ရာဇကုမာရ် ဘယ်ပျောက်သွားသလဲ ။
ကိုးကား : ဦး ( နီတွတ် )
သမိုင်းပါမောက္ခ ။
ပုဂံနန်းတွင်းရေးနဲ့ ရာဇကုမာရ် ။
မျိုးဆွေသန်း ဒီဇိုင်း ။
ဆရာဦးနီတွတ်ရဲ့ ပုဂံနန်းတွင်းရေးနှင့် ရာဇကုမာရ်စာတမ်းကို ဖတ်ပြီးတာကြာပါပြီ ။ နည်းပါးလွန်းတဲ့ ရာဇကုမာရ်ဆိုတဲ့အမတ်ကြီး တစ်ဦး၏ အထောက်အထားများကို တတ်နိုင်သလောက် လိုက်လံရှာဖွေပြီး စိတ်ဝင်စားစဖွယ်ရေးသားထားတာကြောင့်
(၁) - ကျောက်စာပါ ဇာတ်လမ်းထဲမှာ အလွမ်းအဆွေး ၊ ကျေးဇူးတရားတွေ အားလုံး စစ်မှန်ရဲ့ လား ။
(၂) - မြန်မာတို့ရဲ့ ရာဇဝင်ကျမ်းတွေမှာ ဒီကျောက်စာ အထင်အရှားရှိရဲ့နဲ့
ကျောက်စာပါ အကြောင်းအရာတွေကို ဘာလို့ ရဲရဲတင်းတင်း ထည့်မရေးတာလဲ ။
ဘာ့ကြောင့် ရာဇဝင်ကျမ်း အစောင်စောင်မှာ ရာဇကုမာရ် အမည်ကို ထည့်သွင်းဖော်ပြခြင်း မပြုတာလဲ ။
(၃) - ဘာသာလေးမျိုးနဲ့ ထိုးထားသော ကျောက်စာ (၂)တိုင်ဘာလို့ဖြစ်နေတာလဲ ။
(၄) - တစ်တိုင်က ထက်ပိုင်းကျိုးသွားတာ ဘာကြောင့်လဲ ။
(၅) - အကြောင်းအရာတူ ဘာသာလေးမျိုးနဲ့ နောက်တစ်တိုင်ကို ဘာလို့
ထပ်ထိုးရတာလဲ ။
(၆) - ထီးနန်းလွဲခဲ့သူက ၁၁၁၃ခုနှစ်မှာ ဘာသာလေးမျိုးနဲ့ကျောက်စာထိုးပြီး
မြေပေါ်မှာထောင် ထားပြီး နန်းတတ်မင်းက ၁၁၃၁ခုနှစ်ရောက်မှ
ရွှေဂူဘုရားတည်တော့ ကျောက်စာကို ပါဠိဘာသာနဲ့ထိုးပြီး နံရံမှာ ထည့်မြှုပ်ထားတာ ဘာ့ကြောင့်လဲ ။
(၇) - ရာဇကုမာရ်ရဲ့ မိခင်ရင်းက ဘယ်သူဖြစ်မလဲ ။
(၈) - ထီးလိုင်မင်း (ကျန်စစ်သား) လက်ထက်မှာ မွန်စာနဲ့ပဲကျောက်စာထိုးတယ် ၊ သူ့နောက်က စည်သူ(၁) (အလောင်းစည်သူ) ကျတော့ ပါဠိဘာသာနဲ့
ကျောက်စာထိုးတယ် ၊ အခု ရာဇကုမာရ်ကျောက်စာကိုတော့ ဘာသာလေးမျိုးနဲ့ ရေးထိုးရခြင်း၏ နောက်ကွယ်က ဘာတွေရှိနေလဲ ။
(၉) - နန်းရမင်းသား အလောင်းစည်သူနဲ့ သူ၏ ဦးရီးတော်စပ်သူ ရာဇကုမာရ်တို့၏ ဆက်ဆံရေး ။
(၁၀) - ရာဇကုမာရ် ဘယ်ပျောက်သွားတာလဲ ။
အစရှိတဲ့ အချက်အလက်များ ထဲမှ အမှတ်စဉ် (၁)မှ အမှတ်စဉ် (၉)အထိ တော်တော် ရှင်းရှင်းလင်းလင်း နားလည်လိုက်ရပါတယ် ။
အမှတ်စဉ် (၁၀)ကတော့ စာရေးသူ ဆက်တွေးဖို့ ဖြစ်လာတဲ့ အကြောင်းတရားတွေဖြစ် ပါတယ် ။ ရာဇကုမာရ် ကျောက်စာထဲက ဓလေ့ ၊ ရာဇကုမာရ်၏ ဘဝနှင့် ပတ်ဝန်းကျင် ၊ ဇာတ်လမ်းနှင့်ဇာတ်ကောင်များကို မြင်တွေ့ ခံစားမိတဲ့ အတိုင်းကို ဆရာဦးနီတွတ်က တင်ပြထားပါတယ် ။ ဆရာကိုယ်တိုင်ကလည်း (၁) ရာဇကုမာရ်နှင့်
ပတ်သတ်ဖွယ်ရှိသော နန်းတွင်းအင်အားစုများ (၂) ထိုခေတ်အခါက ပုဂံဝန်းကျင်ရှိ ပျူ ၊ ဗမာ ၊ မွန် ၊ ကျေးကုလား လူမျိုးရေး အားပြိုင်မှုများ (၃) ပုဂံနှင့် အိမ်နီးချင်း
ပဋိက္ကရားဒေသ ၊ ဝေသာလီ (ရခိုင်) ၊ ပဲခူးမွန် ၊ သထုံမွန် ၊ မောကိုးပြည်ထောင်စုနှင့် ဆက်နွယ်ပတ်သတ်ပုံများ (၃) အိမ်နိမ့်စံ နန်းလျာရဲ့ နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသူများ၏ ဘဝအထွေထွေ စသည်ဖြင့် ရရာ ရာဇဝင်ကျမ်းများထဲက ရှာဖွေထားတယ်လို့ ဖော်ပြထားပြီး မေးခွန်းများစွာကို ဆက်ပြီး ရှာကြံကြပါလို့ လမ်းဖွင့်ပေးထားပါတယ် ။ ခပ်သွက်သွက် ရေးသားဟန်နှင့် စိတ်ဝင်စားစဖွယ်အချက်အလက်များ အပြည့်အဝ ပါဝင်နေသည့် ထိုစာအုပ်ကို အပြန်ပြန်အလှန်လှန်ဖတ်ပြီးဖြစ်တာကြောင့်
အမတ်ကြီးလို့ သူ့ကိုယ်သူ သုံးနှုန်းတဲ့ ရာဇကုမာရ်တစ်ယောက် သမိုင်းစာမျက်နှာ အဖုံဖုံမှ ဘယ်လို ပျောက်ကွယ်သွားသလဲ ဆက်တွေးကြည့်တော့
(၁) ရာဇကုမာရ်ဟာ ၎င်းပိုင်ဆိုင်သမျှ စည်းစိမ်ဥစ္စာနှင့် အလုပ်အကျွေးနယ်များကို အကုန်လှူခဲ့ပါတယ် ။ ဆရာဦးနီတွတ်က ကျန်စစ်သားမင်းကြီး အနေနဲ့ သူ့မိဖုရားထံ ချီးမြှင့်ထားတဲ့ စည်းစိမ်များနဲ့ ကံကျွေးနယ်များ ရာဇကုမာရ်ထံ ရောက်သွားတော့ မင်းကြီးမှာ နန်းလုပုန်ကန် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာနိုင်တယ်ဆိုပြီး
ရတက်မအေးဘူးလို့ တင်ပြထားတယ် ။ ဖြစ်နိုင်စရာလည်း ရှိတယ် ။ ဒါကို ရာဇကုမာရ် က မချွင်းမချန် အကုန်လှူပစ်လို့ကံတော်ကုန်ခါနီး ကျန်စစ်သားခေါ်ထိလိုင်မင်းက စိတ်အေးသွားတယ် လို့သုံးသပ်ထားတယ် ။ စာရေးသူဘက်က တွေးမိသည်က ရှိသမျှ ပစ္စည်းအကုန်ရေစက်ချ အလှူအတန်းပြုလိုက်သူ ရာဇကုမာရ် ၏လုပ်ရပ်ကား ထီးနန်း စည်းစိမ်နှင့် အမတ်အဆောင်အယောင်တို့ကို သံယောဇဉ်ဖြတ်သွားခဲ့ သရောလားလို့ပါ
။
(၂) မြန်မာ့ဓလေ့ထုံးစံအတိုင်း တစ်နည်း ဗုဒ္ဓဘာသာ ထုံးစံအတိုင်း
စည်းစိမ်အကုန် စွန့်သွားသည့် သဘောမျိုးကိုလည်း ရှာတွေ့ပြန်ပါတယ် ။ ပိုင်ဆိုင်သမျှကို လှူဒါန်း စွန့်ခွာသွားပြီး ကျန်စစ်သားမင်းကြီး တည်ဆောက်ခဲ့တဲ့ တုရင်တောင်ခြေက မြကန်အနီးရှိ ပိဋကတ်တိုက်တွင် နေထိုင်သွားခဲ့ပုံက လူ့လောကနှင့် မသက်ဆိုင်တော့သော ပုဂ္ဂိုလ်တစ်ဦးပမာ ယူဆစရာ ဖြစ်နေပြန်သည် ။
(၃) ဘုရင်ဖြစ်သူ ထိလိုင်မင်း ခေါ်ကျန်စစ်သားက လုံးဝ စိတ်ချ
စိတ်အေးသွားရတယ်လို့ ဆရာဖော်ပြထားချက်အရ ဘုရင်က ဘယ်လောက်ထိ စိတ်ချသွားသလဲ ၊ ဘယ်လိုစိတ်ချသွားတာလဲ ၊ ဘယ့်ကြောင့်စိတ်ချသွားနိုင်တာလဲ အဖြေက ရှင်းရှင်းကြီးလိုပါ ။ ထိလိုင်မင်း စိတ်ချလောက်တဲ့ အနေအထား တစ်ရပ်နှင့် အမတ်ကြီး ရာဇကုမာရ် က ဆက်လက် ရပ်တည် နေလို့သာဖြစ်ပါတယ်လို့
တွေးလိုက်ရင် ရာဇကုမာရ်၏ လားရာကို ရှင်းရှင်းကြီး တွေ့မိသလိုလို ။
(၄) နောက်တစ်ချက်က မြန်မာ့ရာဇဝင် သမိုင်းစာမျက်နှာများထက်မှာ ရာဇကုမာရ် ဆိုသူ ပုဂ္ဂိုလ်တစ်ဦး အနေဖြင့် လုံးဝပျောက်ကွယ်သွား ခဲ့ပါတယ် ။ ဆရာကတော့ နောင်တက်လာသည့် မင်းကြီး၏ ထုံးစံနှင့် အညီ စီရင်ခြင်းကို ခံလိုက်ရသလားဟု ချဲ့တွေးထားပေမယ့် စာရေးသူ၏ ခန့်မှန်းချက် ကတော့ ပုဂ္ဂိုလ်တစ်ဦးအနေနှင့် ရာဇကုမာရ် ဆိုတဲ့ အမတ်တစ်ဦး၏ ဘဝကို ကျေကျေနပ်နပ် စွန့်ခွာသွားခဲ့နှင့်ပြီလို့ပဲ တွေးချင်ပါတယ် ။ ပြီးတော့ ကျောက်စာဘက်ကို လှည့်ကြည့်ရအောင်
(၅) ကျောက်စာပါ အကြောင်းအရာများကို အသက်သွင်းသည့် မဟာထေရ်ဆိုသည့် ရဟန်းတစ်ပါးသည် ကျောက်စာအဟောင်းကော အသစ်ကိုပါ ရေးထိုးပေးသည့် အခရာ အကျဆုံး ပုဂ္ဂိုလ်ဖြစ်နေတာကို သတိထားမိပြန်ပါတယ် ။ အဆိုပါ
မဟာထေရ်သည် ကျောက်စာတည်ရှိမှုကို အသက်ထက် တန်ဖိုးထားမှုက စာရေးသူ၏ စိတ်အစဉ်ကို ဆွဲဆောင်နေပါတယ်။
(၆) ရာဇကုမာရ် ကျောက်စာဟာ နှစ်တိုင်ရှိတာကော နှစ်တိုင်စလုံးကို
ရှေ့ဆင့်နောက်ဆင့် တစ်ပြိုင်တည်း ထိုးထားခဲ့တယ်ဆိုတာကော ပညာရှင်တိုင်း လက်သင့်ခံပြီးသား ကိစ္စပဲ ဖြစ်ပါတယ် ။ ပြီးတော့ ကျောက်စာနှစ်တိုင်လုံးကို
မဟာထေရ် တစ်ဦးတည်းကပဲ ကမကထလုပ်ပြီး ရေးထိုးခဲ့တယ်လို့
ထင်နိုင်စရာရှိတယ် ။ သံဃာခုနှစ်ပါး ပင့်ပြီး ရေစက်ချပွဲကို ဆင်နွှဲခဲ့တဲ့လို့ ကျောက်စာမှ ရေးထိုးပါရှိသလို ပါဝင်ခဲ့တဲ့ သံဃာမထေရ်များ၏ ဘွဲ့အမည်ကိုလည်း မဟာထေရ် တစ်ပါးတည်းမှအပါး အခြားသံဃာ(၆)ပါးရဲ့ ဘွဲ့ အမည်ကို တွေ့ရတဲ့ အတွက် စဉ်းစား ကြည့်မိပါတယ် ။ မိဖုရားလက်ထဲက ရွာသုံးရွာကို ရာဇကုမာရ် ထံလွှဲပြောင်းပေးဖို့ ထိလိုင်မင်းကို တိုက်တွန်းသူများထဲတွင် မဟာထေရ်ပါဝင်ဖွယ်ရှိတယ်လို့ ဆရာက သုံးသပ်ထားတာကြောင့် ဆရာ့အနေနှင့် မဟာထေရ်နှင့် ရာဇကုမာရ် ကျောက်စာကို တွဲပြီး မြင်နေတာ ထင်ရှားပါတယ် ။ ရာဇကုမာရ် ကျောက်စာ တည်ရှိနေဖို့ကိုအထူးအလေးပေးနေသူ ဖြစ်တာကြောင့် အဆိုပါ မဟာထေရ်ဆိုသူ
ရဟန်းတစ်ပါးသည် ရာဇကုမာရ် ကျောက်စာ၏ ပိုင်ရှင် တစ်ဦးပင်လား ။
(၇) ပြီးတော့ အဆိုပါ မဟာထေရ်က မြစေတီအနီး ဂူပြောက်ကြီး နံဘေးက
အုတ်ကျောင်းလေးတွင် ဆက်လက် သီတင်းသုံးသွားတယ်လို့ ဖတ်ထားလိုက်မိသဖြင့် မိမိ တည်ထားသော ဘုရား မှတ်တမ်းတင်ထားသည့် ကျောက်စာကို သံယောဇဉ် မပြတ်ပဲ စောင့်ရှောက်နေသူ တစ်ဦးဆိုတာ မြင်သာထင်ရှားစေပြန်ပါတယ် ။
မဟာထေရ်ကို ရာဇကုမာရ် ဖြစ်နိုင်သည်ဟု သုံးသပ်၍ မရတာကတော့
မဟာထေရ်ဆိုသည် ပုဂံခေတ် ဝေါဟာရ အသုံးတွင် ဝါတော်၂၀အထက်
သံဃာတော်နှင့်သာ တွဲသုံးလေ့ရှိတာကြောင့် အမတ်ကြီး ရာဇကုမာရ်နှင့် ထဲထဲဝင်ဝင် ပတ်သတ်နေသော ပုဂ္ဂိုလ်တစ်ဦးဟုသာ ယူဆနိုင်ပါသည် ။ ဘုရင်ဖြစ်သူ ထိလိုင်မင်းအပေါ်တွင်လည်း သြဇာအာဏာ သက်ရောက်ဖွယ်ရှိသော မဟာထေရ်သည် ရာဇကုမာရ် အားအလုံးစုံ တာဝန်ယူနိုင်ခြင်းမှာ မည်သို့သော အနေအထားတွင် ရာဇကုမာရ် တည်ရှိနေသလဲ ထင်ရှားလေလေဖြစ်သည် ။ ထိုအနေအထားတွင် တည်ရှိနေသော ရာဇကုမာရ်အား စိတ်ချလက်ချဖြစ်စေရန် သံယောဇဉ် ဖြစ်နိုင်ဖွယ် ကိစ္စဖြစ်နေသော ကျောက်စာတိုင် ရိုက်ချိုးဖျက်ဆီးခံရခြင်းကို အမြန်ဆုံး ပြန်လည် ရေထိုးပေးခြင်းဖြင့် ကူညီခဲ့သလော ။
(၈) ကျောက်စာတိုင်အကြီးက ရိုက်ချိုးဖျက်ဆီးခံရလို့ သုံးပိုင်းပိုင်းပြီး ပျက်ဆီးသွားတဲ့ အနေအထားကို အဆိုပါနေရာတွင် သီတင်းသုံးနေထိုင်သော မဟာထေရ်ကပင် သိရှိ၍ ပြန်လည် ကြီးမှူးပြီး အသစ် ရေးထိုးပေးခဲ့သည်ဟု ထင်စရာရှိသည် ။ တစ်စုံတစ်ဦးကို တစ်နေရာသော ဘဝတွင် စိတ်ချလက်ချ နေနိုင်ဖို့အတွက် ပါရမီ ဖြည့်ခြင်းလော ။
(၉) ရာဇကုမာရ် ကျောက်စာသည် ပျု ၊ ပါဠိ ၊ မွန် ၊ ဗမာ ဘာသာလေးမျိုးဖြင့် ရေးထိုး ခဲ့သည့် ထူးခြားသော ကျောက်စာတစ်ချပ်ဖြစ်တာကို အများသိရှိ လက်ခံထားပြီး ဖြစ်သည် ။ ဆရာဦးနီတွတ်ကတော့ အဆိုပါ အကြောင်းအချက်အလက်မှာ အမတ်ကြီး ရာဇကုမာရ် မှ၎င်း၏ နောက်ခံအင်အား တောင့်တင်းမှုကို ဖော်ပြလို၍ ဟု
ယူဆထားသည် ။ ယုတ္တိနှင့် ပြည့်စုံသော အချက်အလက်များကိုလည်း အဆိုပါ စာတမ်းထဲတွင် ထည့်သွင်းဖော်ပြထားသည် ။ စာရေးသူမှလည်း
လက်သင့်ခံသင်ယူခဲ့ပါသည် ။ သို့သော် စာရေးသူ၏ အခြားရှုထောင့်
တွေးခေါ်မှုကိုလည်း တင်ပြချင်မိပါသည် ။ ထိုကျောက်စာကို ထိုအကာလတွင် အသုံးများသော ဘာသာလေးမျိုးနှင့် ရေးထိုးခြင်းမှာ တစ်လောကလုံး ကို အသိပေးလို၍ ဖြစ်သည် ။ ရာဇကုမာရ်၏ စွန့်လွှတ် အနစ်နာခံမှု ဘုရင်၏ ဆုံးဖြတ်ချက်ကိုလေးစားလိုက်နာဟန်ကို တစ်လောကလုံးသို့ အသိပေး တင်ပြလိုခြင်း လော ။ သာမန် မင်းညီမင်းသား အမတ်ကြီးတစ်ဦး၏ မာန်မာနတို့ အလျဉ်းမပါရှိသောထိုကျောက်စာသည် တပ်မတ်မှု ကင်းလှသော ပုဂ္ဂိုလ်တစ်ဦး၏လားရာကို တိတိပပ ညွှန်ပြနေသည်လား ။
(၁၀) နန်းရမင်းသား နန်းလျာထားခြင်းခံရသူ ရာဇကုမာရ်၏ တူတော်မောင်
အလောင်းစည်သူ ခေါ် စည်သူ(၁)သည် ရာဇကုမာရ် ကျောက်စာကို မရှုစိမ့်နိုင်ပဲ မင်းအာဏာသုံး၍ ဖျက်ဆီး ပစ်သလောဟု သံသယ စာရင်းတွင် ထည့်သွင်းထားနိုင်သော်လည်း အခြားသော ပြဿနာများကိုမူ ဆက်လက် ဖန်တီးမှု မရှိဘူးလို့ ယူဆစရာရှိသည် ။ထို့ကြောင့် နောက်ထပ် ကျောက်စာအသေးမှာ ယခုတိုင် ရှိနေဆဲ ဖြစ်နေသည် မဟုတ်ပါလား ။
(၁၁) အခြားမှတ်တမ်းတစ်ခုတွင် ရာဇကုမာရ် အား ကျန်စစ်သား မင်းကြီး တည်ထားခဲ့ သော တုရင်တောင်ခြေရှိ မြကန်အနီးတွင် ပိဋကတ်တိုက်ကို စောင့်ရှောက်ရန် တာဝန်ပေး အပ်ထားသည်ဟု သိရသဖြင့် ရာဇကုမာရ်၏ လားရာကို ပြတ်ပြတ်ထင်ထင် ဆုံးဖြတ်နိုင်တော့မည်လား ။
(၁၂) အဆိုပါကျောက်စာထဲတွင် အမတ်ကြီး ရာဇကုမာရ်ဆိုသူက
ဂြီတြိကျဘုဝနာဒိတျ ဓမ္မရာဇ် ဘွဲ့ခံ ထိလိုင်မင်းအား ဖခင်ဟူသည့် အသုံးကို
သုံးနှုန်းသည်ဟု မတွေ့ရသဖြင့် ကျန်စစ်သားမင်းခေါ် ထိလိုင်မင်း၏
မယားပါသားအဖြစ် ရာဇကုမာရ်ကို သတ်မှတ်တဲ့ မူကွဲတစ်မျိုး ရှိနေပါသေးသည် ။ အေဒီ ၁၀၈၄တွင် အသက်၃၄နှစ်ရှိနေပြီ ဖြစ်သော ကျန်စစ်သားခေါ် ထိလိုင်မင်း နန်းတက်ချိန်တွင် သထုံမွန်မင်းသမီး အပယ်ရတနာ ၊ ပဲခူးမွန်မင်းသမီး မဏိစန္ဒာ ၊ ထိလိုင်ရွာသူကြီး သမီး ခင်တန် ၊ မထီး(မထေရ်)တူမ သမ္ဘူလဆိုတဲ့ မိဖုရား လေးပါး ရှိနေပါပြီ ။ ထို့ကြောင့် ရာဇကုမာရ်၏ မိခင်ရင်း ပယ်မယားမှာ ထိုမိဖုရားလေးပါးထဲမှ မည်သူဖြစ်သည်ကို ဦးစွာ ဖော်ထုတ်သင့်ပါသည် ။ ထိုသို့ဖော်ထုတ်နိုင်ရန်
ကျန်စစ်သားခေါ် ထိလိုင်မင်း နှင့် မိဖုရားတို့ အကြောင်းပါချိန်ကို တိုက်စစ်ကြည့်ရပါမည် ။ နန်းရမင်းသား စည်သူ(၁)၏ အဖွား အပယ်ရတနာနှင့်
၁၀၈၂တွင်မှ အကြောင်းပါခဲ့တဲ့ ထိလိုင်ရွာသူကြီး သမီး ခင်တန်တို့မှာ ဖြစ်နိုင်ဖွယ်ရာ မရှိလှသဖြင့် ဖယ်ထုတ်လျှင် မဏိစန္ဒာခေါ် ခင်ဦးနှင့် မထေရ်တူမ သမ္ဘူလတို့ နှစ်ဦးကိုသာ စစ်ထုတ်ဖို့ ကျန်ရှိသည် ။ ငယ်ချစ်မို့ တော်ကောက်ခဲ့တဲ့ ခင်ဦးခေါ် မဏိစန္ဒာကား ရာဇဝင်ကျမ်း အစောင်စောင်တွင် သားသမီး မထွန်းကားခဲ့သည့် ပုံစံဖြစ်နေသည် ။ သမ္ဘူလမှာကား ကျန်စစ်သားမင်း နန်းတက်ပြီး နှစ်နှစ် အချိန်တွင် ရင်သွေးငယ် ၇နှစ်သားကို လက်ဆွဲပြီး ရောက်လာခဲ့သည် ဆိုထားကြသည် ။ ဆရာဦးနီတွတ်၏ စာတမ်းထဲတွင် ပျူ ၊ ဗမာ ၊ မွန် ၊ ရဟန်းအင်အားနောက်ခံ တောင့်တင်းသော ရာဇကုမာရ်၏ မိခင်မှာ နန်းတွင်းတွင် ၃၄နှစ်တိုင် ကြင်လည်ခဲ့သည့် ခင်ဦးသာ ဖြစ်နိုင်ချေများသလားလို့ ယူဆချက် တစ်ရပ် တွေ့ရပြီး နောက်ခံအင်အား နည်းပါးရှာသည့် သမ္ဘူလကိုလည်း ဖြစ်နိုင်ချေ စာရင်းတွင် ချန်ရစ်မထားခဲ့ ။ ကျန်စစ်သားခေါ် ထိလိုင်မင်းကြီး၏ ချစ်ခင်မြတ်နိုး စရာ ပယ်မယားဖြစ်သူက ငယ်ချစ်ဦး ခင်ဦးပင် ဖြစ်သလော ၊ အိမ်နိမ့်စံ ဘဝတွင် ကြုံကြိုက်ခဲ့သည့် ငယ်မယားအစစ် သမ္ဘူလ ဖြစ်သည်လော ။ နန်းတက်ချိန်နှင့် တိုက်စစ်ကြည့်လျှင်တော့ ထိုမိဖုရား ၂ပါးလုံးသည် နန်းမရခင်ကပင် သားကဖွားနှင့်ပြီးသားသာ ဖြစ်ရမည် ။ ကျန်စစ်သားနှင့် သမ္ဘူလနှင့် ဆုံကြတာ ၁၀၇၄ခု ထားခဲ့တော့ ၁၀၇၇ ၊ သမ္ဘူလ လိုက်လာတာ ၁၀၈၆ ဆိုတော့ သူလက်ဆွဲလာတဲ့ ၇နှစ်အရွယ်သားကို ၁၀၇၉တွင် မွေးခဲ့သယောင် ဖြစ်နေတာကိုလဲ တွေ့ရပြန်တယ် ။ ကျန်စစ်သား ထွက်သွားပြီးမှ ရလာတဲ့ ကိုယ်ဝန်လား ၊ သို့တည်းမဟုတ် လက်ဆွဲခေါ်လာတဲ့ သားတော်၏ အသက်ကို မြန်မာ့ရာဇဝင် ဆရာများက ခန့်မှန်းဖော်ပြထားသည်လား စဉ်းစား စရာတွေပါ ။ မွန်မင်းသမီး ခင်ဦးခေါ် မဏိစန္ဒာ၏ သားဖြစ်ခဲ့လျှင်တော့ ကျန်စစ်သား၏ ရင်သွေးငယ် မဟုတ်ခဲ့လျှင်တောင် မင်းသုံးဆက်တိုင် မိဖုရားအရာ ရခဲ့သည့် ခင်ဦး၏ သွေးမှာ နန်းလျာထိုက်သင့်သည့် မင်းသွေး စင်စစ် ဖြစ်နေပါတယ် ။ ထို့ကြောင့် အထက်ပါ အချက်အလက် ၁၁ချက်ဟာ အမတ်ကြီး ရာဇကုမာရ်ဆိုသူကား ကျန်စစ်သား၏ သားတော်တစ်ဦး ဟုတ်မှန်သည် မဟုတ်မှန်သည်ကို ဇောင်းပေးခြင်းထက် နန်းလျာရသင့်သည့် မင်းသားတစ်ပါး အသွင်ဖြင့်သာ ယူဆပြီး ရေးထားခြင်း
ဖြစ်ပါတယ် ။
အထက်ပါ အကြောင်းအချက်များအရ ပုဂံမြို့တောင်ဘက် မြင်းကပါရွာအနီး
မြစေတီခြေရင်းတွင် ကပ်လျက်ရှိနေတဲ့ ကျောက်စာတိုင် အသေးကို အခိုင်အမာ ဥပမာပြု၍ ရနိုင်သော်လည်း မြန်မာ့ရာဇဝင် သမိုင်း အစောင်စောင် စာမျက်နှာ အထက်မှ ဖော်ပြခြင်းမရှိပဲ ရာဇကုမာရ် ဆိုတဲ့ အမတ်ကြီး တစ်ယောက် ကွယ်ပျောက်သွားရပုံကို ခန့်မှန်းကြည့်နိုင်သည် ။
သင်္ဂြီမဟာထေရ်၏ ဦးဆောင်မှုနှင့် လူဝတ်ကြောင်ကို စွန့်ခွာကာ ရဟန်းတစ်ပါး အနေနှင့် ဘဝသစ်ကို စတင်ကာ အမတ်ကြီး ရာဇကုမာရ်ဆိုတဲ့ ဘဝကို ပြည်ဖုံးကား ချသွားခဲ့သည်လား ။
အကြံပြု ဝေဖန်ချက်များကို မျှော်လင့်လျက် ။
သျှင်လေညင်း ( ၁၉၊ ၁၁၊ ၂၀၁၅ )
ဒေါက်တာ သန်းထွန်း ကွယ်လွန်ခြင်း ဆယ်နှစ်ပြည့် အမှတ်တရ ။
ဓါတ်ပုံကို ဒီဇိုင်းမျိုးဆွေသန်း ဖေ့ဘွတ်မှ ကူးယူဖော်ပြပါသည် ။