကြီးတို့၏ အလံ မှာအဖြူရောင် ကြက်လျှာ ၃ညွှန့် အလံပေါ်တွင် မင်းခမ်းတော်အလံ ၌သုံးသော အရုပ် ၇ မျိုးကို ရေးဆွဲပြီး သီးခြားချီးမြှင့်ကာ အသုံးပြုစေသည် ။ 

ကိုးကား . နတ်မောက်ဘုန်းကျော် ရှေးခေတ်မြန်မာ့တပ်မတော် မှတ်စုများ 

ပုံများကို ထိုစာအုပ်ထဲမှ ကူးယူ၍ အချို့ကို အခြားသူများထံမှ ကူးယူပါသည် ။

မ"အ"​အောင်​ သမိုင်းသင်

သမိုင်းသင်တာ “မအ” အောင် လို့ ဆိုပြီး ပြောထားတဲ့ ဒေါက်တာသန်းထွန်းစကားကို သိဖူး ကြားဖူး ဖတ်ဖူး ကြပေမယ့် ဘယ်လို “မအ” အောင် သင်ရမလဲ ဆိုတာကို ဆရာကြီးက အချက် (၄) ချက်နဲ့ ပြောသွားပါတယ် ။
လေ့လာကြည့်ပါ ။

(၁) သမိုင်းဟာ အထောက်အထားရှိမှ တိကျမှန်ကန်မယ် ။ တိကျမှန်ကန်တဲ့ အထောက်အထားကို ရအောင် ရှာထားနိုင်ရင် “မအ” တော့ဘူး။ သူများလိမ်ညာတာ မခံရတော့ဘူး။

(၂) သမိုင်းမှတ်တမ်းရေးသူဟာ အဂတိမလိုက်ရဘူး ။ ချစ်လို့ မြောက်ရေးတာ မုန်းလို့ နှိမ့်ချရေးတာ၊ မသိတာကို ၀န်မခံလို့ ဖြစ်ကတတ်ဆန်း ရေးတာမျိုး မလုပ်ရဘူး။ အဂတိ မလိုက်ဘဲ ရေးလိုက်တဲ့ သမိုင်းစစ်စစ်ကို ရှာပြီး လေ့လာပါ ။ ဒါဆို သမိုင်းစစ်ကိုသိရင် “မအ” တော့ပါ။

(၃) သမိုင်းကို မှတ်တမ်းအားကိုးနဲ့ ရေးတိုင်း မှတ်တမ်းကို မစစ်ဆေးပဲ လက်မခံရပါ၊၊ မှတ်တမ်းတချို့က အထက်က တင်ပြရမှာ အခြေအနေမှန်နဲ့  တလွဲစီရေးတာမျိုးတွေ့ ရတတ်ပါတယ်။ ကိုယ့်အပြစ်ကို သူများအပြစ်ဖြစ်အောင် လှည့်ပတ်ရေးတာမျိးလဲ ရှိတတ်ပါတယ်။ အပြစ်ကို အကြောင်းရင်းမပြောဘဲနဲ့ ထိမ်ချိန် ရေးတာလည်း ရှိတတ်ပါတယ် ။ သမိုင်း ပညာရှာသူ လေ့လာသူက အခြေအနေမှန် ဖြစ်ရပ်မှန်ကို စူးစမ်းဖော်ထုတ် လေ့လာဆန်းစစ်ရပါမယ်။ ဒါဆို အလိမ်မခံရတော့ဘူး။ “မအ” တော့ဘူးလို့ ဆို ပါတယ်။

(၄) မှတ်တမ်းမရှိတဲ့ အကြောင်းအရာတွေ ရှိပါတယ်။ မှတ်တမ်းမရှိပေမယ့် ကိုယ်တွေ့ ကြုံခဲ့ရသူတွေဆီက တဆင့်သိခဲ့ရသူတွေရဲ့ ယုံကြည်ရလောက်တဲ့ တိုက်ဆိုင်စစ်ဆေးလို့  မှန်ကန်တဲ့ စကားကို အတည်ပြုပြီး ရှေ့ နောက် ညီညွတ်အောင် ရေးရပါတယ်။ အဖက်ဖက်က လေ့လာစစ်ဆေး အတည်ပြုထားတဲ့ စာတမ်းရပြီဆိုရင် တကယ့် အခြေအနေမှန်ကို သိရပြီလို့ ပြောနိုင် ဆိုနိုင်ပါပြိ ။ဒါဆိုရင်လဲ “မအ” တော့ဘူးပေါ့။

သမိုင်းနည်းနဲ့ ရှေ့ဖြစ်နောက်ဖြစ်မြင်သူ --ရေးသားသူ မောင်တင်ခြုံ မကွေး
ဒေါက်တာသန်းထွန်း ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် အထိမ်းအမှတ်စာတမ်းများ
အမှတ်(၁)
၃၀ နိုဝင်ဘာ ၂၀၁၅
စာမျက်နှာ ၁၄၁

တံလှပ်ကို ရေထင်လို့

တံလှပ်ဆိုတာ လေထုလှည့်စားမှုကြောင့် ပူပြင်းလှတဲ့ သဲကန္တာရ ဖြစ်စေ ဖြောင့်ဖြူး နေတဲ့လမ်းမကြီး ပေါ်မှာဖြစ်စေ ရေပြင်ကြီး ပေါ်ပေါက်နေသယောင် ထင်မြင်မိတဲ့ အမြင်မှား ( Optical Illusion ) ကိုဆိုလိုတာပဲ ဖြစ်တယ် ။ 

မြန်မာစာ မြန်မာစကားနှင့် မြန်မာ့စကားပုံများတွင် တံလှပ် ( mirage ) ကို ဥပမာလင်္ကာအဖြစ်အသုံးပြုတတ်တဲ့ အဓိပ္ပါယ်ကို ဖွင့်ကြည့်ရမယ်ဆိုလျှင် သဘာဝ ဝန်းကျင်၏ သက်ရောက်မှုကြောင့် သူ့အလိုလို ဖြစ်ပေါ်လာသည်ကိုအမှန်ဖြစ်သည်ဟု ယူဆပြီး မစုံစမ်း မစစ်ဆေးပဲ လက်ခံယုံကြည်သူများကို တံလှပ်နှင့် အနှိုင်း ပြုလေ့ရှိပါတယ် ။

“ တံလှပ်(တံလျှပ်)ကို ရေထင် ရွှေသမင် အလိုက်မှား ” ဆိုတဲ့ စကားလုံး အသုံးအနှုန်း ကို လေ့လာကြည့်ရင် သိနိုင်မှာပါ ။ 

တံလှပ်အသုံးကို မြန်မာ့သမိုင်း ရှာပုံတော်ဆိုတဲ့ စာအုပ်ထဲမှာ ဒေါက်တာသန်းထွန်း သုံးထားတာတွေ့ပါတယ် ။ ပါးစပ်ရာဇဝင် - ၄ ရှေးစကားတံလှပ်ဆိုပြီး ရှေးစကား တော်တော်များများဟာ တံလှပ်သဖွယ် ဖြစ်နေတယ်လို့ ရေးသား ဖော်ပြထားပါတယ် ။ 

အကျဉ်းချုပ်ကို ဖော်ပြရလျှင် “ ရှေးစကားကို ပြောတဲ့လူက သူ့မြင်ချင်တဲ့ အကွက်ကို သူ့စိတ်နှင့် မွမ်းမံပြီး တင်ပြလာတဲ့အခါ ခြုံငုံမိတဲ့ အမြင်လွဲသွားမယ် ။ လွဲတတ်တယ် ။ အမှတ်မထင် ( inadvertently )မှားသွားတာလဲ ဖြစ်မယ် ။ တမင်ညာပြော ( intentionally )တာလဲ ဖြစ်မယ် ။ စတင်ပြောတဲ့ တစ်ပါးစပ်က နှစ်ပါးစပ် ၊ သုံးပါးစပ်နဲ့ ခုထိဆို ဘယ်လောက်များ အပိုအကဲ ဝင်နေလဲ ပြောဖို့ခက်သွားပြီ ” လို့ဖော်ပြပါရှိပါတယ် ။ 

ရှေးစကားနှင့် နည်းတူပင် နှုတ်ပြော ၊ အစဉ်အဆက် ပြော ၊ ကောက်သင်းကောက် စကား အစရှိတဲ့ ပါးစပ်ရာဇဝင် ဆန်ဆန် မှတ်တမ်းများကို တံလှပ်ကဲ့သို့ သဘောထားပြီး ဇကာ အထပ်ထပ်နှင့် တိုက်ဆိုင် စစ်ဆေးပြီးမှ လက်ခံယုံကြည်ဖို့ကို တိုက်တွန်း ပြောကြားခဲ့တယ်လို့ ထင်မိပါတယ် ။ 

ရှေးစကား ရှေး မှတ်တမ်းတွေ၏ အမှားများကို စတင်သတိထားမိခဲ့သူက တော့ တွင်းသင်းမင်းကြီး ဖြစ်ပါတယ် ။ ကျောက်စာတွေ ရာဇ၀င်နဲ့ တိုက်ဆိုင်တော့ လွဲနေတာတွေ တွေ့ လာလို့  တွင်းသင်း ရာဇ၀င်သစ် ဆိုပြီး ရေးသားပြု စုခဲ့တာမျိုးကလည်း သမိုင်းမှတ်တမ်းများအတွက် မြင်သာထင်ရှားတဲ့ ဖြစ်ရပ်ပါ ။

အစဉ်အဆက်ပြောစကား နှုတ်ပြောစကား ကောက်သင်းကောက်စကား ရှေးစကား စသည်တို့ကို မည်မျှ အခိုင်အမာယူသင့်သနည်း ဆိုတော့ ဇကာနှင့်တိုက်သလို သေချာ စစ်ဆေးပြီးမှ လက်ခံယုံကြည်သင့်ကြောင်း တဖွဖွမှာကြားခဲ့သော ဆရာ့စကားမှာ အပိုမဟုတ်ပါ ။ 

လူတိုင်းလိုလို သိထားပြီး ဖြစ်သော မြင်သာထင်ရှားသော ဥပမာဖြင့် တင်ပြရလျှင် 

မြန်မာ့သမိုင်းဦးစွန်း လက်နက်နိုင်ငံတော်ကြီးကို စနစ်တကျ ထူထောင်ခဲ့သော ပုဂံမင်းကြီး အနော်ရထာ /အနော်ရထာမင်းစော၏ အမ ည်နာမ တစ်လုံးကိုပင် ရှေးမြန်မာကြီးတို့ အမှန်အကန်ဆုံး လက်ဆင့်ကမ်းနိုင်ခဲ့သည်လော 

အနော်ရထာဟူသော ပုဂံမင်းကြီး၏ အမည်နာမကို သမိုင်းပညာရှင်တို့က အနိရုဒ္ဓ ဟု သုံးနှုန်းကြသည် ။ အနိရုဒ္ဓ အမည်ကို သက္ကတဘာသာဖြင့် ခပ်နှိပ် ပါရှိသော မြေပုံဘုရားများကို မြန်မာနိုင်ငံ အထက်ပိုင်း အညာ ဧရာဝတီ မြစ်ဆုံမှ အကြေတွင် တွံတေးအထိ နေရာအနှံ့အပြားတွင် တွေ့ရ၍ ဖြစ်သည် ။ ထိုမြေပုံဘုရားများတွင် ရေးထိုးပါရှိခဲ့သော “ နိဗ္ဗာန်ကိုလိုသဖြင့် အနိရုဒ္ဓကိုယ်တော်တိုင် လက်တော်ဖြင့် စီမံပြုလုပ်သော ဘုရားများ ဖြစ်သည် ” ဟူသော အဓိပ္ပါယ်ကြောင့် ထိုမင်းကို အနိရုဒ္ဓဟုသာ သတ်မှတ်၏ ။ 

၁၆ရာစုတွင် ရှင်မဟာ သီလဝံသ၏ ရာဇဝင်ကျော် ၊ ၁၇ရာစုတွင် မြောက်နန်းဆရာတော်၏ ရာဇာဝင်ချုပ် နှင့် အမည်မသိစာဆို၏ ဇာတာတော်ပုံ ရာဇဝင် ၊ ၁၈ရာစုတွင် ဦးကုလား ပြုစုခဲ့သော ရာဇဝင်ချုပ် ရာဇဝင်လတ် ရာဇဝင်ကြီး ၊ ၁၉ရာစု တွင် ဘကြီးတော်ဘုရား၏ သမိုင်းကော်မရှင်က ပြုစုခဲ့သော မှန်နန်းရာဇဝင်တော်ကြီး ၊ ညောင်ကန်ဆရာတော်၏ သီဟဠဒီပ မြန်မာရာဇဝင် အချုပ် နှင့် ရာဇဝင်ချုပ် လင်္ကာ ၊ မုံရွေးဆရာတော်၏ မုံရွေးရာဇဝင် အစရှိသော ရာဇဝင်စာအုပ်များနှင့် ၎င်းတို့၏ နောက်ဆက်တွင် မှတ်တမ်းများတွင် အနော်ရထာ /အနော်ရထာမင်းစောဟုသာ ဖော်ပြပါရှိသည် ။ 

ထို့အတူ ပုဂံခေတ် ပြင်ပကာလတွင် ရေးထိုးခဲ့သော နှောင်းခေတ် ကျောက်စာများ တွင်လည်း အနော်ရထာ အနော်ရထာမင်းစောဟု သုံးနှုန်းပါရှိ ခဲ့ရာ ကွဲပြားမှုကို မြင်သာထင်ရှားစွာ တွေ့မြင်နိုင်ပါသည် ။ 

ရာဇဝင်ဟူသရွေ့ စုစည်းရသမျှ ကျောက်စာ ပေစာ ပုရပိုက်စာ အုတ်ခွက်စာများကို လက်ဆင့်ကမ်း ကူယူထားရသည့် အမှန်တရား အရ ပညာရှင် လက်ခံသော အမည်နာမ အနိရုဒ္ဓနှင့် ရာဇဝင်လာ အနော်ရထာ အနော်ရထာ မင်းစော အမည်တို့မှာ သိသာထင်ရှားစွာ ကွဲပြားလွဲမှားနေကြောင်း သိနိုင်သည် ။ 

ထို့ကြောင့် ရှေးမြန်မာကြီးတို့မှာ သမိုင်းတစ်ခေတ်လျှင် တစ်ယောက်ဆိုသလောက် လျှမ်းလျှမ်းတောက် ထင်ရှားခဲ့သည်ဟု ၎င်းတို့ ညွှန်းဆိုခဲ့ကြသော မင်းတစ်ပါး၏ အမည်နာမကိုပင် မှန်ကန်စွာ လက်ဆင့်ကမ်းနိုင်ခဲ့သလော ချင့်ချိန်ကြည့်နိုင်သည် ။ 

တံလှပ်သဘော ဖြစ်ပေါ်နေသော ရေအိုင်အား အမှန်တကယ် ဟုတ်မဟုတ် သွားရောက် စုံစမ်းခြင်း မရှိပဲ အမြင်အတိုင်းသာ ရေအိုင်ဟုသာ မှတ်တမ်း ပြုခဲ့ကြသလော ။ မင်းဆက်လင်္ကာ မင်းဆက်သာချင်းများကို လက်ဆင့်ကမ်း ရွတ်ဆိုရာတွင် အသံထွက် လွဲမှားခဲ့သည်လော ။ သို့တည်းမဟုတ် မင်းဆက်ပြောင်းချိန် ခေတ်ပြောင်းချိန်ကြောင့် အနွယ်မတူသည့် နောင်တတ်သော မင်းဆက်၏ ဓလေ့နှင့် ကိုက်ညီစေရန် သတ်မှတ်စေမှုကြောင့်လော ။ 

နှစ်ပေါင်း ၂၀၀ကျော်ကာလအတွင်းက အရေးကြီး ပုဂ္ဂိုလ်တစ်ဦး၏ အမည်နာမကိုပင် တိကျစွာ မှတ်တမ်းမပြုနိုင်ခဲ့သည်မှာ ထင်ရှားနေပါသည် ။ 

ထို့ကြောင့် ရှေးစကားကို တံလှပ်ကဲ့သို့ သဘောမထားမိပဲ စနစ်တကျ မစစ်ဆေးသော အခါ တံလှပ်သည် ရေအိုင်ဖြစ်ရ၍ ထပ်မံကူးယူသူတို့မှာလည်း ရေအိုင်ဟုသာ ယုံကြည် လက်ခံ နေကြသည်လားဟု တွေးမိရင်း ။

AddThis