မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Wednesday, 17 April 2013

သုတေသနလေ့လာရေး ခရီးတစ်ထောက်


မှတ်မှတ်ရရ တကောင်းရွှေပြည်ကြီးကို ပုံဖော်ချင်ခဲ့မိသည် ။ ယုံကြည်ကိုးကွယ်ရာ ဘာသာတရား အပေါ်အလေးထားပုံ ၊ ပျူစောထီးမင်းကြီးမှစ၍ ထိုအချိန်အကာလက ရွှေနန်းတော်ကြီး မင်းခမ်းမင်းနားများ၊ ထီးသုံးနန်းသုံးပစ္စည်းများ ၊ ထီးဓလေ့နန်း ရာများ ၊ နှစ်ပြည်ထောင်မင်းတို့ ၏ ချစ်ကြည်ရေး၊ တိုင်းနိုင်ငံ နှစ်ခုစစ်ပြုကြပုံ ၊ ရာဇဝင်ထဲမှ ရှေးမြန်မာစစ်သားကြီးတို့၏ ခန့်ညားသောအသွင် သဏ္ဍာန် ၊ တော်ဝင်အခမ်း အနားများတွင် တီးမှုတ်ကခုန် ဖျော်ဖြေမှု ၊ ကုန်သည် ကုန်ဝယ် အပေါင်းတို့ ၏ စီးပွားရေးကူးလူးဆက်ဆံမှု စသည်ဖြင့် အတွေးကြွယ်ကြွယ် အရေးသွက်သွက်နှင့် စာရေးချင်မိသော အိပ်မက်တစ်ခုပါ ။ မှန်နန်းရာဇဝင်တော် ကြီးထဲမှာ တကောင်းရွှေပြည်ကား ထည်ဝါစွာတည်ရှိနေမလား စေ့ငုံစွာ ရှာဖွေမိတော့ အဘိရာဇာ မှစသော (၃၃)ပါးသော မင်းဆက်များ လောက်သာတွေ့ရသည် ။ ရခိုင်နှင့် ဗမာသည် ညီအစ်ကို နှစ်ယောက်က အုပ်ချုပ်၍ အမျိုးနွယ်တူသည် ဟူ၏။တကောင်းနေပြည်ကို စိန့်တိုင်း ဂန္တာရာဇ် ခေါ် တရုတ်တို့ ဖျက်၍ ပျက်သုန်းရကြောင်း လည်း တွေ့ရသည် ။
ငယ်ငယ်က အဖွားပြောခဲ့သော မြန်မာအစ တကောင်းက ဆိုသလို ပန်းပဲ မောင်တင့်တယ်နှင့် တကောင်းဘုရင် အကြောင်း ပြည့်စုံစွာ ဖော်ပြထားခြင်း မရှိ ။ ဒီလောက်နှင့်ကတော့ ရွှေနန်းဆီသို့ ဟုစာရေးသူ အမည်ပေးမိသော အခန်းဆက် ဆောင်းပါး မရေးနိုင်ပေ ။ ဘာတွေလိုအပ်သနည်း ဆိုရလျှင် တော့ ဘာသာရေး အဆောက်အအုံများနှင့်တကွ ဆင်းတုတော်ပုံ အုတ်ခွက်ဘုရား များ ၊ တကောင်းခေတ်နှင့်ပတ်သက်သော မှတ်တမ်းပြည့်စုံစွာ၊ စတင်ထူထောင်သည့်ကာလ ၊ မင်းခမ်းမင်း နားအတွက် ဆေးရေး ပန်းချီကားများ၊ ပန်းပုလက်ရာများ ၊ စီးပွားရေး အဆက်အဆံ အတွက် ဒင်္ဂါးပြားများ ၊ မင်းနေပြည် တော်အတွက် မြို့ရိုးရာ ဟောင်းကြီးများ၊ ယဉ်ကျေးမှုအတွက် လည်ဆွဲ လက်ဝတ်ရတနာ ပစ္စည်းများ၊ လူနေအထောက်အထား အတွက် ရုပ်ကြွင်း အရိုးစုများ ၊ အရိုးအိုးများ ၊ နှစ်ပြည်ထောင် ဆက်ဆံရေးအတွက် ခေတ်ပြိုင်မင်းနေပြည်တော်တို့၏ မှတ်တမ်းများ ၊ စစ်ပွဲကြီးများ အတွက် ထိုခေတ်သုံးလက်နက် အကြွင်းအကျန် ၊စစ်ပြုလာသော စစ်ပြုခံရသော နိုင်ငံ၏ မှတ်တမ်း၊ အခြား ခေတ်ပြိုင် နိုင်ငံကြီးများ ၏ အသိအမှတ်ပြုပုံ စသည်ဖြင့် နယ်ပယ်ကဏ္ဍ ကျယ်ဝန်းလှသည် ။ အမှန်တော့ စာရေးသူသည် အထောက် အထား ထက် စိတ်ကူးစိတ်သန်းနှင့် ပုံဖော်ချင်မိသည်။ အကြောင်းမှာ ငယ်စဉ်က နှစ်ခြိုက်ခဲ့သော ဆရာကြီး ( ဦးချစ်ဦးညို ၊ ၊ ဆရာကြီးရွှေဥဒေါင်း ၊ ဆရာကြီး ဒဂုန်ရွှေမြား ၊တက္ကသိုလ် ဦးစိန်တင် ဦးညိုမြ ၊ ဒေါက်တာ ချစ်စံ ဝင်း ၊ဆရာမကြီး ဒေါက်တာမတင်ဝင်း ၊ ဒေါ်ခင်ဆွေဦး )တို့၏ သမိုင်းနောက်ခံ ဇာတ်လမ်းများလို ပုံဖော်ချင်မိ၍ဖြစ်သည်။သို့သော် ဆရာကြီး ဒေါက်တာသန်းထွန်း ၏ ( ငါပြောချင်သမျှ ငါ့အကြောင်း နှင့် သမိုင်းနှင့်စကားပြောခြင်း ) ဟူသောစာအုပ် နှစ်အုပ်ကို လည်းဖတ်မိထားဖူးရာ ဆရာကြီး၏ သမိုင်းအပေါ် အမြင်ကို လည်း သဘောပေါက်ထားပါသည် ။ သုတေသန သမိုင်းနှင့် လည်း ရင်းနီးစေသည် ။ သမိုင်းဝတ္ထု ရေး ဆရာများအပေါ် ဆရာကြီး၏ သဘောထားကိုလည်း အသေ အချာ သိထားပါ သည်။ သို့ဖြစ်၍ သည်အသက် သည်အရွယ်တွင် အခွင့်အရေး ကြုံတုန်း သုတေသနသမိုင်းကို လေ့လာမည်ဟု ဆုံးဖြတ်ခဲ့မိ သည် ။ သမိုင်းလေ့လာရာတွင် အဘက်ဘက်မှ အကူအညီ ပေးကြသော အွန်လိုင်းပေါ်မှ မိတ်ဆွေ များစွာ၏ ပံ့ပိုး ပေးမှုက လည်း စာရေးသူ ရှေ့ဆက်ဖို့ အင်အားဖြစ်စေပါသည် ။ ထုံးစံ တိုင်း လိုရင်းမရောက် စာရှည်ဖြစ်သွားရပါပြီ ။ ဆက်ပါဦးမည်။

 မြန်မာအစ တကောင်းက ဟူသောအဆို သည်အလုံးစုံ မှန်ကန်မှုမရှိ ။ သုတေသနမှတ်တမ်းများအရ (၁၉၇၀ - ရှေ့ပိုင်းတူးဖော်မှု အထောက်အထား ) တကောင်း သည် ပုဂံ ခေတ်ဆိုင်ရာ အထောက်အထားများသာတွေ့ရှိရမှု ကြောင့် အနုရုဒ္ဓါ ဘုရင်၏ လက်အောက်ခံ ခံတပ်ငယ်လေး တစ်ခု သာဆိုသောအယူအဆများ တွေ့လာရပါသည် ။ သို့တည်းမ ဟုတ်လျင် မြန်မာ ဘယ်ကစပါသနည်း ။ မြန်မာတို့သည် ယူနန်နယ် တောင်ပိုင်းမှ ရွှေ့ပြောင်းလာ၍ ကျောက်ဆည်ဒေသ သို့ ၉ ရာစုမှသာ ဝင်ရောက်လာသော ပုဂံခေတ်ကိုထူထောင် ချိန်မှသာ မြန်မာ့ရေမြေ ပေါ်သို့ရောက်ရှိလာသည်ဆိုသော မြန်မာအစ ကျောက်ဆည်က ဟူသော အယူအဆနှင့်ထိတွေ့ ရပါ တော့သည် ။ ဗိုလ်မှူး ဘရှင်၏ အနော်ရထာမတိုင်ခင်က မြန်မာ နိုင်ငံ ဟူသော စာမျက်နှာ ၄၀၀ ကျော်ပါ စာအုပ်သည် အင်မတန် ဖတ်ကောင်းပါသည် ။ စာအရေးအသားပြေပြစ်၍ ရှေ့နောက် အစီအစဉ်တကျ ရေးသားထားသည်မှာ စိတ်ဝင်စားဖွယ် ကောင်း လှသည် ။ သို့သော် ဤစာအုပ်၏ အဓိက ကျမ်းကိုး ဖြစ်သော ပါမောက္ခ လု့စ်၏ Old Kyaukse and the coming of Burma စာတမ်းအပေါ် မြန်မာပညာ ရှင်များ၏ ဆန့်ကျင် ကန့်ကွက်မှုများ ကိုထပ်မံလေ့လာ ရသောအခါ နောက်ထပ် အယူအဆသစ် နောက် လိုက်ခဲ့ရပြန်ပါသည် ။ထို့ပြင် သုတေသန သမိုင်း၏ သဘောသဘာဝကိုလည်း ကောင်းကောင်းကြီး တီးခေါက်မိပါ တော့သည်။ ဆရာကြီးဒေါက်တာသန်းထွန်းက Archaeology ကို ထိထိမိမိ မြေထဲသမိုင်းဟု အဓိပ္ပါယ် ဖွင့်ဆိုခဲ့သည်ကို မှတ် သားဖူးပါသည် ။သွေးထွက်အောင်မမှန်နေပေဘူးလား ။ တူးဖော်မှ တွေ့ရှိမှ ခေတ်ကာလ အပိုင်းအခြားအတည်ပြုနိုင် ၊ လူနေမှုယဉ်ကျေးမှုကို အကဲဖြတ်နိုင်တာမို့ မြေကြီးထဲက အထောက်အထားများက ပြောသော တိကျမှုရှိသော သမိုင်း အမှန်ဟု ခံစားမိပါသည် ။မြန်မာအစ တကောင်းလည်း အတည်မပြုနိုင် ၊ မြန်မာအစ ကျောက်ဆည်က သည် လည်း မခိုင်မာ ဆိုတော့ နောက်ထပ် မည်သည့် အယူအဆရှိပါသေးသ နည်း ။သုတေသန သမိုင်းသည် စာတမ်းတစ်ခုကို ဖတ်လိုက်မိ သည်နှင့် မေးခွန်းပေါင်းမြောက်မြားစွာပါ ယှဉ်တွဲ ပါလာခဲ့သည် ။ မေးဖို့ရာ ဖြေမယ့်သူမရှိ၊ မေးလိုက်ပြန်လည်း ဖြေမည့်သူက နောက်ထပ်စာတစ်အုပ်ပေးဖတ် ၊ ဒီလိုနှင့် လုံးလည်ခြာလည် လိုက်ကာ မေးခွန်းပေါင်းမြောက်များစွာသာ သိမ်းဆည်းမိပါသည် ။ သို့သော် နောက်ထပ်ဖတ်မိသော စာအုပ်များထဲမှ အဖြေတစ် ချို့ တဝက်ရ သော်လည်း အမေးသစ်ပါရလာ ၊ သည်တော့ နောက်တစ်အုပ် ထပ်ဖတ် ဖြင့် မေးခွန်းတွေနှင့် ယောင်ဝါးနေတာ တော့ ဧကန်ပင်ဖြစ်နေသည်။သို့သော် ရှေးဟောင်းသုတေသန သမိုင်းကိုလေ့လာရာတွင် လွန်ခဲ့ပြီးသော သမိုင်းဖြစ်ရပ်များအ ပေါ်အာဃာတ မထားပဲ လေ့လာရမည် ။ လူမျိုးစွဲ၊ ဒေသစွဲ မထားပဲ ခိုင်လုံသော အထောက်အထား များအပေါ်တွင်သာ အစွဲထားရမည်။လိုရာဆွဲ ဘက်လိုက်ရေးသားမှုကို ထာဝရ ရှောင်ကျဉ်ရမည်။ ရရှိ/ တွေ့ရှိလာသည့် အထောက်အထား များကို ဖြတ်ကပ်ညှပ်/ တည်းဖြတ်ပြင်ဆင် သုံးခြင်းသည် သိက္ခာ မရှိသော သမိုင်းသမား၏လုပ်ရပ်ဖြစ်သည်။ အထောက်အထား သစ်သည် အချိန်မရွေးပေါ်ထွက်လာနိုင်၍ အယူအဆဟောင်း တစ်ခုတည်းတွင် ရပ်တံ့မနေသင့်ကြောင်း စသည်ဖြင့် ယခု လက်ရှိလေ့လာထားသမျှထဲမှ ရရှိလာသော သင်ခန်းစာများပင်။
 တဖန် မြန်မာ့မြေပေါ်တွင် ကျောက်ခေတ် လူသားတို့ သွားလာ လှုပ်ရှား နေထိုင် ခဲ့သော အထောက်အထား ခိုင်မာစွာ ရှိနေသည် ။ ၁၉၃၇-၃၈ ခုနှစ် က နိုင်ငံရပ်ခြားမှ သုတေသနပညာရှင်များ လာ ရောက်လေ့လာခဲ့ရာမှ ရှေးဦးလူတို့၏ အထောက်အထား များကို တွေ့ရှိခဲ့ရသည် ။ အညာဒေသတွင် တွေ့ရှိမှုဖြစ်၍ အညာသား ယဉ်ကျေးမှုဟု ထိုသုတေသီ တို့မှ အမည်ပေးခဲ့သည် ။ ထို့ပြင် နွယ်ခွေ မှ အနှစ် သုံးသောင်းကျော် အတည်ပြုနိုင် သော ပီကင်းလူ ၊ဂျာဗားလူ တို့နှင့် တစ်ခေတ်တည်း ကျောက်ဖြစ် ရုပ် ကြွင်း ၊အနှစ်တစ်သောင်းကျော် အတည်ပြုနိုင်သော ပြဒါး လင်းဂူ ကျောက်ခေတ်သစ်အကူး ကာ လ လူသားအထောက် အထား များ ၊ နောက်ဆုံးမှာတော့ နာမည်ကျော် ပုံတောင် ပုံညာဒေသ တွင်တွေ့ရသော နှစ်ပေါင်း သန်းလေးဆယ် ဝန်းကျင် သက်တမ်း သတ်မှတ်နိုင်သော လူတူပရိုင်းမိတ် ကျောက်ဖြစ် ရုပ်ကြွင်း စသည်ဖြင့် အင်မတန် ရှေးအကျဆုံးသော လူနေထိုင်မှု တရပ် ရှိခဲ့သော အထောက်အထားဖြစ်ပေသည် ။ သို့သော် ဆန့်ကျင်ဖက် အမြင်အုပ်စုမှ ဤရှေးဦးလူတို့သည် မြန်မာဒေသ ကို ဖြတ်သွားခြင်းလည်း ဖြစ်နိုင်သည် ဟူသတဲ့ ။ဒီတော့ကာ ပြောချင်မိတာက စာရေးသူအနေနဲ့ လွန်ခဲ့သော အနှစ်သန်း ပေါင်း ၄၀ မှ ရှေးအကျဆုံး လူတူပရိုင်းမိတ် မှ ယခု လက်ရှိနေ ထိုင် လျှက်ရှိသော မြန်မာလူမျိုး တို့အထိ တဖြေးဖြေးပြောင်းလဲ လာသည် ဟူသော အယူအဆကို ဆက်လက်လေ့လာ နေပါသည်။ ထိုအယူမှာ မြန်မာတို့သည် ယူနန်တောင်ပိုင်းနေ ချိယန်တို့ အဖြစ်မှ ပြောင်းရွှေ့လာခြင်းမျိုး မဟုတ် ပဲ မူရင်းဒေသ ခံများသာဖြစ်သည် ဟုဆိုလိုပါသည်။ တနည်းအားဖြင့် ရှေးဟောင်းသုတေသန ဝန် ဦးဖိုးလတ် ခိုင်မာစွာ ယူဆပြောဆိုခဲ့သော မြန်မာအစ မြန်မာ က ဟူသော ယူဆချက်ပင် ဖြစ်ပေသည် ။ မြန်မာနိုင်ငံသည် ပထဝီဝင် အနေအထား အရ သမိုင်းအစဉ် အလာကောင်း၍ မှတ်တမ်း မှတ်ရာ ခိုင်လုံမှုတွင် စံပြု ရသော အင်အားကြီး အိမ်နီးချင်း နိုင်ငံကြီး နှစ်နိုင်ငံ အကြားတွင် တည်ရှိပေ သည်။ ထိုနိုင်ငံကြီး နှစ်ခု ကူးသန်းရောင်းဝယ်ရန်အတွက်လည်းကောင်း ၊ ယဉ်ကျေး မှုဖလှယ်ရာ၌ လည်းကောင်း ၊ အင်အားအရာ ပြိုင်ဆိုင်ရာတွင် လည်းကောင်းအသုံးချရာ ကြားခံနယ်မြေ တစ်ခုဖြစ်လျက် ရှိသည်။ခရစ်နှစ် အစောပိုင်းကတည်းကပင် မြန်မာနိုင်ငံကို ဖြတ်သန်းလျက် တရုတ်ပြည်မှ အိန္ဒိယ ပြည်သို့ဖောက်လုပ်ထား သော သေရေခေတ္တရာ မြို့ဟောင်းကြီးကို ဖြတ်သမ်းဖောက်လုပ် ထားသော ကုန်သွယ်ရေး လမ်းမကြီးက သက်သေခံ လျက်ရှိ သည် ။ ထို့ကြောင့် ထိုနိုင်ငံကြီးနှစ်ခု၏ စာအရေးအသား ၊ဘာသာစကား ၊ယဉ်ကျေး မှု အလေ့အထ ၊ဝတ်စားဆင်ယင်ခြင်း ၊ ယုံကြည်ကိုးကွယ်မှု ရရှိခြင်း အပါအဝင် အခြားသော ရိုးရာအတတ်ပညာများ ဆင်တူမှု ရှိနေမည်မှာ ဧကန်မလွဲပေ ။ ဤသို့ဆင်တူမှု ရှိနေရုံမျှ နှင့် ထိုနိုင်ငံကြီး တို့မှ လူမျိုးများ သည်ဇာတိဒေသမှ ပြောင်းရွှေ့ လာပြီး မြန်မာများအဖြစ် ဤမြေတွင် အခြေချသည် ဟု မပြော နိုင်ပြန်ပေ ။ ထို့ကြောင့် သုတေသန သမိုင်းသည် ယူဆချက် အသစ်ပေါ်လာတိုင်း ယခင်ယူဆချက်များနှင့် တိုက်ဆိုင်စစ်ဆေး သုံးသပ် သင့်ပေသည် ဟူသော အသိတရပ်ထပ်တိုးလာပါသည်။ ထို့ နောက် မြန်မာနိုင်ငံ၏ သမိုင်းအထွေထွေ သည် ပျူတို့ ၏သမိုင်း၊မွန်တို့ ၏သမိုင်း၊ ရခိုင်တို့ ၏သမိုင်း၊ ရှမ်းတို့ ၏သမိုင်း တို့ နှင့်  ဆက်စပ်လျက် ရှိရာ လူမျိုးတစ်မျိုး၏ သမိုင်းကြောင်းကိုသာ သီးသန့်  ထားလေ့လာ၍ မရ ထိုလူမျိုး အသီးသီးတို့ ၏ ရှေးရာဇဝင်သမိုင်းကြောင်း ကိုပါ တွဲဖက်လေ့လာ သင့်သည် ဟူ၍လည်း တဖြေးဖြေး သဘောပေါက် လာမိပေသည်။

  စာရေးသူသည် အမှန်တကယ်တမ်းတော့ လမ်းခုလတ်တွင် ရောက်နေပါသည် ။ နက်နဲသော ပညာရပ်ကိုမှလေ့လာမိလျက် သားဖြစ်နေပါသည် ။ နောက်ထပ်ကြုံရသော အတွေ့အကြုံတစ် ခုမှာ အင်္ဂလိပ် ဘာသာဖြင့် ရေးထားသော စာအုပ် /စာတမ်းများ ဖြစ်သည် ။ ထားခဲ့၍မရပါ ။ နိုင်ငံရပ်ခြား လူမျိုးများ ၏ အမြင်နှင့် အယူအဆ သည်လည်း အင်မတန် အရေးကြီး ပြန်ပါသည် ။၎င်း တို့သည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ စာအုပ်၊ စာတမ်းများ ရေး သောအခါ ပြည်ပမှ နိုင်ငံခြားသားပညာရှင်များ ၏မြန်မာနိုင်ငံ ဆိုင်ရာ စာအုပ်များကိုသာကိုးကားလေ့ရှိသည်ကိုလည်း လေ့ လာမိပြန်ပါသည်။ ထိုကိုးကားရာ စာအုပ်များသည် မည်မျှပင် ခေတ်နောက်ကျစေကာမူ ၎င်း တို့ နိုင်ငံခြားသား ပညာရှင်အ ချင်းချင်းကိုသာ ယုံ ကြည်မှုထား၍ သော်လည်းကောင်း၊ ပညာ ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု ကို အလေးအနက် ပြု၍သော် လည်း ကောင်း၊ ၎င်းတို့အတွက် လက်လှမ်းမီရာဖြစ်စေ ၍သော်လည်း ကောင်း ပြည်ပရှိ နိုင်ငံခြားသားပညာရှင်များ၏ သက်ဆိုင်ရာ စာ အုပ်၊ စာတမ်းများကိုပင် မှီငြမ်းကိုးကားလေ့ရှိပါသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံ သမိုင်းဆိုင်ရာ အထောက်အထားများကို ကိုးကား ဖော်ပြထား သော သမိုင်းဆိုင်ရာအလွဲများစွာကိုမူ ဘာသာစကား ဆိုင်ရာအားနည်းချက်၊ အပြည်ပြည်ဆိုင်ရာ ပေါက်မြောက်မှု နည်းပါးခြင်း ၊ ပြည်တွင်းပိုင်း ဆိုင်ရာ အထွေထွေပြဿနာများ စသည်ဖြင့်စာရေးသူ ဥာဏ်မီသလောက် ကိစ္စရပ်လေးများ ကြောင့် ထိရောက်စွာပြန်လည် ချေပနိုင်ခြင်းမရှိသေးပေ။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ၏ သမိုင်းအစစ်အမှန်ကို မြန်မာ့သမိုင်း ပညာရှင်များ အတူတကွပူးပေါင်း၍ ဖော်ထုတ်ပြီးလျှင် နိုင်ငံတ ကာသို့ အစမ်းသပ် အစစ်ဆေးခံနိုင်ကြောင်း သက်သေပြနိုင်ရန် ကြိုးစားလျှင် အင်မတန် ကောင်းပေလိမ့်မည်ဟု ထင်မြင်မိပေ သည်။ အစိုးရအပိုင်းမှလည်း ပထမအဆင့် အမျိုးသားရေး ကိစ္စ အနေဖြင့် ခံယူလျှက် လိုအပ်သည်များကို လက်ရှိထက်ပံ့ပိုးပေး စေချင်မိသည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။

စာရေးသူသည် သမိုင်းဖြစ်ရပ်များအပေါ် ဇာတ်အိမ်တည်ထားသော သမိုင်း ဝတ္ထုများကို နှစ်ခြိုက်သဘောကျခဲ့ရာမှ စာရေးဆရာ အသီးသီးတို့ သရုပ်ဖော်ထားသော ရှေးဇာတ်ဆောင်များ၏ စွဲဆောင်ရာကို လိုက်ပါယင်း မြန်မာတို့၏ ခေတ်ဟောင်း နေထိုင်မှုကို စိတ်ပါဝင်စားလာမိပါသည်။ အမှန်ဝန်ခံရပါလျှင်မူ ထိုဝတ္ထုဇာတ်လမ်းတို့မှာ မြန်မာတို့၏ ဧသည်မရွေး သမိုင်းအမှန် တရားများဟုထင်မြင်ထားခဲ့ပါသည်။ထို့ပြင် စာရေးသူ သည် သမိုင်းပညာရှင်မဟုတ်ပေ။ စာဖတ်ဝါသနာထုံ၍ သမိုင်းဘာသာ ရပ်ကို စိတ်ဝင်စားခြင်းသက်သက်သာဖြစ်ပါ သည်။စာရေးသူတို့  ငယ်စဉ်က နားထောင်ခဲ့ရသည့် ပုံပြင်များကိုပင် လွန်လေပြီးသော ကာလက ဖြစ်ပျက် ခဲ့သောကိစ္စများအား နားထောင်ကောင်းအောင် ဖွဲ့ဆိုထားသဖြင့် စိတ်ဝင်စားနေရ သည်မဟုတ်ပါလား။ ထို့ပြင် လူတို့သည် မမြင်ရ သောအရာကို ကြောက်ရွံ့တတ်၍ မကြုံလိုက်သောကိစ္စများကို အထူးစိတ်ဝင် စားတတ်သည်မှာ ဓမ္မတာ ဖြစ်သည်။ဤသို့ဖြင့် အစကောင်းဟု မဆိုနိုင်သော်ငြား စိတ်ပါလက်ပါ လေ့လာမိသောအခါ စာရေးသူ ၏ စိတ်သဏ္ဍာန် နှင့် ထပ်တူကျ၍ ပျော်ရွှင်ကျေနပ်မိသောကြောင့် ဖတ်မှတ်မိ သမျှကို စာရေးသူနှင့် ထပ်တူစိတ်ပါဝင်စားသော မိတ်ဆွေများ အတွက် ဝေမျှပေးဖို့ ဆန္ဒရှိပါ သည်။ နှစ်သစ်မှာ အားလုံးရွှင်လန်း၍ လိုအင်ဆန္ဒပြည့်စေ ကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။
 သျှင်လေ ညင်း ။ (၁၇၊၄၊၂၀၁၃) နှစ်ဆန်းတစ်ရက်နေ့။
 photo credit to : Ko Kyaw Thu.

AddThis