မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Saturday, 7 September 2013

ကမ္ဘာကျော်ပေမယ့် မြန်မာမကျော်တဲ့သူ ။

Zin Yaw Page မှကူးယူဖော်ပြပါသည် ။

မန္တလေးတက္ကသိုလ် ဘူမိဗေဒဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာ ဦးဘ မော်ဟာ ပုံတောင်ဂျီးဟား ခေါ်တဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း သန်း ၄၀ ကလူသား ရဲ့ကျောက်ဖြစ်ရုပ်ကြွင်းမေးရိုးကို စတင်ရှာဖွေတွေ့ရှိခဲ့ တယ်။ လူသားများ ရေကြည်ရာမြက်နုရာ ပြောင်းရွှေ့နေထိုင်ခြင်း ဆိုင်ရာ သီအိုရီအဟောင်း တွေကို လည်း ပြောင်းပြန်လှန်ပစ်ခဲ့တယ်။



ဆရာဦးဘမော်ကို ကိန်းဘရစ်တက္ကသိုလ်က International Man of the Year အဖြစ် ၁၉၉၉ ခုနှစ်မှာ ရွေးချယ်သတ်မှတ်သလို နိုင်ငံတ ကာ အတ္ထုပ္ပတ္တိ မှတ်တမ်းပြုစုရာမှာ ထည့်သွင်းခံရတယ် ။ အမေရိ ကန် ပြည်ထောင်စုက Smitsonian Institute က 50 Great Man of 21 Century လို့ သူ့ကိုထည့် သွင်း သတ်မှတ်တယ်။ နိုင်ငံတကာမှာ ထင်ရှားတဲ့သိပ္ပံဂျာနယ်တွေဖြစ်တဲ့ Nature တို့ Science တို့လိုနေရာ တွေမှာ ဆရာဦးဘမော်က သုတေသန ဆောင်းပါးတွေ ရေးသားတာ မို့ နိုင်ငံတကာကထိပ်တန်းသိပ္ပံ ပညာရှင်လော ကက လေးစားအသိ အမှတ်ပြုခံရတယ်။

ဝါးလုံးခေါင်းထဲ လသာတယ်လို့ လူတွေပြောလေ့ရှိကြတယ်။ ဆရာဦး ဘမော်ကတော့ အဲသည်စကားနဲ့ ပြောင်းပြန်။ သူကနိုင်ငံတကာ သိပ္ပံပညာရှင် လောကမှာ ထင်ရှားပေမယ့် မဆလခေတ် ပညာရှင် နယ်ပယ် မှာ အခွေအ ခေါက်ခံရတယ် ။ သူ့လုပ်ရပ်ကို လူတွေကသိ ပေမဲ့ သူ့ကိုမသိကြဘူး။

တစ်မနက်မှာတော့ မန္တလေးမြို့က မော်ဒန်ဂျာနယ် အထက်မြန်မာ ပြည်ရုံးခွဲကို ဦးဘမော် ဆိုက်ကား တစ်စီးစီးပြီး ပေါက်ချလာတယ်။ အသက်က ၈၀ ကျော် ပြီမို့ ကျန်းမာရေးက ချူချာပုံရတယ်။ လွန်ခဲ့တဲ့ သက္ကရာဇ် ၂၀၀၀ပြည့်နှစ်တုန်း က ပညာရှင်များ၏ ၂၁ ရာစုအတွေး သစ်အမြင်သစ်စာအုပ်ကို ရေးဖို့ ဆရာဦးဘမော်ကို ကျွန်တော်အင် တာဗျူးလုပ်ဖူးတော့ အချင်းချင်းရင်းနှီးနေ ကြပါပြီ။ ကျွန်တော်တို့ ရုံးခန်းကို သူရောက်လာတော့ စကားစမြည်ပြောဖြစ် ကြတယ်။ ဆရာက တောသား ။ သူ့ငယ်ဘဝကို ကျွန်တော်ကမေးတယ်။

'ကျွန်တော့်ကိုမွေးတာက မုံရွာမြို့နယ် ကြာပိုင်ရွာ၊ အမှန်အတိုင်းပြော ရရင် ဂျပန်ခေတ်တစ်ခေတ်လုံး ကျွန်တော်ကျောင်းမနေရဘူး၊ ဘုန်ြး ကီးကျောင်း လိုက်တာ၊ အဖေကလယ်သမား၊ ကျွန်တော်က အဖေနဲ့ လယ်ထဲလိုက်ရတယ်၊ ပျိုးပင်တွေထမ်းပေးရတယ်၊ တစ်ခါတော့ က တွတ်ပေါက်နား ပျိုးစည်း တွေ ထမ်းရင်း လဲကျတယ်၊ အဖေ့ကို ကျွန် တော် တောင်သူတော့ မလုပ်ပါရစေ နဲ့တော့၊ ပညာပဲသင်ပါရစေလို့ ပြောလိုက်တယ်'

ဆရာဦးဘမော် အဲဒီအချိန်က ကတွတ်ပေါက်နားမှာ လဲကျလိုက်တာ အားလုံး အတွက် ကံကောင်းတာပဲလို့ ကျွန်တော်တွေးလိုက်မိပါတယ်။

'ဂျပန်ခေတ်ကုန်တော့ ကျွန်တော်က ၁၀ နှစ်သား၊ ကျွန်တော့်ဘကြီး အထက် တန်းပြဆရာကြီး ဦးစိုးဖေ က မုံရွာခေါ်ပြီး ပညာသင်ပေးတာ၊ ကျွန်တော်က စာလိုက်နိုင်တော့ ငါးတန်းကစထားပေးတယ်၊ တစ်နှစ် တည်းနဲ့ ငါးတန်း အောင်တယ်'

'အောင်တော့' လို့ကျွန်တော်က စကားထောက်ပေးပါတယ်။

'ကျွန်တော့်အဖေက ချောင်ဦးသားဆိုတော့ ခြောက်တန်းကကိုးတန်း အထိ ချောင်းဦး State High School မှာနေတယ်၊ ကိုးတန်းမှာ မုံရွာ ဦးမောင်မောင် အမျိုးသားကျောင်းပြောင်းတက်တယ်၊ ဆယ်တန်း အောင်တယ်၊ တစ်နှစ် တည်းနဲ့အောင်တာပါ'

'တက္ကသိုလ်ဆက်တက်တော့'

'မန္တလေးတက္ကသိုလ်မှာ နှစ်နှစ်တက်တယ်၊ မန္တလေးတက္ကသိုလ်မှာ ဘူမိဗေ ဒသင်မယ့် ဆရာမရှိလို့ ရန်ကုန်ပြောင်းတယ်'

'အဲဒီအချိန်က ဘူမိဗေဒကခေတ်မစားသေးဘူး၊ ဘာကြောင့်ဆရာက စိတ်ဝင် စားရတာလဲ'

'သူငယ်ချင်းတစ်ယောက်က ဘူမိဗေဒယူတယ်၊ သူငယ်ချင်းယူတဲ့ဘာ သာကို လိုက်ယူတဲ့သဘောပါပဲ'

ဆရာဦးဘမော်က ရိုးရိုးသားသားပဲ ပြောတယ်။ တက္ကသိုလ်တက်ဖို့ ရန်ကုန်မှာ နေထိုင်ပုံကို ကျွန်တော် ကမေးတယ်။

'ဘုန်းကြီးကျောင်းမှာ ခဏနေတယ်၊ နောက်ကျသူငယ်ချင်း ကိုဘိုနီ နေတဲ့ သ ထုံဟောမှာနေတယ်၊ အမှန်အတိုင်း ပြောရရင် ကျွန်တော် တို့က ခိုးနေတာ တစ်ယောက် စာအဆောင်ကြေးသွင်းပြီး ကျန်တဲ့ သူ ကကပ်နေတာ၊ ထမင်း တော့အပြင်မှာ ဝယ်စားတာပေါ့'

ကျွန်တော်က ဆရာ့နောက်ခံဘဏ္ဍာရေးကို မေးတယ်။

'ကျွန်တော်အဘွားက ချမ်းသာတယ်၊ လယ်တွေရှိတယ်၊ လယ်တွေ ရောင်းပေး နိုင်တယ်၊ ကျွန်တော်က ကျောင်းမှာစတိုင်ပင်လဲရတယ်'

'ဆရာကြီးရဲ့ သူငယ်ချင်းလဲ ဘူမိဗေဒဘွဲ့ပဲရသလား'

'သူက Chemistry မလိုက်နိုင်လို့ Geography ပြောင်းယူတယ်၊ ကျွန် တော်က မခံချင်တဲ့စိတ်ရှိတယ်၊ ဓာတုဗေဒကြောင့် စာမေးပွဲကျရမှာ လားဆိုပြီး ဖိကြိုး စားတယ်၊ စာမေးပွဲမှာ objective question (ဓမ္မ ဓိဋ္ဌာန်မေးခွန်း) ၁၀၀ မေး ရင် ကျွန်တော်က ၁၀၀ လုံးမှန်တယ်၊ ၁၉၆၀ ခုမှာ ဘီအက်စ်စီဘွဲ့ရတယ်'

'ဆရာကြီး ဘီအက်စ်စီဘွဲ့ရတော့ ဘာဆက်လုပ်သလဲ'

'ကျွန်တော်က အဲဒီအချိန်မှာ အိမ်ထောင်ကျနေပြီ၊ ၁၉၆၀ ခုဇန်နဝါရီ ၂ ရက်နေ့မှာ အိမ်ထောင်ကျ တယ်၊ အိမ်ထောင်ဖက်က မန္တလေးဆေး ရုံကြီးက စစ္စတာ ဒေါ်အေးစီ၊ စာမေးပွဲအောင်စာရင်းလဲ ထွက် ရော ကျူတာလုပ်ချင် တယ်လို့ လျှောက်လွှာရေးတင်လိုက်တာ၊ နောက်နေ့ ကျ ခန့်စာထွက်လာရော၊ ကျွန်တော် ဒါလောက်မြန်မယ်မထင်ဘူး'

'တက္ကသိုလ်မှာ ဆရာလုပ်ရင်း အမ်အက်စ်စီ ဆက်တက်တာလား'

'ကွာလီဖိုင်း requirement (လိုအပ်တဲ့ သတ်မှတ်ပြဋ္ဌာန်းချက်) ပြည့် အောင် နှစ်နှစ်တက်ရတယ်၊ requirement ဖြစ်တော့ thesis (ဘွဲ့အ တွက် သုတေ သနစာတမ်း) တင်ရတယ်၊ ၁၉၆၈ ခုမှာ အမ်အက်စ်စီ ရတယ်၊ ကွာလီဖိုင်းအပြီး ၁၉၆၅-၆၆ ခုမှာ မကွေးကောလိပ်မှာ ဘူမိ ဗေဒဌာန အသစ်ဖွင့် တော့ ဌာနမှူး အနေနဲ့ ပို့လိုက်တယ်'

'ဆရာကြီးကျ သုတေသန အလုပ်တွေကို ဘယ်လိုဝါသနာပါခဲ့တာလဲ'

'ကျွန်တော် မကွေးရောက်တော့ မကွေးနားက ရေနံထွက်တဲ့ ဖလန်း ညိုဆို တာရှိတယ်၊ အဲဒီမှာ ရေနံ ထွက်တဲ့ ကျောက်တွေကို ကျွန်တော် လေ့လာတာ၊ ကျွန်တော်က ငယ်ငယ်တုန်းကတည်းက သုတေ သန ဝါသနာပါတာ၊ ကျွန် တော်ရေးထားတာ စာတမ်းပေါင်း ၂၀ ကျော်ရှိ တယ်၊ မကွေးမှာတုန်းက သစ် ရာကောက်ကိုလဲ သွားလေ့လာတယ်၊ ရှေးဆင်၊ အစောဆုံးဆင်ပေါ့၊ အဲဒီဆင် ရဲ့ ကျောက်ဖြစ်ရုပ် ကြွင်းတွေ ကို တွေ့တယ်'

မကွေးဒေသကိုသွားခဲ့တဲ့ ကျွန်တော့်ရဲ့ မိတ်ဆွေအချို့လည်း ယခု လောလော ဆယ်ပဲ အလွန်ကြီးတဲ့ ဆင်အံကျောက်ဖြစ်ရုပ်ကြွင်းကြီး တွေကို ရှာဖွေရရှိခဲ့ တယ်။ အစောဆုံးဆင်ပေါ့။ အင်မတန်ကြီးမားတဲ့ သွားကြီးတွေနဲ့ မေးရိုးကို တွေ့တာဖြစ်တယ်။ သူကတော့ဒါဟာ ကမ္ဘာ ဦးကာလက ဒိုင်နိုဆောရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းလို့ထင်တယ်။ ဆရာ ကြီးကိုမေးတော့ မဟုတ်ဘူး။ ဆင်ပဲ လို့ပြန်ဖြေတယ်။

'ကျောက်ဖြစ်ရုပ်ကြွင်း ဘာသာရပ်ကို လေ့လာဖို့ မြန်မာနိုင်ငံမှာ နေ ထိုင်တဲ့ ပညာရှင်တစ်ယောက် အနေနဲ့ စာအုပ်စာတမ်းလဲ ပြည့်ပြည့် စုံစုံမရှိဘူး၊ နှစ် သန်းပေါင်းများစွာ ကြာတာတွေကို သက်တမ်းတွေ ဆုံးဖြတ်ဖို့ ဓာတ်ခွဲခန်းလဲ အဆင့်မီမီရှိတာ မဟုတ်ဘူး၊

ဆရာကြီးဘယ်လိုလုပ်သလဲ'

ဆရာဦးဘမော်က ရယ်မောတယ်။ ပြီးမှ ဆက်ပြောတယ်။

'ခင်ဗျားသေသေချာချာမှတ်ထား၊ MGSI-Memorial of Geological Survey of India ရယ်၊ RGSI-Record of Geogical Survey of India ကမြန်မာပြည် နဲ့ အိန္ဒိယမှာ လေ့လာထားတဲ့ paper (သုတေသနစာတမ်း) ၁၀၀ ကျော် လောက်ရှိတယ်၊ ရှိသင့်သလောက် ဒီမှာရှိတယ်၊ လေ့လာနိုင်တယ်'

'သက်တမ်းဓာတ်ခွဲတာ'

'မြန်မာပြည်မှာ လေ့လာလာပြီး specimen (နမူနာပစ္စည်း) ကို အိန္ဒိယမှာ တစ် ခုထားတယ်၊ လန်ဒန်မှာ တစ်ခုရထားတယ်၊ အဲဒါတွေကို သက်တမ်းခွဲခြား လေ့လာတယ်'

'ဆရာကြီး ပုံတောင်ကျောက်ဖြစ်ရုပ်ကြွင်းတွေ့ပုံကို ပြောပါဦး'

ဆရာဦးဘမော်က သူ့ပခုံးကိုကျော်ပြီး ဘယ်ညာကြည့်တယ်၊ ခုနေ ပြောလို့ သိပ်ကိစ္စရှိမယ်မထင်ပါဘူး လို့ စကားခံပြီးမှဆက်ပြောတယ်။

'၁၉၂၇ ခုက အင်္ဂလန်က ဒေါက်တာဘလက်ဂရင်းဆိုတာက ပုံတောင် ပုံညာ ဒေသ ဖန်ကန်ရွာအနီးမှာ စတွေ့ဖူးတယ်။ ဒါပေမဲ့ complete (ပြည့်စုံမှု) မဖြစ်ဘူး၊ ပြင်သစ်တွေ၊ အမေရိကန်တွေက မပြည့်စုံလို့ လက်မခံဘူး၊ ဒါကြောင့် အမေရိကန်က ဒေါက်တာဆဲဗစ်က သူ့တ ပည့် Dr.RL Ciochol (ဒေါက်တာစီ ရဟန်း) ကို တွေ့အောင်ရှာပါလို့ လွှတ်တယ်'

'သူနဲ့အတူတွဲပြီး ရှာကြရတာပေါ့'

'၁၉၇၆ ခုနှစ်မှာ အမေရိကန်က ဒေါက်တာစီရဟန်းလာလေ့လာတယ်၊ ကျွန် တော့်လာဆက်သွယ် တယ်၊ ကျွန်တော့်အတွက် ဒါက ဘာမျှမ ခက်ဘူး၊ ပုံတောင် formation (မြေသားဖြစ်ပေါ်မှုပုံစံ) ဆိုတာ က လွန်ခဲ့တဲ့ နှစ်သန်း ပေါင်း ၄၀ ကပုံစံ၊ ဒီကောင်တွေ ရှိနိုင်တဲ့ မြေအ မျိုးအစားဆိုတာ သိတာပေါ့'

ကျွန်တော်တို့ရုံးက မသဲနုရင်က ဆရာဦးဘမော်ရှေ့ကစားပွဲပေါ်မှာ ကော်ဖီ၊ ရေနွေးကြမ်းတွေလာချ ပြီး ဧည့်ခံတယ်၊ ဆရာကြီးကလဲ ပြောရတာ အာ ခြောက် ၏ပုံရတယ်။ ရေနွေးကြမ်းသောက်ပါတယ်။

'ကျောရိုးရှိသတ္တဝါတွေရှိနိုင်တာ ကျွန်တော်သိတယ်။ ကျွန်တော့်ကို (ဘူမိ ဗေဒ) ဌာနကလဲ လွှတ်တယ်၊ လူမိုက်နှင်းတောတိုးထည့် လိုက်တာနဲ့ တူပါ တယ်'

ဆရာဦးဘမော်က ပြောရင်းပြုံးတယ်။

'အဲဒီဒေသက တစ်ချိန်က အလံနီကွန်မြူနစ်တွေ စိုးမိုးခဲ့တဲ့နေရာ၊ ကာရန် မတော်ရင် မြေမြုပ်မိုင်းတက် နင်းမိပြီး ခြေထောက်ပြတ် နိုင်တယ်၊ တောတွေ တောင်တွေထဲ ကျွန်တော်ကတော့ သွားတာပဲ'

'ဘယ်ကိုသွားတာလဲ'

'အရင်ကတွေ့ဖူးတဲ့ လက်စရှိတဲ့ဖန်ကန်ရွာကို သွားတယ်၊ ဖန်ကန်ရွာ တောင် ဘက်မှာ clay deposit (အနည်ကျကျောက် ရွှံ့စေးတွေ) တွေ့တယ်၊ အဲဒီမှာ အရပ်အခေါ်ကတော့ ကျစ်ချောင်လို့ခေါ်တယ်၊ ဒီမှာဒါမျိုးတွေ့တယ်၊ အခြား ဘယ်နေရာရှိသေးလဲ၊ ဒါမျိုးကျစ်ရှိတဲ့ နေရာတွေလိုက်ပြပါလို့ ရွာသားတွေ ကိုခိုင်းတော့လဲ ကန်ရွာ လယ်ဒါး မရွာ၊ နောက်နေ့မိုးကောင်းရွာနားမှာ တွေ့ တယ်'

'မိုးကောင်းရွာနားမှာ ပုံတောင်ကျောက်ဖြစ်ရုပ်ကြွင်းကိုတွေ့တော့ ဒါကအလွန် အရေးကြီးတဲ့ဟာ၊ သက်တမ်းနှစ်ပေါင်းဘယ်လောက် ကြာကြာက ဆိုတာ တွေ့တွေ့ချင်း ဆုံးဖြတ်လို့ရသလား'

'ပြောနိုင်တာပေါ့၊ သူ့မြေ formation ကနှစ်သန်း ၄၀၊ ဒီထဲကတွေ့တာ မို့ သက်တမ်းက ဒါလောက်ကြာ ပြီလို့ တန်းပြောနိုင်တယ်၊ ပုံတောင် ကျောက်ဖြစ် ရုပ်ကြွင်းမှာ molar (အံသွား) သုံးချောင်းပါတယ်၊ pre-mola ကသုံးချောင်းပါ တယ်။ လူနဲ့နွယ်တာက pre-mola နှစ်ချောင်း ပဲပါတာ၊ အံသွားတွေက အဆင့် မြင့်ရောအဆင့်နိမ့်ရောနဲ့တူလို့ အကုန်လုံးကလက်ခံတာ'

'ကမ္ဘာမှာတွေ့ခဲ့သမျှထဲမှာ ဒါကသက်တမ်းအကြာဆုံးလို့ ပြောနိုင် တာပေါ့'

'ပြောနိုင်တာပေါ့၊ အာဖရိကမှာတွေ့တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းက သက်တမ်း ၂၈ သန်းပဲရှိသေးတာ၊ ကျုပ်တို့က သန်း ၄၀ ဆိုတော့ အစောဆုံးပဲဆိုတာ သိပြီ'

'ဒေါက်တာစီရဟန်းကတော့ ကျောက်ဖြစ်ရုပ်ကြွင်းနမူနာယူသွားသေးသလား'

'မယူဘူး၊ plaster cast (ပလပ်စတစ်ပုံစံတူ) ပဲလုပ်ပေးလိုက်တာ၊ သူ့ဆရာကို ပြတော့ တွေ့ပြီကွဆိုပြီး သူ့ဆရာက ချက်ချင်းလိုက်လာ တယ်၊ ကျွန်တော်က လဲ ကျွန်တော့်ဆီမှာရှိတာကို ပြပေးလိုက်တယ်၊ ခုတော့ နေပြည်တော်မှာ National Treasure ဆိုပြီး အမျိုးသား ပြတိုက်မှာ ဖန်ပေါင်းချောင်လေးနဲ့ ပြထားတယ်ပြောတာပဲ'

'အဲဒီတွေ့ရှိချက်အပေါ်နိုင်ငံတကာရဲ့ တုံ့ပြန်ချက်ကို ပြောပါဦး'

'ကျွန်တော်တို့ စာတမ်းဖတ်တယ်၊ စာတမ်းကို ဟို (အမေရိကန်) လဲပို့ တယ်၊ Science ဂျာနယ်က cover story ဆိုပြီးထည့်တယ်'

'ဆရာကြီးကို နိုင်ငံတကာက အသိအမှတ်ပြု ဂုဏ်ပြုနေကြတဲ့အချိန်၊ ပြည် တွင်းက တက္ကသိုလ်လော ကမှာတော့ အတိုက်အခိုက် တွေခံရ တယ်လို့ ကြားဖူးပါတယ်'

'ခံရတာပေါ့၊ ဒီလိုလုပ်ရကောင်းလားလို့ ပါမောက္ခက အစည်းအဝေးထဲ မှာ ငေါက်တယ်၊ ကျွန်တော် ဘယ်ခံချင်ပါ့မလဲ'

'ဆရာကြီးရဲ့ ပုံတောင်ကျောက်ဖြစ်ရုပ်ကြွင်းကို တွေ့ရှိချက်က သိပ္ပံ လောက အတွက် ဘယ်လောက် အကျိုးများသလဲ'

'ဒါဝင်ရဲ့ Evolution Theory (လူသားဆင့်ကဲဖြစ်တည်ပြောင်းလဲ လာခြင်း အယူအဆ) မှာ missing link (ကွင်းဆက်ပြတ်နေတဲ့ အချက် အလက်) တွေကို ဖြည့်နိုင်တယ်၊ မြန်မာတွေဟာ မွန်ဂိုလီယား တောင် ပေါ်ဒေသကနေ မြေပြန့် ကို ဆင်းလာတယ်ဆိုတဲ့ Migration Theory (လူသားများ တစ်နေရာ မှ တစ် နေရာသို့ ပြောင်းရွှေ့လာခြင်း အယူ အဆ) လဲပျက်သွားတယ်၊ ဒီကနေမှ လူတွေပြန်သွား တဲ့ Divergent Theory (ခွဲဖြာထွက်ခြင်းအယူအဆ) ကို ကမန် တော်စာတမ်းရေး တယ်'

'အဲဒီလိုအကြောင်းအရာတွေ နိုင်ငံတကာပညာရှင်တွေဘက်က တုံ့ပြန်မှုကော'

'ပုံတောင်ကျောက်ဖြစ်ရုပ်ကြွင်းတွေ့ရှိမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာ က မနု ဿဗေဒပါမောက္ခ ၄၀ က ချီးကျူးဂုဏ်ပြုစာကို လက်မှတ် ထိုးပြီး ပို့ပေးကြ တယ်၊ Drivergent Theory နဲ့ပတ်သက်တဲ့ စာတမ်းကို ဆန်ဖရန်စစ်စကို တက္ကသိုလ်က ပါမောက္ခဂျက်ဗလွန်စကီ က သိပ်သဘောကျတာ၊ ကျွန်တော်က Bioseen horse အကြောင်း လဲရေးတယ်၊ ဥရောပတိုက်သားတွေက အာရှမှာ အရင်ကမြင်း မရှိဘူးလို့ ယူဆတာ၊ ကျွန်တော်က သာစည်နယ်က လွန်ခဲ့တဲ့နှစ် သန်းပေါင်း ၁၄ သန်းကမြင်းရဲ့မေးရိုးနဲ့သွားကို တွေ့တာနဲ့ရေးတာ၊ ဥရောပ တိုက်သားတွေရဲ့ အယူအဆပျက်သွားတယ်'

'ဆရာကြီးမွေးဖွားခဲ့တာက ကျေးရွာ၊ မိဘကလယ်သမား၊ ဆရာကြီး ဘာ ကြောင့် ဒီအခြေအနေကို ရောက်လာတာလဲ'

'ဘူမိဗေဒဌာနမှာ နိုင်ငံတကာစာအုပ်တွေ အများကြီးရှိတယ်၊ ကျုပ်က ထုတ် ထုတ်ဖတ်တယ်၊ ဘာ ကြောင့်ဖတ်တာလဲဆိုရင် သူတို့လိုကိုယ် လဲ တတ်သင့် တယ်ထင်လို့၊ စာဖတ်တဲ့သူနဲ့ မဖတ်တဲ့သူ နှစ်ကြာလာ တော့ စာဖတ်တဲ့လူက တိုးတက်တာပေါ့'

မော်ဒန်သတင်းဂျာနယ်

အမှတ်(၃၇၂)၊ သြဂုတ် ၃၀၊ ၂၀၁၃

Credit- ၀ံသာနု

ZinYawNews

AddThis