မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Wednesday, 16 March 2016

ပျူဆိုတာ ဖျောက်လို့ရပါ့မလား

အင်းဝခေတ်တွင် ပေါ်ထွန်းခဲ့သည့် ရှင်မဟာသီလဝံသ၏ ရာဇဝင်ကျော်ကြီးတွင်  ပြည်မြို့အနီးက မြို့ပျက်ကြီးတွင် ဒွတ္တဘောင်မင်း၏ သရေခတ္တရာမြို့ဟောင်းကြီး တွင် ပျူလူမျိုးများ နေထိုင်ကြသည်ဟု ရှေ့လူတို့ ပြောစကားဖြင့် မှတ်တမ်းတင်ခဲ့သည် ။ စာမတတ်သော ကျမတို့ဘိုးဘွားများက အနော်ရထာမင်းကြီး ကျန်စစ်သားနှင့် သဗ္ဗူလ ခင်ဦးတို့ကို မှတ်မိနေသည့် ပုံမျိုးနှင့် အတူတူပါ ။ သားစဉ်မြေးဆက် လက်ဆင့်ကမ်းခဲ့သော ပါးစပ်ရာဇဝင်များနှင့်အတူ ကျမတို့ဘိုးဘွားများ၏  ညဉ့်အိပ်ယာဝင် ပုံပြင်များထဲတွင် ပျူစောထီးလဲ ပါသည် ။ ဒွတ္တဘောင်နှင့် ပန်ထွာဘုရင်မအကြောင်းလဲ ရံဖန်ရံခါကြားရသည် ။ နှစ်ဆယ်ရာစုက လူတို့သည် ထိုအမည်များကို မမေ့ကြသေး ။ဒေါက်တာသန်းထွန်းက နှုတ်ပြောဆိုတာ မှတ်ရလွယ်အောင် အချက်အလက်တွေကို ကျစ်ကျစ်လစ်လစ်နဲ့ စီထားပြီး မှတ်ဥာဏ်အင်မတန်ထက်သူကို အာဂုံဆောင်ထားစေပြီး ၎င်းနှင့် ပုံစံတူ လူငယ်များအပေါ် လက်ဆင့်ကမ်းခဲ့တဲ့ မှတ်တမ်းတစ်မျိုးပဲလို့ ဖော်ပြထားပါတယ် ။ အားကိုးလောက်တဲ့ နှုတ်ပြောမှတ်တမ်း ဖြစ်ဖို့ဆိုရင်တော့ အမှန်အမှား စစ်ဆေးတဲ့နည်း နဲ့ စစ်ဆေးပြီး အပိုင်းခွဲကာ လက်ခံဖို့ တိုက်တွန်းဖူးပါတယ် ။
ကဲဆက်ရအောင်
ကျမတို့ဘိုးဘွားတွေ လွန်ခဲ့တဲ့ အနှစ်တစ်ထောင်လောက်က အနော်ရထာကို မှတ်မိတယ်ဆိုရင်ပဲ အင်းဝခေတ်လူတွေ သရေခတ္တရာမှာ ပျူလူမျိုးတွေ နေခဲ့တယ် ဆိုတာမျိုးကို ကောင်းကောင်းကြီး မှတ်မိတယ်လို့ ပြောနိုင်ပြီထင်ပါတယ် ။ ထို့နောက် ညောင်ရမ်းခေတ်မှာပေါ်ထွန်းခဲ့တဲ့ ဦးကုလားရာဇဝင်ကြီးက သရေခတ္တရာနှင့် ပျူလူမျိုးကို လက်ခံပြီး ကုန်းဘောင်ခေတ်တွင် မှန်နန်းရာဇဝင်တော်ကြီးက ဆက်လက် အတည်ပြုသောအခါ ပျူတို့နှင့် သရေခတ္တရာမှာခွဲမရဖြစ်လာတော့သည် ။ 
ကိုလိုနီခေတ်ရောက်လာတော့ ရှေးဟောင်းသုတေသနပညာရပ် ထွန်းကားလာမှုနှင့် အတူ သရေခတ္တရာမှ တွေ့ရတဲ့ စာများကို ပျူစာဟု သတ်မှတ်လာကြပြီး မည်သူမျှ မဖတ်နိုင်သေးပါ ။ ၁၈၈၆ -၈၇ခုနှစ်တွင် ဒေါက်တာဖော်ရှမ်းမားက ပုဂံမြို့တောင်ဘက် မြင်းကပါရွာအနီးက မြစေတီခြေရင်းမှာ ရာဇကုမာရ်ကျောက်စာ တစ်ဖြစ်လဲ မြစေတီကျောက်စာတိုင် အသေးကို စတင်ရှာဖွေတွေ့ရှိခဲ့ပါတော့တယ် ။ ထိုကျောက်စာကို စစ်ဆေးစေသောအခါ ပျူဒေသတွင် တွေ့ရသော ကျောက်စာများနှင့် ဆက်နွယ်မှုရှိသည်ဟု ဘာသာဗေဒပညာရှင်ကြီး စီအိုဘလက်ဒင်က လက်ခံပြီး လေးမျက်နှာပါ ကျောက်စာတိုင်၏ တစ်မျက်နှာတွင် ပါဝင်သော အက္ခရာများမှာ ယာယီပျူစာ ဖြစ်သည်ဟု အမည်တပ်ခဲ့တော့သည် ။
မှန်နန်းရာဇဝင်ကြီးတွင် ပျူတစ်စု ကမ်းယံတစ်စု မြန်မာတစ်စု
ကျောက်စာမှတ်တမ်းများတွင်
ကန္တူပြူ
ပျူမောင်းမအိုပြည့်သင်
ပျူထန်ငါကုန်စောင်
ငါပျူသင်ရွာ
ပျူသမီးဟု ပျူအဖြစ် အထူးသီးခြား သတ်မှတ်ထားသည့်  မှတ်တမ်းတွေ့ရသလို
တရုတ်က ဖျောက်
ဂျာဗားက ထုလီချူ
မွန်က တိရ်စုလ်
ပါရှက တဆူလ်
မြန်မာက ပျူ
ပျူကိုယ်တိုင်က ထုလောကျူဟု အမျိုးမျိုးခေါ်ကြသည်
ကျန်စစ်သားမင်း နန်းတည်ကျောက်စာတွင်
မြန်မာသီချင်း
မွန်သီချင်း
ပျူ(တိရ်ဆူလ်)
မင်သီချင်း ဟုလူမျိုးအလိုက် ခွဲခြားပြသော အမှတ်အသားများလည်း ရှိဖူးသည် ။
ထို့ပြင် လူမျိုး တစ်ရာ့တစ်ပါးတွင် ပျူလူမျိုးကိုလည်း ထည့်သွင်းထားရာ ကမ္ဘာ့ပညာရှင်များက ယာယီပျူနေရာတွင် ပျူဟုသာ အတည်ပြုလျက် ယနေ့ကာလတိုင် ပျူလူမျိုး ပျူယဉ်ကျေးမှု ပျူစာ ပျူလက်ရာ ပျူပစ္စည်း ပျူဒေသ ပျူဒိုင်နေစီ ပျူယဉ်ကျေးမှုဇုံဒေသများဟု သုံးစွဲခဲ့ကြပါတယ် ။ လူမျိုးကွဲပြား၍သာ လူမျိုးပြ ပျူဟူသော နာမဝိသေသနဖြင့် ရေးသားခေါ်ဝေါ်ခဲ့ခြင်းဖြစ်ပေမည် ။
ထို့ကြောင့် ပျူဆိုသော အမည်ကို ဒေးဗစ်ကော်ပါဖီးလို ဖျောက်ပြရုံနှင့် ပြီးမသွား ဖျောက်၍ မဖြစ်သဖြင့် ဆက်လက် ယူငင်သုံးစွဲပြန်လျှင်လဲ ပုဂံခေတ်နောက်ပိုင်းတွင် ပျူတို့၏ အခန်းကဏ္ဍက နည်းပါးသည်ထက် နည်းပါးနေပြီ ။ မြန်၍ မာသော မြန်မာများကိုသာ တွေ့ရတော့သည် ။ မွန်တွေများလာပြီ ။ ရခိုင်တွေလည်း မှတ်တမ်းခိုင်ခိုင် ပြနိုင်နေပြီ ရှမ်းတို့ ခြေဆန့်လာကြပြီ ။ ပျူကတော့ အထောက်အထားတွေသာချန်၍ စာလည်း ပျောက်ခဲ့ပြီ ။ လူမျိုးတွေကတော့ တောင်ပေါ်တက်ပြေးကုန်ကြသလား မသိနိုင်တော့ပါ ။
သျှင်​​လေညင်း

AddThis