မည်သည့်ပြက္ခဒိန်တွင်မဆို နေ့များသည် မရှိမဖြစ်ပါရ၏။ သို့သော် ဘီစီ ၄၅ခု၊ ဂျူလီယန် ပြက္ခဒိန်ကို စတင် အသုံး ပြုစဉ်ကာလက နေ့များမပေါ်သေး ဟု မှတ်သားရပါသည် ။ ရာဇ၀င်မှတ်တမ်းများအရ ယင်းနေ့အမည် များကို အေဒီ ၃၂၁ မှ စတင်ကာ တီထွင်အသုံးပြုခဲ့သည်ဆို၏ ။ ရောမဘုရင် ကွန်စ တင်တိုင်၏ ဘုန်းတော် ကြီးတစ်ပါးက နေ့အမည်များကို တီထွင် ခဲ့သည်ဟု လည်း ဆိုပါသည် ။ ယခင်က တစ်ပတ်တွင် ရှစ်နေ့ ရှိသည်ကို ရိုမန်အင်ပါယာ က ၁ ရာစုမှ ၃ ရာစုအတွင်း ခုနစ်နေ့ အစီအစဉ်ဖြစ်အောင် ပြောင်းလဲယူလိုက် သည် ။ နေ့အမည်များမှာ Sun, Moon, Ares, Hermes, Zeus, Aphrodite, Cronos တို့ဖြစ်၏ ။ ဤနာမည် များမှာ နေ့တစ်နေ့၏ အစကိုအစိုးရသော နတ် ဘုရားများ၏ အမည်အား မှည့်ခေါ်ထားခြင်း ဖြစ်ပါသည် ။ ထိုနေ့အစီအစဉ် များသည် ဂရိမှသည်ရောမ၊ လက်တင်မှသည် တောင်ပိုင်းနှင့် အနောက်ပိုင်း ဥရောပ၊ ထိုမှ တစ်ဆင့် အခြား နိုင်ငံများသို့ ရောက်ရှိသွားခဲ့သည် ။ အိန္ဒိယက ထိုနေ့များကို အေဒီ ၂ ရာစုတွင် ယူငင်သုံးစွဲခဲ့သည် ဆိုပါသည်။
အနောက်တိုင်းဖြစ်စေ၊ အရှေ့တိုင်းဖြစ်စေ နေ့အစီအစဉ်များမှာ များစွာမကွာ လှ ။ အားလုံးတူပါသည်။ ထိုမျှသာ မကသေး။ နေ့အမည်များနှင့် အဓိပ္ပါယ် များပါ နီးနီးစပ်စပ်တူကြပါသည် ။ ဥပမာ Sunday ဟူသည် အင်္ဂလိပ်ပြက္ခဒိန် တွင် နေကို ကိုယ်စားပြုသကဲ့သို့ မြန်မာပြက္ခဒိန်တွင်လည်း တနင်္ဂနွေဟူသည် နေမင်း ပင်ဖြစ်ပါသည် ။ အင်္ဂလိပ်ပြက္ခဒိန်မှ Saturday သည် Saturn ကို ကိုယ်စားပြုသည် ။ စေတန်ဟူသည် နတ်ဆိုးဖြစ်၏ ။ မြန်မာပြက္ခဒိန်မှ စနေ ကိုလည်း ကောင်းကျိုးမပေးသော ဂြိုဟ်ဆိုးဟု သတ်မှတ်ထား ပါသည်။
နေ့အမည်များမှာ စကြာဝဠာအတွင်းမှ ဂြိုဟ်အမည်များကို ယူငင် မှည့်ခေါ် ထားသလား ဆိုသည်နှင့် ပတ်သက်၍ မရှင်းလင်းပါ ။ သို့သော် တနင်္ဂနွေ၊ တနင်္လာစသော နေ့အမည်များမှာ နေစကြာဝဠာအတွင်းမှ ဂြိုဟ်များနှင့် မသက်ဆိုင် ဟု စာရေး ဆရာကြီး ဒဗလျူ-အက်စ်-ဘီ-၀ူးဟောက် W.S.B. Wool House က အင်ဆိုက်ကလိုပီးဒီးယား ဘရစ်တန်နီးကား ခေါ် ဗြိတိသျှ စွယ်စုံကျမ်းကြီး၌ ဖော်ပြထားသည် ။
တစ်ပတ်လျှင် ၇ ရက် ရှိရခြင်းမှာ ရှေးခေတ်လူတို့သည် ကောင်းကင်မှ လမင်းကြီး ပေါ်ထွက်လာ ၊ ကွယ်ပျောက်သွား ချိန်အလိုက် လ များကို သတ်မှတ် အသုံးပြုခဲ့ကြပြီး တစ်လကို လေးစိတ်စိတ်ကာ အနီးစပ်ဆုံးအဖြစ် တစ်ပတ်ကို ၇ ရက်ဟု ယူထားခြင်းဖြစ်သည်ဟု ဆိုပါသည် ။ သို့သော် ရှေးက ပြင်သစ် ပြက္ခဒိန်တွင် ရက် ၃၀ ရှိသောတစ်လကို သုံးစိတ်စိတ်ကာ တစ်ပါတ် လျှင် ၁၀ ရက် သတ်မှတ်ခဲ့ကြသည် ။ မာယာပြက္ခဒိန်တွင်မူ တစ်ပါတ်ကို ၁၃ ရက် သို့မဟုတ် ၂၀ ရက် သတ်မှတ် သုံးစွဲခဲ့ကြသည် ဟု မှတ်သားရ ပါသည်။
မည်သို့ပင် ဆိုစေကာမူ ကူးလူး ယှက်နွယ်နေသော ယဉ်ကျေးမှု များအရ နေ့ရက်များကိုလည်း တစ်ဦးဦးက စတင် တီထွင်လိုက်ပြီး အခြားသူများက အလွယ်တကူ ယူငင်သုံးစွဲလိုက်သည်မှာ ယုံမှားစရာမလိုပါ ။ မြန်မာပြက္ခဒိန် တွင် ပါဝင်သော နေ့များ၏ အဓိပ္ပါယ်ကို အောက်ပါအတိုင်းဖော်ပြကြပါသည်။
တနင်္ဂနွေနေ့
ရာဇမတ္တဏ်ကျမ်း၌ တနင်္ဂနွေဟူသော အမည်သည် တနင်္ဂနွေဂြိုဟ်ကို စွဲ၍ မှည့်ခေါ်သောအမည်ဖြစ်သည်။ တနင်္ဂနွေ ဂြိုဟ်သည် အင်္ဂတိုင်းသား ကဿပ ရသေ့၏ ဇနီး၊ အဒိတိတွင်မြင်သော သားဖြစ်သည် ။ ဒိနင်္ကရ ဟူသောပါဠိမှ ပုဒ်ပျက်၍ တနင်္ဂနွေ ဖြစ်လာသည်။ အလားတူပင် တနင်္လာဟူသော အမည်မှာ ပါဠိလို သသ လဉ္စနောမှ အဆင့်ဆင့် ပုဒ်ပျက်၍ ယ၀နတိုင်းရှိ ခီရောဒခေါ် နို့ရည်သမုဒ္ဒရာမှ ဖြစ်ထွန်းသော တနင်္လာဂြိုဟ် ကို အစွဲပြု၍ ခေါ်သော အမည် ဖြစ်၏ ဟု ဆိုပါသည် ။ ဦးဖိုးလတ်ကမူ ပုဂံကျောက်စာ အရေးအသား၌ “တန်နှင်ကုနုယ်၊ တန်နှင်ကုနွေ၊ တန်နှင်ကနွေ” ဟု ရှိသည်။ “တန်နှင်” ကို မြန်မာဘာသာနှင့် နှီးနွယ်သော ရောင်းရင်းဘာသာစကားတို့နှင့် ချင့်ချိန်၍ အဓိပ္ပါယ်ကောက်သောအခါ “နေ့” ဟု အဓိပ္ပါယ် ရသည်။ “ကုနုယ်၊ ကုနွေ၊ ကနွေ” ဟူသည်ကား “နေ” ကို ဟောသည်။ ထို့ကြောင့် “တန်နှင်ကုနုယ်” မှာ “နေနေ့” ဟု အဓိပ္ပါယ် ရသည်။ နေမင်းကို အစွဲပြု၍ ခေါ်ခြင်းဖြစ်သည်။
တနင်္လာနေ့
တနင်္လာဟူသော ဝေါဟာရမှာ ပုဂံရှေးရေး “တန်နှင်လာ” မှ လာသည် ။ “လာ” ဟူသောပုဒ်မှာ အလွန် ရှေးကျသော “လ” ဟောပုဒ်ဖြစ်သည်။ ထို့ကြောင့် “တနင်္လာ” ဆိုသည်မှာ “နေ့လ” သို့မဟုတ် “လမင်းနေ့” ဖြစ်သည်။ လမင်းကို အစွဲပြု၍ ခေါ်သောနေ့ပင်တည်း။
အင်္ဂါနေ့
ကျန်နေ့များ၏ အမည်တို့မှာ မြန်မာအခေါ်အဝေါ်မဟုတ်ဘဲ သက္ကတဘာသာမှ ဆင်းသက်လာကြောင်း ဦးဖိုးလတ်က ၀န်ခံပါသည် ။ ရှေးကျောက်စာတို့၌ “အင်္ကာ၊ အင်ကာ၊ အင်္ဂါ” ဟူ၍တွေ့ရသည်။ “အင်္ဂါရ” ဟူသော သက္ကတမှ လာသောစကား ဖြစ်၍ “မီးကျီးမီးခဲ” ဟု အဓိပ္ပါယ်ရသည် ။ ထို့ကြောင့် “အင်္ဂါ” ဟူသည်မှာ “မီးကျီးကဲ့သို့ နီသောအဆင်းရှိသောဂြိုဟ်” ဟု အဓိပ္ပါယ်ရသည်။ အင်္ဂါဂြိုဟ်ကိုအစွဲပြု၍ အင်္ဂါနေ့ဟု ဖြစ်ပေါ်လာရသည် ဆို၏ ။
ဗုဒ္ဓဟူးနေ့
ဗုဒ္ဓဟူးနေ့ကို သက္ကတဘာသာဖြင့် “ဗုဒ္ဓဒိန” ဟူ၍လည်းကောင်း၊ “ဗုဒ္ဓ၀ါရ” ဟူ၍လည်းကောင်း ခေါ်သည်။ ဗုဒ္ဓ၏ အနက်မှာ “နိုးကြားခြင်း၊ ပညာရှိခြင်း၊ သောမဂြိုဟ်ဖြစ်သော လမင်း၏သား” ဟူ၍ဖြစ်၏။ ရာဇမတ္တဏ် စသောကျမ်းတို့၌ တနင်္လာဂြိုဟ် (လမင်း) မိဖုရား တာရာဒေ၀ီတွင် ဖွားမြင်သောသား ဟု ဖော်ပြသည်။ “ဒိန” နှင့် “၀ါရ” တို့၏ အနက်မှာ နေ့ဖြစ် သည်။ ဗုဓ ဟူသောပုဒ်ကို ပါဠိ၊ သက္ကတို့၌ ဗုဒ္ဓဟူ၍ လဲလှယ်ရေးသားခေါ်ဝေါ်ကြသည်။ မွန်တို့က “ဗုဒ္ဓ၀ါရ” တွင် “ရ” ကိုချေ၍ “ဗုဒ္ဓ၀ါ” ဟုခေါ်သည်။ မြန်မာတို့က ဗုဒ္ဓဟူး ဟုခေါ်သည်။
ကျောက်စာတို့၌ “ပုတ္တ” ဟု တွေ့ရသဖြင့် ရှေးမြန်မာတို့သည် ဗုဒ္ဓကိုလှီးလွှဲပြီး “ပုတ္တ” ဟုရေးကြသည်ဟု သိနိုင် ပါသည် ။ ထို့ကြောင့် “ပုတ္တ” မှာ “ဗုဒ္ဓ” ပင်ဖြစ် ၏။ “ဟူ” သည် ပင့်ခေါ်ခြင်းအနက်ရှိသည်ဟု ဆို၏။ ထို့ကြောင့် “ပုတ္တဟူ” “ဗုဒ္ဓဟူး” သည် ဘုရားရှင်ကိုပင့်ခေါ်သောနေ့ဟု အဓိပ္ပါယ်ကောက်သည် ။
ကြာသာပတေးနေ့
ရာဇမတ္တဏ်ကျမ်းအရ ကြာသပတေး သည် သိဒ္ဓတိုင်း၊ အင်္ဂီရသအနွယ်၊ “ကျာသပတေး” ကို အစွဲပြု၍ ခေါ်သည် ဟု ဆို၏ ။ ပုဂံကျောက်စာတို့၌ “ကြာသပတိယ်” နှင့်ဆင်တူအရေးအသားကို တွေ့ရသည်။ ယင်းပုဒ်သည် “ဗြိဟသွတိ” မှ သော် လည်းကောင်း၊ ယင်းနှင့်အနက်တူ “၀စသံပတိ (၀ါ) ၀ကျသံပတိ” မှသော်လည်းကောင်း လာဟန်ရှိကြောင်း ဦးဖိုးလတ်က ဆိုသည်။ ယင်းပုဒ်နှစ်ခုစလုံး၏ အနက်မှာ “၀စသာ = စကား + ပတိ = အရှင်” = စကား၏အရှင် ဖြစ်သည်။ မြန်မာ ကျောက်စာ၌ ရေးသော “ပတိယ်” သည် ခေတ်အရေးအသားနှင့်ဆိုသော် “ပတိ” နှင့် အတူတူပင်ဖြစ်၏ ။
သောကြာနေ့
တောဇာဂ္ဋတိုင်းသား၊ သေတဗျအမျိုး၊ ဘ၀ုရသေ့၏မယားဖြစ်သူ သုဇိတာမှ ဖွားမြင်သော “သောကြာ” ကို အစွဲပြု၍“သောကြာ” ဟုခေါ်ကြောင်း ရာဇ မတ္တဏ်ကျမ်းတွင် ပြဆိုသည်။ “သုကြာ” ဟူသောအရေးအသားကို ပုဂံ ကျောက်စာများတွင် တွေ့ရသည် ။ “သုကြာ” ဟူသောပုဒ်မှာ သက္ကတဘာသာ “သုကြ” မှ ဆင်းသက်လာ သောပုဒ်ဖြစ်သည်ကို မငြင်းသာချေ။ “သုကြာ” မှ သောကြာဖြစ်လာပုံကို ဦးဖိုးလတ်က အဆင့်ဆင့်ရှင်းပြ ထားသည်။ သုကြာ၏ အဓိပ္ပါယ်မှာ “ဖြူစင်တောက်ထွန်း ခြင်း” ဖြစ်၏ ။
စနေနေ့
ရာဇမတ္တဏ်ကျမ်း၌ “စနေ” ကို “သနေ” ဟုပြသည်။ သောရဌတိုင်း၊ ကာရ အနွယ် ၊ တနင်္ဂနွေဂြိုဟ်မင်း၏ မယား ၊ ယသိဆာယာတွင် ဖွားမြင်သောသား “ဇပ္ပ” ကို အစွဲပြု၍ခေါ်ကြောင်းလည်း ဆိုသည် ။ ပုဂံ ကျောက်စာတို့၌ စနေကို “စနိဟ်” ဟုရေးသည် ။ ယင်းမှာ သက္ကတဘာသာ “ဂနိ” (ရှနိ ဟု ဖတ်ပါ) မှဆင်း သက်လာသည် ဟု ဦးဖိုးလတ်က ရှင်းပြသည်။ အဓိပ္ပါယ်မှာ “ဖြည်း ညင်းစွာသွားခြင်း” ဖြစ်၏ ။ ရှေးရိုး ကျမ်းဂန်တို့၌ စနေနှင့်စပ်လျဉ်း၍ “သနေ စရ” ဖြည်းဖြည်းသွားသည် ဟု ဆိုကြသည်နှင့်လည်း နှိုင်းယှဉ်ကြည့်နိုင် ပါ သည် ။
ဤနေ့အမည်ရှင်းလင်းချက်များမှာ “မောင်ထင်” ၏ “မြန်မာ့ဆယ့်နှစ်လ အကြောင်း” စာအုပ်မှ ထုတ်နုတ်ဖော်ပြ ထားခြင်း ဖြစ်ပါသည် ။
ကိုးကား ဦးအေးငြိမ်း ။ ။ မြန်မာပြက္ခဒိန်တွက်နည်း ။
သျှင်လေညင်း ၁၀ ၊ ၃ ၊ ၂၀၁၄